ရန်ကုန် ဇွန် ၁၅
ဖလံတောင်ဝှေးကို မြန်မာပြည်၏ အချို့ဒေသများတွင် ကလန်တောင်ဝှေး ဟုခေါ်ကြသည်။ Costaceae Family တွင် ပါပြီး၊ ရုက္ခဗေဒအခေါ်အရ Costus speciosus Smith ဟုခေါ်သည်။ Zingiberaceae မျိုးနွယ်ဖြစ်ကာ၊ Spiral ဂျင်းအုပ်စု မျိုးရင်းဝင် ဖြစ်သည်။ ဟင်ဒီဘာသာဖြင့် keukand ဟု ခေါ်ကြပြီး၊ ဆင်ဟာလာ(သီရိလင်္ကာဘာသာ)ဖြင့် Thebu ဟု ခေါ်ဆိုကြသည်။ spiral ginger ဟုလည်းခေါ်သည်။ ကမ္ဘာနှင့်အဝှမ်းတွင်မျိုးစိတ်ပေါင်း (၄၅) ခု ခန့်နှင့် မျိုးကွဲပေါင်း (၈၀) ခန့်တွေ့ရှိရသည်။ ပုံမှန်အားဖြင့် အရိပ်ကိုကြိုက်နှစ်သက်ပြီး အချို့မျိုးကွဲများမှာ နေရောင်ဒဏ်ကိုခံနိုင်ရည်ရှိသည်။
အရှေ့တောင်အရှနိုင်ငံများ၏ မိုးဥတုတွင်များစွာ ဖြစ်ထွန်းပေါက်ရောက်သည်။ ကောင်းစွာဖြစ်ထွန်း သည်။ တရုတ်၊ သီရိလင်္ကာ၊ အိန္ဒိယ၊ မြန်မာ၊ အင်ဒိုနီးရှား၊ ဖီဂျီကျွန်းစု၊ ဟာဝိုင်အီကျွန်းစုနှင့် နီကိုဘာကျွန်းစုတို့တွင် အနှံ့အပြားပေါက်ရောက်သည်။ ငှက်သတ္တဝါတို့မှ စားသုံး သယ်ဆောင်ခြင်းကြောင့် ကမ္ဘာ့အပူပိုင်းဒေသ အနှံ့အပြားတွင် ပေါက်ရောက်လာခြင်းဖြစ်သည်။
အပင်သည် လှပတင့်တယ်သော သစ်ပင်ပျော့မျိုးဖြစ်သည်။ ပင်စည်မှာ နီညိုရောင် ဖြစ်သည်။ ၄ - ၁၀ ပေ အထိ မြင့်သည်။ အရွက်မှာ ငှက်တောင်ပုံဖြစ်ပြီး ထိပ်ချွန်သည်။ ၉ လက်မခန့် ရှည်သည်။ ပန်းခိုင်ထိပ်ဖျားမှထွက်၍ ကတော့ပုံသဏ္ဌာန် ပန်းခိုင်ဖြစ်သည်။ ၃ လက်မခန့်ရှည်၍ နီသောပွင့်ခံရွက်များပါရှိသည်။ အပွင့်မှာ အဖြူဆွတ်ဆွတ် နုနယ်၍ လှိုင်းတွန့်ကဲ့သို့ ကတော့ပုံ ဖြစ်သည်။ အပွင့်သည်ကြီး၍ အချင်း ၃ လက်မခွဲခန့်ရှိပြီး ၂ လက်မခန့် အရှည်ရှိသည်။ သို့သော်အချို့သော မျိုးကွဲ များတွင် အပွင့်မှာ အဖြူနှင့်အစိမ်းကျား အရောင်ရှိသည်။
ဖလံတောင်ဝှေး ဟင်းလျာများ
ယခုလို မိုးတွင်းကာလများတွင်သာတွေ့ရသော ရာသီစာ ဖလံတောင်ဝှေးပင်တွေကို အိမ်ရှင်မများက ပေါ်ဦးပေါ်ဖျားဝယ်ကြပြီး အရသာရှိရှိ ကြော်လှော်ချက်ကြသည်။ ဖလံတောင်ဝှေးကို အပူပေး ချက်ပြုတ်လိုက်သောအခါ ထွက်ရှိလာသော အနံ့လေးက နှစ်သက်သူများအဖို့ သွားရည်ယိုစရာဖြစ်သည်။ အပင်၏ ရင့်သောအပိုင်းကို ဖဲ့ချွေပြီးနောက်၊ ဖလံတောင်ဝှေး နုနုတွေကို ငရုတ်ကျည်ပွေ့နဲ့ထု၊ ဓား နှင့်သင့်ရုံပိုင်းဖြတ်၍ ကြက်သွန်ဖြူဆီသတ်ကာ ကြော်စားကြသည်။ ဖလံတောင်ဝှေးကို သူ့ချည်း သက်သက် အဖြူထည်လေးကြော်၍လည်းကောင်း၊ ပုဇွန်ထဲ့ကြော်၍လည်းကောင်း၊ အချဉ်ကြိုက်တတ်သူများကလည်း ဒယ်အိုးထဲ ဖလံတောင်ဝှေး နွမ်းလာသောအခါ ကင်ပွန်းချဉ်ရွက် လက်တစ်ဆုပ်ခန့် အိုးထဲထည့်လှိမ့်၍ အရသာရှိရှိ ကြော်စားကြသည်။
ဆေးဖက်ဝင် ဖလံတောင်ဝှေးပင်
- Costus Speciosus တွင် Antidiabetic နှင့် antilipidemic ဓါတ်ပြည့်ဝစွာပါဝင်သည့်အတွက် ဖလှံတောင်ဝှေးဥကို အခြောက်ခံ အမှုန့်ပြုလုပ်၍ နေ့စဉ်ပုံမှန်သောက်သုံးပါက ဆီးချိုရောဂါကို ပျောက်ကင်းစေပြီး ခန္ဓာကိုယ်အတွင်းမှ မလိုလားအပ်သော အဆီများကိုလည်း ခြေဖျက်စေနိုင်သည်။
- သျှတြ ကျမ်းအဆိုအရ ပန်းနာရင်ကျပ်ရောဂါကိုပျောက်ကင်းစေကြောင်း၊ ယားနာ (rash)၊ လည်ချောင်းနာ (bronchitis) နှင့် အူလမ်းကြောင်းအတွင်းမှ သံကောင် တုပ်ပိုး (intestinal worms)များကို သေစေနိုင်ပြီး ကာမအားကိုတိုးစေနိုင်ကြောင်း သိရသည်။
- ပင်ကိုယ်သဘာဝက ဆေးစွမ်းထက်သဖြင့် နားပြည်ယိုခြင်းနှင့် နားကိုက်ခြင်းတို့အတွက် အသုံးဝင်လှသည်။ ဖလံတောင်ဝှေးအပင်၏ အပါ်ယံအခွံကိုခွာပြီး၊ ခပ်နွမ်းနွမ်းဖြစ်သွားအောင် မီးကင်၍ အအေးခံပြီး အရည်ညှစ်ယူထားပါ။ ရလာသော ထိုဖလံတောင်ဝှေးအရည် ၄ စက်ခန့်ကို နားထဲ့သို့ တစ်နေ့ ၅ ကြိမ်မျှ ထဲ့ပေးခြင်းဖြင့် နားပြည်ယိုခြင်းနှင့် နားကိုက်ခြင်းတို့ကို သက်သာပျောက်ကင်းစေနိုင်သည်။
- ရှေးလူကြီးများက ဖလံတောင်ဝှေးပင်အမြစ်ကို ထောင်းထု၍ နှာစေး၊ ချောင်းဆိုး၊ အဖျား၊ အစာမကြေ၊ လေနာ၊ အရေပြားရောဂါ၊ မြွေကိုက်ခြင်းတို့အတွက် ဆေးမြီးတိုအဖြစ် ကုသပျောက်ကင်းလေ့ရှိကြသည်။
- အမျိုးသမီးရောဂါများဖြစ်ကြသော သားအိမ်လျော၊ သားအိမ်ကျ၊ သားအိမ်အောင့်ခြင်းနှင့် အမျိုးသား ရောဂါများဖြစ်ကြသော အူကျခြင်း၊ တိုနာရောဂါတို့အတွက် ဖလှံတောင်ဝှေးပင်ကို အခြောက်လှန်း၊ အမှုန့်ပြုလုပ်၍ အုန်းဆီနှင့် ရောဖျော်ပြီး စအို နှင့် ဆီးစပ်ပေါ်ကို လိမ်းထားခြင်းဖြင့် ပျောက်ကင်းစေနိုင်သည်။ ထို့ပြင် အမျိုးသမီးတွေမှာအဖြစ်များသော ရင်းသားအဆီအကျိတ်ဖုအတွက် ဖလှံတောင်ဝှေးပင် တစ်ပင်လုံးကိုထုခြေ၍ အကျိတ်ပေါ်အုံပေးပြီး၊ အဝတ်စည်းပေးခြင်းဖြင့် အကျိတ်ကျေစေသည်။
- အမျှင်ဓာတ်ကြွယ်ဝသော ဖလံတောင်ဝှေးကို မကြာခဏ ချက်စားပေးခြင်းဖြင့် ဝမ်းချုပ်ခြင်းကို မဖြစ်စေတော့ပေ။
- အမျိုးသားများ ဒူလာရောဂါအတွက် လက်တစ်ဆုပ်စာပမာဏရှိသော ဖလံတောင်ဝှေး အပင်နှင့်အမြစ်တို့ကို သုံးခွက်တစ်ခွက်တင် ကျိုချက်သောက်၍သော်လည်းကောင်း၊ ဖလှံတောင်ဝှေး အမြစ်ဥကို ချင်း၊ သကြား နှင့် ရောစပ် ကျိုချက်၍ သော်လည်းကောင်း တစ်နေ့ နှစ်ကြိမ် သောက်ပေးသင့်သည်။
- အထိုင်များ၍ ခါးနာတတ်သူများ နှင့် ဆီးချိုရောဂါကြောင့် ကျောက်ကပ်ပျက်စီးသူများအတွက် ဖလှံတောင်ဝှေး ပဉ္စငါးပါး(ပင်စည်၊ အမြစ်၊ အရွက်၊ အပွင့်၊ အမြစ်ဥ) တို့ကို ငရုတ်ကောင်း နှစ်စေ့ထည့်၍ ဆူပွက်နေအောင် ကျိုချက် ပြုတ်ကာ သောက်သုံးနိုင်သည်။
- နာလန်ထစလူနာများအတွက် ဖလှံတောင်ဝှေးပင်ကို အခြောက်မှုန့်ပြု၍ ပျားရည်၊ ထောပတ်နှင့် တေ၍ ညအိပ်ယာ ဝင်ခါးနီးတိုင်း လက်ဖက်ရည်ဇွန်း တစ်ဇွန်း မှန်မှန်စားသုံးပေးခြင်းခြင့် ရက်သတ္တပတ်အနည်းငယ်အတွင်းမှာပင် သိသိသာသာ ခွန်အား ပြည့်လာစေသည်။
- ဆေးဖက်ဝင် ဖလံတောင်ဝှေးပင်များကို ရောဂါအမျိုးမျိုးအတွက် အောက်ပါအတိုင်း ချက်စားနိုင်သည်။
- နို့တိုက်မိခင်များတွင် ဖြစ်လေ့ရှိသော နို့မထွက်ခြင်း၊ နို့ပူခြင်း၊ ယားယံခြင်း၊ နို့အနာပေါက်ခြင်း၊ နို့ချောင်းပိတ်ခြင်း၊ သကျည်းကိုက်ခြင်း စသည် ပြဿနာများအတွက် ဖလှံတောင်ဝှေးကို မကြာခဏ ဟင်းခါးချက် စားပေးပါ။
- နှမ်းဆီစစ်စစ်ဖြင့်ကြော်ပါ။ ချောင်းဆိုးရောဂါ နှင့် နှလုံးအားနည်း၍ နှလုံးတုန်ရောဂါ တို့ကိုသက်သာ စေနိုင်သည်။
- ငါးခူ နှင့်ရော၍ချက်စားပါ။ ကာမအားကို တိုးပွားစေနိုင်သည်။
- ငါးသိုင်း (သို့မဟုတ်) ပုစွန်နှင့်ရော၍ ချက်စားပါ။ သွေးဝမ်းရောဂါကို ပျောက်စေသည်။
- အမဲသားနှင့်ချက်စားပါ။ ဆီးရွှင်၍ ကျောက်ကပ်ကို ကျန်းမာစေသည်။
- ရေကြက်သားနှင့် ချက်စားပါ။ ဆီးကျောက်တည်၊ ဆီးပူ၊ ဆီးအောင့်၊ ဆီးအားနည်း၊ ဆီးကျန်၊ ဆီးဝါခြင်း တို့ကို ပျောက်ကင်းစေနိုင်သည်။
- ပုစွန်စုတ်ဖွား(ပုစွန်ဆိတ်)နှင့် ကြော်စားပါ။ လိပ်ခေါင်းသွေးကျခြင်းကို သက်သာစေသည်။
- ကင်ပွန်းချဉ်ရွက်ဖြင့် ကြော်စားပါ။ ဆံပင်ဖြူခြင်း နှင့် သွေးဆုံးကိုင်ဝေဒနာကို သက်သာစေသည်။
ပေါက်ပေါက်