ရန်ကုန် ဇွန် ၁၅
ယခုနှစ်တွင် တက္ကသိုလ်ဝင်တန်းအောင်စာရင်းများ ထုတ်ပြန်ကြေညာသောအခါပုံစံသုံးမျိုးဖြင့် ထုတ်ပြန်သွားရန် စီစဉ်ထားကြောင်း အခြေခံပညာ ဦးစီးဌာနမှ သိရသည်။
အောင်စာရင်းစာရွက်ကပ်ခြင်း၊ ရေဒီယိုမှကြေညာပေးခြင်းနှင့် အွန်လိုင်းမှတစ်ဆင့် ကြေညာပေးခြင်း စသည့်ပုံစံသုံးမျိုးဖြင့် ကျောင်းသား၊ကျောင်းသူများနှင့် မိဘအုပ်ထိန်းသူများ အလွယ်တကူ သိရှိနိုင်စေရန် ထုတ်ပြန်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ယင်းသို့ ထုတ်ပြန်ရာတွင် ပုံမှန်အောင်စာရင်းစာရွက်ကပ်ခြင်းများကို သက်ဆိုင်ရာကျောင်းများတွင် ဆောင်ရွက်သွားမည့်အပြင် အစိုးရရေဒီယိုလိုင်း မှတစ်ဆင့် ကြေညာပေးခြင်းနှင့် ပညာရေးဝန်ကြီးဌာန၏ တရားဝင်အွန်လိုင်းစာမျက်နှာတွင်ကြေညာပေးခြင်းတို့ကိုလည်း ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
၂၀၁၉-၂၀၂၀ ပညာသင်နှစ်အတွက် တက္ကသိုလ်ဝင်တန်း အောင်စာရင်းများကို ယခုနှစ်၊ သြဂုတ်လအတွင်း ထုတ်ပြန်နိုင်စေရန် ရည်မှန်းထားပြီး အဆိုပါ အောင်စာရင်းထွက်မည့်အချိန်တွင် ပြည်တွင်း၌ ကိုရိုနာဗိုင်းရပ်စ် ရောဂါ(COVID-19) ကူးစက်ပြန့်ပွားမှု အခြေအနေအပေါ်မူတည်ကာ အကောင်းဆုံး စီစဉ်ဆောင်ရွက်သွား မည်ဖြစ်ကြောင်း အခြေခံပညာဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
Online သုံးစွဲနိုင်သော ကျောင်းသား၊ကျောင်းသူများအနေနှင့်အွန်လိုင်းမှတစ်ဆင့် အောင်စာရင်းကြည့် နိုင်သလို Online မသုံးစွဲနိုင်သူများ အနေ နှင့်လည်း ရေဒီယိုမှနားထောင်နိုင်စေရန်နှင့် သက်ဆိုင်ရာကျောင်း များတွင် Social Distancing စည်းကမ်းချက်များနှင့်အညီ သွားရောက်ကြည့်ရှုနိုင်စေရန်စနစ်တကျ ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
(ဆောင်းဦး)