နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ပို့ကုန် ၉၀ ရာခိုင်နှုန်းခန့်ကို လုပ်ငန်းလိုင်စင်လျှောက်ရန်မလိုဘဲ တင်ပို့နိုင်တော့မည်

ရန်ကုန် ဇွန် ၁၄


ပြည်တွင်းရှိ ပို့ကုန်များအနက် ပို့ကုန် ၉၀ ရာခိုင်နှုန်းခန့်ကို လုပ်ငန်းလိုင်စင်လျှောက်ထားရန် မလိုဘဲ တင်ပို့နိုင်ရန် ဖြေလျှော့ကာ လုပ်ဆောင်ပေးသွားဖို့ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက စီစဉ်ထားကြောင်း အဆိုပါဝန်ကြီးဌာနမှ ကုန်သွယ်ရေးဆိုင်ရာတာဝန်ရှိသူတစ်ဦးထံမှ သိရသည်။


ပြည်တွင်းလုပ်ငန်းရှင်များမှ ပို့ကုန်လိုင်စင်လျှောက်ထားသော ကုန်စည်လိုင်း ၃၃၀ဝ ကျော်အနက်မှ ၉၀ ရာခိုင်နှုန်းခန့်ကို ပို့ကုန်လိုင်စင်လျှောက်ထားရန် မလိုအပ်သော ကုန်စည်များအဖြစ် ယခုလအတွင်း ဖြေလျှော့ပေးသွားရန် စီစဉ်ထားကြောင်းကို စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက စီစဉ်ထားခြင်းလည်း ဖြစ်သည်ဟု သိရသည်။ “ပို့ကုန်လိုင်စင်လျှောက်ထားဖို့ မလိုပေမယ့် ကုန်စည် ရှင်းလင်းရေး လုပ်ငန်းစဉ်ကိစ္စရပ်တွေကိုတော့ Custom ဌာနနဲ့ ဆောင်ရွက်ရမယ်၊ ဒီဘက်ကတော့ ဖြေလျှော့ ပေးမှာ ဖြစ်ပါတယ်”ဟု ၄င်းက ရှင်းပြသည်။


စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက ယခုလိုဆောင်ရွက်ပေးရန် စီစဉ်လာသော်လည်း အကောက်ခွန်ဌာနဘက်အခြမ်းမှလည်း ဖြေလျှော့ပေးမှုများကိုလိုလားနေကြောင်း၊ ယင်းသို့ဖြေလျှော့ လုပ်ဆောင်မှုများဖြင့် လုပ်ငန်းများ မြန်မြန်ဆန်ဆန်ပြန်လည် လည်ပတ်နိုင်ကာ များစွာအကျိုးရှိစေမည် ဟုလည်း ပြည်တွင်းရှိပို့ကုန်လုပ်ငန်းရှင်တစ်ဦးဖြစ်သူ ဦးမျိုးလွင်က ပြောကြားသည်။ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနက ကုန်စည်လိုင်း ၁၀၇၉ လိုင်းကို လိုင်စင်လျှောက်ထားရန် မလိုအပ်သော ကုန်စည်လိုင်းအဖြစ် ပြီးခဲ့သည့်နှစ်ကာလအတွင်းကလည်း သတ်မှတ်ဖြေလျှော့ပေးခဲ့သလို ယခုတစ်ဖန် ဆက်လက် ဖြေလျှော့မှုများလုပ်ဆောင်ရန် စီစဉ်ထားကြောင်း သိရသည်။


ထိုသို့ ၉၀ ရာခိုင်နှုန်းကို ဖြေလျှော့လိုက်ပါက ကျန်ရှိသည့် ၁၀ ရာခိုင်နှုန်းတွင် တိရစ္ဆာန်နှင့် တိရစ္ဆာန်ထွက် ပစ္စည်းများ၊ ငါးမျိုးစေ့များ၊ ဆေးဖက်ဝင်အပင်များနှင့် အမြစ်များ၊ သစ်တောထွက်ပစ္စည်းများ၊ သတ္တုတွင်းထွက် ပစ္စည်းများ၊ ဓာတုပစ္စည်းများနှင့် လူ၊ တိရစ္ဆာန်၊ ကျန်းမာရေးနှင့် သက်ဆိုင်သော ကုန်စည်လိုင်းများ ပါဝင်ကာ ပို့ကုန်အမယ် ၁၂၀ဝ ကျော်သာကျန်ရှိနေသလို ယင်းတို့မှာမူ ပို့ကုန်လိုင်စင်လျှောက်ထားရန်လိုအပ်မည်ဟု သိရသည်။             


(HK)






အခြားဆက်စပ်သတင်းများ