နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ငလျင်အန္တရာယ်နှင့် သဘာဝဘေး

သဘာဝဘေးဟူသည် ရှောင်လွှဲ၍မရသည့် ဘေးအန္တရာယ် တစ်ခုဖြစ်ပြီး မြန်မာနိုင်ငံတွင်သာမက ကမ္ဘာ့နိုင်ငံတိုင်းတွင် သဘာဝဘေးဒဏ်များကို ခံစားရလေ့ရှိသည်။ 

အင်ဒိုနီးရှားနိုင်ငံ အနောက်ဂျားမားပြည်နယ်၌ နိုဝင်ဘာ ၂၁ ရက်က ပြင်းအား ၅ ဒသမ ၆ အဆင့်ရှိ ငလျင်တစ်ခု လှုပ်ခတ်မှုဖြစ်ပွားရာ ၆၂ ဦးထက်မနည်းသေဆုံးကာ ၂၅ ဦး ပျောက်ဆုံးနေဆဲဖြစ်ပြီး အခြား ၇၀၀ ခန့် ထိခိုက်ဒဏ်ရာ ရရှိခဲ့ပြီး လူပေါင်း ၅၀၀ ကျော်ကို ဘေးလွတ်ရာပြောင်းရွှေ့  ပေးခဲ့ရပြီး လူနေအိမ်နှင့်အဆောက်အအုံများ တံတားတစ်စင်း လည်းပျက်စီးခဲ့ရကြောင်း သိရသည်။ 

နိုဝင်ဘာ ၂၂ ရက် မြန်မာစံတော်ချိန် ၈ နာရီ ၃၅ မိနစ် ပါပူအာနယူးဂီနီကျွန်းအရှေ့ပိုင်း ဆော်လမွန်ပင်လယ်အော် တွင် ပြင်းအားရစ်ချ်တာစကေး ၆ ဒသမ ၂ အင်အားပြင်းငလျင် လှုပ်ခတ်ခဲ့သည်။ 

မြန်မာနိုင်ငံအတွင်းတည်ရှိသော   ပြတ်ရွေ့ကြောများ အနက် နိုင်ငံတကာမြေငလျင်နှင့် ဘူမိဗေဒပညာရှင်များ သိရှိစိတ်ဝင်စားကြသော မိုင် ၆၀၀ ကျော်ရှည်လျားသည့် စစ်ကိုင်းပြတ်ရွေ့ကြောသည် မြန်မာနိုင်ငံအလယ်မှပြတ်၍ တောင်မြောက်တန်းလျက် အနေအထားဖြင့်တည်ရှိနေသည်။ 

၁၉၃၀ ပြည့်နှစ်ငလျင်ဘေးကြောင့် ပဲခူး၌ လူပေါင်း ၅၀၀ ကျော်၊ ရန်ကုန်မြို့တွင် လူပေါင်း ၅၀ ခန့်သေဆုံးခဲ့ကြောင်း ငလျင်မှတ်တမ်းများအရ သိရှိရသည်။ ငလျင်၏သဘော သဘာဝအရ  ငလျင်ကြီးများလှုပ်ဖူးသောနေရာများတွင် ငလျင်ငယ်များနောက်ဆက်တွဲလှုပ်ခတ်လေ့ရှိကြောင်းနှင့်  ပဲခူးမြို့ငလျင်အန္တရာယ်ကြုံတွေခဲ့သည်မှာ နှစ် ၉၀ ကျော် ကြာမြင့်ခဲ့သော်လည်း သတိပြုရမည့်ကာလရောက်ရှိလာ သည်။ 

မြေငလျင်လှုပ်ရှားခြင်းသည်  ကြိုတင်ခန့်မှန်းမရသော သဘာဝဘေးတစ်ခုဖြစ်ပြီး     ငလျင်ဒဏ်ကြီးမားသော်             ပျက်စီးဆုံးရှုံးမှုများတတ်သကဲ့သို့   လူအသေအပျောက် ထိခိုက်ဒဏ်ရာ များစွာဖြစ်ပေါ်တတ်သည်။ မြေငလျင် လှုပ်ရှားမှုကို ကြိုတင်ခန့်မှန်းမရနိုင်သော်လည်း မြေငလျင် ကြောအနီးတွင်နေထိုင်ပါက မြေငလျင်ဘေးဒဏ်မှ ကင်းဝေး စေရန် ကြိုတင်ပြင်ဆင်မှုများဆောင်ရွက်ထားရန် လိုအပ် သည်။ 

ငလျင်ဘေးဒဏ်ကျရောက်ပြီးသည်နှင့်တစ်ပြိုင်နက် ကယ်ဆယ်ကုသရေးလုပ်ငန်းများ အချိန်နှင့်တစ်ပြေးညီ ဆောင်ရွက်ကြရသည်။ သဘာဝဘေးများကို ထိခိုက်ပျက်စီး ဆုံးရှုံးမှုနည်းနိုင်သမျှနည်းပါးအောင် ကြိုတင်ပြင်ဆင်မှုများ ဖြင့် ကာကွယ်စောင့်ရှောက်ကြရသည်ကို အလေးအနက် ထားစေချင်ကြောင်း တိုက်တွန်းရပေသည်။






အခြားဆက်စပ်သတင်းများ