နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
မြို့တော်သတင်း ၃၃ နှစ်မြောက်မှသည် ရွှေရတုဆီသို့ အောင်မြင်စေကြောင်း ဆုမွန်တောင်း

မျက်မှောက်ကာလ ကမ္ဘာတစ်ဝန်းတွင် သတင်းအချက်အလက် နှင့် မီဒီယာပညာရပ်များ တစ်နေ့တခြား တိုးတက်ပြောင်းလဲလျက် ရှိသည်။ သတင်းအချက်အလက်နှင့် မီဒီယာပညာရပ်သည် နိုင်ငံတော်ဖွံ့ဖြိုးတိုးတက် တည်ငြိမ်အေးချမ်းရေးအတွက် အရေးပါ သော အခန်းကဏ္ဍမှ ပါဝင်သည်။

နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးအတွက် အရေးကြီးသည်မှာ လူသားစွမ်းရည်ဖြစ်သည်။ လူသားစွမ်းရည်ပြည့်ဝရန် လူငယ် လူရွယ်များသည် သတင်းအချက်အလက်နှင့် မီဒီယာနည်းလမ်း များကို လေ့လာခြင်းဖြင့် ပိုမိုခေတ်မီတိုးတက်အောင် ကြိုးပမ်း ကြရမည် ဖြစ်သည်။

လူတစ်ဦးအနေဖြင့် အတွေးမှန်၊ အသိမှန်၊ ဆုံးဖြတ်ချက် မှန်ကန်စွာလုပ်ကိုင် ဆောင်ရွက်နိုင်ရန် ပင်မရေသောက်မြစ်ကြီး သည် ဗဟုသုတနှင့် အတွေ့အကြုံများပင် ဖြစ်သည်။ ယင်းကို သတင်းစာများက တစ်စိတ်ပိုင်းအထောက်အကူပြုသည်။ သတင်းအမှန်များကို ပြည်သူများသိရှိအောင် ရေးသားဖော်ပြ ရန် လိုအပ်သကဲ့သို့ နိုင်ငံပိုင်သတင်းစာများကလည်း နိုင်ငံ အတွက် အကျိုးပြုသတင်းများ ဖော်ပြရန်လိုအပ်သည်။ 

ယနေ့အချိန်အခါတွင် လူမှုကွန်ရက်များတွင် သတင်းအတု၊ သတင်းအမှားများ ကောလာဟလများ၊ မှန်ကန်မှုမရှိသော လုပ်ကြံဖန်တီးသတင်းများအား တင်နေကြသည်ကို တွေ့ရသည်။ ယင်းအခြေအနေတွင် သတင်းအချက်အလက်မှန်ကန်စွာနှင့် ဖြစ်ရပ်မှန်များကို ထည့်သွင်းဖော်ပြရန် သတင်းများကို ကိုင်တွယ် နေသော ပုဂ္ဂိုလ်များက ချစ်ခြင်း၊ မုန်းခြင်း၊ အာဃာတ တရား ကင်းစွာဖြင့် တည့်မတ်မှန်ကန်စွာ လမ်းကြောင်းကို လျှောက်လှမ်းရန် လိုအပ်သည်။

သတင်းစာပညာဆိုသည်မှာ ခက်ခဲနက်နဲသည်။ မှန်တစ်ချပ်ကို ကြည့်ရသကဲ့သို့ ကိုယ့်မျက်နှာ ကိုယ်ပြန်မြင်နေရသည်။ ကိုယ့် မျက်နှာကြည်ကြည်လင်လင်၊ သန့်သန့်ရှင်းရှင်းရှိနေရန် အရေးကြီး သကဲ့သို့ သတင်းများကို  မှန်မှန်ကန်ကန်  ဖော်ပြခြင်းသည် သတင်းစာအောင်မြင်မှုကို ဖော်ပြခြင်းပင်ဖြစ်သည်။

ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ၊ မြို့တော် သတင်းကို ၁၉၉၁ ခုနှစ်၊ နိုဝင်ဘာ ၁၈ ရက်မှ စတင်ထုတ်ဝေခဲ့ရာ ယနေ့ဆိုလျှင် (၃၃)နှစ်သို့ ရောက်ရှိခဲ့ပြီ ဖြစ်သည်။ စတင်ထုတ်ဝေ စဉ်က စာမျက်နှာ ၈ မျက်နှာ ညနေသတင်းစာအဖြစ် ထုတ်ဝေခဲ့ ရာ၊ ၂၀၀၃ ခုနှစ်တွင် စာမျက်နှာ (၁၂) မျက်နှာ၊ ၂၀၁၄ ခုနှစ် ဧပြီ ၁ ရက်တွင် စာမျက်နှာ (၁၆) မျက်နှာ ရောင်စုံသတင်းစာအဖြစ်  ပြောင်းလဲခဲ့ပြီး ၂၀၁၅ ခုနှစ်၊ ဧပြီ ၁ ရက်တွင် စာမျက်နှာ (၂၄) မျက်နှာရောင်စုံသတင်းစာအဖြစ် ထုတ်ဝေခဲ့ပြီး ၂၀၂၀ ပြည့်နှစ်၊ ဇန်နဝါရီ ၁ ရက်မှစတင်၍ ထုတ်ဝေမှုရပ်ဆိုင်းရန် ရန်ကုန် တိုင်းဒေသကြီးအစိုးရက အကြောင်းကြားရပ်ဆိုင်းခဲ့ရာမှ ၂၀၂၁ ခုနှစ်၊ မေလ ၁ ရက်နေ့တွင် စာမျက်နှာ ၁၂ မျက်နှာ ရောင်စုံ ပုံနှိပ်သတင်းစာအဖြစ် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ လက်ထက် ပြန်လည်ထုတ်ဝေခွင့်ပြုခဲ့သည်။

မြို့တော်သတင်းအနေဖြင့် ၃၂ နှစ်တိုင် မပျက်မယွင်းရပ်တည် နိုင်ခဲ့ခြင်းကို မြို့တော်သတင်းက ဂုဏ်ယူပါသည်။ မြို့တော်သတင်း အရည်အသွေးရှိရန်၊ သတင်းမှန်ကန်ရေးနှင့် မြန်ဆန်စွာဖော်ပြ နိုင်ရန် သတင်းအယ်ဒီတာအဖွဲ့ အတွေးအမြင်များ ရှင်သန်ရန်နှင့် သတင်းသမား ပီသရန်၊ ပြည်သူများ၏ လိုအပ်ချက်ကိုဖော်ထုတ် ပေးနေမှုတွင် တွေးခေါ်မှုမြင့်မားရေး ဦးဆောင်ပေးသော တာဝန်ရှိသူများ၏ ကြီးကြပ်ပံ့ပိုးကူညီမှုကို အလေးထားပါသည်။

စာနယ်ဇင်းလောကသားများ၏ ဝိုင်းဝန်းကူညီမှု၊ ဌာန အဖွဲ့အစည်းများမှ ဝိုင်းဝန်းပံ့ပိုးမှု၊ မြို့တော်သတင်းအဖွဲ့သားများ ၏ မဆုတ်မနစ် ကြိုးပမ်းစွမ်းဆောင်မှု၊ သတင်းစာကိုယ်စားလှယ် များ၊ ကြော်ငြာရှင်များ၏ ဖြည့်ဆည်းမှု၊ မြို့တော်သတင်း အရည်အသွေးကောင်းမွန်ရေး    ပုံနှိပ်ဆောင်ရွက်ပေးသော      မြို့တော်ပုံနှိပ်တိုက်ဝန်ထမ်းများ၏ ပံ့ပိုးမှုကြောင့် (၃၃) နှစ်တိုင် ဆက်လက် ရှင်သန်ခြင်း ဖြစ်သည်။

ယနေ့ခေတ်တွင် ခေတ်မီ မီဒီယာလုပ်ငန်းများကို အသုံးချ၍ မြို့တော်သတင်း၏ (၃၃) နှစ်မြောက် မင်္ဂလာအချိန်အခါတွင်               မြို့တော်သတင်းအောင်မြင်ရှင်သန်ရေး ဝိုင်းဝန်းကူညီဖြည့်ဆည်း ပေးကြသူများအားလုံးနှင့် ကျေးဇူးတင်ထိုက်သူအားလုံးကို အထူး ကျေးဇူးတင်ရှိပါကြောင်း ဖော်ပြအပ်ပါသည်။

မြို့တော်သတင်း (၃၃) နှစ်မြောက်မှသည် ရွှေရတုခရီး ဆက်လက်လျှောက်လှမ်းရာတွင် မြို့တော်သတင်း၏ ရည်မှန်း ချက်ဖြစ်သော မှန်ရမည်။ မြန်ရမည်။ ပြည်သူလက်ထဲ အမြန်ဆုံး ရောက်ရှိရေး ဝိုင်းဝန်းပူးပေါင်း ကြိုးပမ်းဆောင်ရွက်စေချင် ကြောင်း။      ။






အခြားဆက်စပ်သတင်းများ