နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
အမျိုးဂုဏ် ဇာတိဂုဏ် မြင့်မားရေး ကြိုးပမ်းဆောင်ရွက်

မြန်မာတို့သည် ရှေးပဝေသဏီကတည်းက ကိုယ့်ထီး၊ ကိုယ့်နန်း၊ ကိုယ့်ကြငှန်းဖြင့် နေထိုင်ခဲ့ကြသော်လည်း ဗြိတိသျှတို့၏ နယ်ချဲ့စနစ်ကြောင့် ၁၈၈၅ ခုနှစ်မှစ၍ သူ့ကျွန်ဘဝရောက်ခဲ့ရ သည်။ နယ်ချဲ့တို့သည် မြန်မာတို့၏ ယဉ်ကျေးမှု၊ ဘာသာစကား၊ ကိုးကွယ်ယုံကြည်မှု၊ ပညာရေးတို့ကို နည်းမျိုးစုံဖြင့် ဖိနှိပ်ချုပ်ချယ် ကာ ကျွန်သက်ရှည်အောင် ပြုလုပ်ဆောင်ရွက်ခဲ့သည်။

မြန်မာတိုင်းရင်းသားတို့သည် သူ့ကျွန်ဘဝမှ လွတ်မြောက်ရန် မျိုးချစ်စိတ်ဓာတ်၊ စည်းလုံးညီညွတ်သော စိတ်ဓာတ်တို့ဖြင့် တွန်းလှန်း၍ မော်ကွန်းတင်ခဲ့ကြသည်။ နယ်ချဲ့ဆန့်ကျင်ရေး၊ အမျိုးသားလွတ်မြောက်ရေး ကြိုးပမ်းမှုများသည် မြန်မာတို့၏ ဇာတိသွေး၊ ဇာတိမာန်များ ပိုမိုတက်ကြွလာစေခဲ့သည်။

၁၉၂၀ ပြည့်နှစ် အောက်တိုဘာ ၂၄ ရက်နေ့တွင် ဗြိတိသျှအစိုးရ က ရန်ကုန်တက္ကသိုလ် အက်ဥပဒေကို အတည်ပြုခဲ့ပြီး ရန်ကုန် ကောလိပ်နှင့် ဂျပ်ဆင်ကောလိပ်နှစ်ခုတို့ပါဝင်ဖွဲ့စည်းကာ ရန်ကုန် တက္ကသိုလ်အဖြစ် ၁၉၂၀ ပြည့်နှစ်၊ ဒီဇင်ဘာ ၁ ရက်တွင် ပြဋ္ဌာန်း၍ မြန်မာလူမျိုးအများစု တက္ကသိုလ်ပညာသင်ယူခွင့်မရအောင် ကန့်သတ်ထားခြင်းကြောင့် ရန်ကုန်တက္ကသိုလ်နှင့် ဂျပ်ဆင် တက္ကသိုလ်ကောလိပ်ကျောင်းသားများက ဆန့်ကျင်ခဲ့ကြပြီး တစ်နိုင်ငံလုံး ထိုလှုပ်ရှားမှုတွင် ပါဝင်ခဲ့ကြသည်။

၁၉၂၀ ပြည့်နှစ် ရန်ကုန်တက္ကသိုလ် အက်ဥ‌ပဒေကို ကျောင်းသား များ ဆန့်ကျင်ကန့်ကွက်ခဲ့သည့် မြန်မာသက္ကရာဇ် ၁၂၈၂ ခုနှစ် တန်ဆောင်မုန်းလပြည့်ကျော် ၁၀ ရက်ကို ၁၉၂၂ ခုနှစ်၊ ဇွန် ၁၇ ရက်နှင့် ၁၈ ရက်တွင် ရန်ကုန်မြို့ ဂျူဗလီဟောတွင် ကျင်းပသော ဂျီစီဘီအေ အထူးကွန်ဖရင့်က "အမျိုးသားနေ့"အဖြစ် သတ်မှတ်ခဲ့ ကြသည်။ 

အမျိုးသားနေ့ကို တိုင်းရင်းသားအားလုံးတို့က အမြတ်တနိုး တန်ဖိုးထားကာ မျိုးချစ်စိတ်ဓာတ် ရှင်သန်ထက်မြက်စေရေး ရည်မှန်းလျက် အမျိုးသားအောင်ပွဲနေ့ အခမ်းအနားများကို နိုင်ငံ တစ်ဝန်းကျင်းပလျက်ရှိရာ ၂၀၂၂ ခုနှစ် ၁၀၂ နှစ်မြောက် အမျိုးသား အောင်ပွဲနေ့ဆောင်ပုဒ်မှာ "နိုင်ငံဘက်စုံဖွံ့ဖြိုးဖို့၊ တိုင်းရင်းသား အားလုံး စည်းလုံးညီညွတ်စို့" ဖြစ်သည်။

နိုင်ငံတော်သည် စစ်မှန်သော မျိုးချစ်စိတ်ဓာတ်ဖြစ်သည့် ပြည်ထောင်စုစိတ်ဓာတ် ရှင်သန်ထက်မြက်ရေး၊ တိုင်းရင်းသား လူမျိုးအပေါင်းတို့၏ ဓလေ့ထုံးတမ်းအစဉ်အလာများကို လေးစား လိုက်နာပြီး အမျိုးသားယဉ်ကျေးမှုစရိုက်လက္ခဏာများ မပျောက် ပျက်အောင် ထိန်းသိမ်းစောင့်ရှောက်ရေးနှင့် တစ်မျိုးသားလုံး ကျန်းမာကြံ့ခိုင်ရေး၊ ပညာရည်မြင့်မားရေးတို့ကို ဦးတည်ဆောင်ရွက် လျက်ရှိသည်။

အမျိုးသားရေးစိတ်ဓာတ်ပျက်ပြားသည်နှင့်အမျှ စည်းလုံး ညီညွတ်မှုနှင့် အေးချမ်းတည်ငြိမ်မှုများလည်း ပျက်ပြားကာ ဖွံ့ဖြိုး တိုးတက်မှုကို ဆုတ်ယုတ်လာနိုင်ရာ အမျိုးသားရေးစိတ်ဓာတ်အမွေ ကို ဆက်လက်ထိန်းသိမ်းစောင့်ရှောက်ခြင်းဖြင့် တိုင်းရင်းသားများ အားလုံး စည်းလုံးညီညွတ်စွာဖြင့် အမျိုးဂုဏ်၊ ဇာတိဂုဏ်မြင့်မားရေး ကို တည်ဆောက်ကြရမည်ဖြစ်ပါကြောင်း။      ။






အခြားဆက်စပ်သတင်းများ