နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ကြက်မသာ၊ ဝက်မသာထက် တန်ဖိုးရှိသော လူမသာ

ဇွန်   ၁၂


“ကြက်မသာ ဝက်မသာ၊ တိရစ္ဆာန် မသာလောက်တောင် အသုံးမဝင်တာ လူမသာ” လို့ ပြောကြတယ်။  

ကုန်းနေ၊ ရေနေ၊ လေနေ တိရစ္ဆာန်အသေကောင်ကို တခုတ်တရ နေ့စဉ်ဈေးဝယ်ကြပါတယ်။ (ကာလပေါက်ဈေးအရ တန်ဖိုးကြီးပေးဝယ်ရတာမျိုးလည်း ရှိပါတယ်။ ဒါကိုလည်း ကျေကျေနပ်နပ်ကြီး ပေးဝယ်ကြပါတယ်) ဝယ်လာတဲ့ တိရစ္ဆာန်အသေကောင်တွေ ထည့်ထားတဲ့ ဈေးခြင်းတောင်းကို အိမ်ရှေ့ပေါက်က ပဲ သယ်လာကြပါတယ်။ ချက်ပြုတ်ပြီး မိသားစုများနဲ့ ပျော်ပျော်ပါးပါး စားသောက်ကြပါတယ်။


လူသေကောင် (လူမသာ) ကတော့ သေပြီဆိုတာနဲ့ မြှုပ်နှံ (သို့မဟုတ်) မီးသင်္ဂြိုဟ်ဖို့ စီစဉ်ရပါပြီ။ ချစ်ရတဲ့ ကျန်ရစ်သူ မိသားစုကလွဲလို့ ထိုလူမသာကို တခြားဘယ်သူကမှ မတို့ချင် မထိချင် မကြည့်ချင်ကြပါဘူး။ (မတို့ရဲ မထိရဲ မကြည့်ရဲတာလည်း ပါတာပေါ့လေ) အယူသီးသူတချို့ကလည်း လူမသာကို မိမိအိမ်ရှေ့၊ မိမိလမ်းက သယ်ချတာကို မနှစ်မြို့ကြပြန်ပါဘူး။ တချို့ကျေးရွာတွေဆိုရင် ဘယ်ရပ်ကွက်ကသေတဲ့ လူမသာကို ဘယ်လမ်းက သယ်ချခွင့်မရှိ၊ ဘယ်သင်္ချိုင်းမှာ မြှုပ်ခွင့်မရှိ၊ တုတ်တပြက် ဓားတပြက် ရန်ပွဲမှသည် လူသတ်ပွဲထိ ပြင်းထန်ကြတာကို သတင်းတွေမှာ မြင်ရဖတ်ရပါတယ်။


ဒါကြောင့်ပဲ -

-         “ကြက်မသာ ဝက်မသာ၊ တိရစ္ဆာန် မသာလောက်တောင် အသုံးမဝင်တာ လူမသာ”  

-         “အသက်မရှိတော့တာနဲ့ တန်ဖိုးမရှိတော့တာ လူ့ဘဝ”လို့ ပြောကြဟန် တူပါတယ်။


ဒီအဆိုကို ကျွန်မ မှားနေတယ်လို့ မဝေဖန်ချင်သလို၊ မှန်လိုက်တာလို့လည်း မထောက်ခံနိုင်ပါဘူး။ ဘာကြောင့်လဲဆိုတော့ လူမသာကို တန်ဖိုးရှိတဲ့ သက်မဲ့ခန္ဓာကိုယ် (dead body) အဖြစ် ချန်ထားခဲ့လို့ရပါတယ်။ လူမျိုးမရွေး၊ ဘာသာမရွေး၊ ဆင်းရဲ ချမ်းသာမရွေး၊ အသက်ရွယ် ကြီးငယ်မရွေး တန်ဖိုးရှိတဲ့ သက်မဲ့ခန္ဓာကိုယ်အဖြစ် ထားခဲ့နိုင်ပါတယ်။

တစ်နေ့ကျွန်မ ကွယ်လွန်ပြီဆိုပါစို့။ ကျွန်မရဲ့ မျက်ကြည်လွှာကို လှူလို့ရပါတယ်။ ကျွန်မရဲ့ ကိုယ်တွင်း ကလီစာများ၊ အရိုးနဲ့ ခန္ဓာကိုယ်တစ်ခုလုံးကို လှူလို့ရပါတယ်။


-         ကျွန်မရဲ့ မျက်ကြည်လွှာကို ရန်ကုန်မြို့ နတ်မောက်လမ်းက မျက်စိဆေးရုံ (မျက်ကြည်လွှာဘဏ်) မှာ လှူထားပြီးပါပြီ။ ခုနေများ ကျွန်မကွယ်လွန်ရင် သက်ရှိလူသား ၃ ဦးအတွက်၊ ကျွန်မက အလင်းပေးခဲ့နိုင်ပါမယ်။ ဆိုလိုသည်မှာ မျက်စိစုံလုံးကန်း(blind) တစ်ဦးအတွက် မျက်စိတစ်ဖက် အလင်းရရင် အဆင် ပြေပါပြီ။ လူတွေ မျက်စိကန်းရခြင်း အမျိုးမျိုးရှိပါတယ်။ မျက်ကြည်လွှာပေါက်ခြင်း၊ မျက်ကြည်လွှာစုတ် ပြဲခြင်း ကြောင့်လည်း မျက်စိကန်းရပါတယ်။ အဲဒီအခါမှာ ကျွန်မရဲ့ လက်ယာဘက်မျက်ကြည်လွှာ တစ်ခု ကို blind တစ်ဦးအတွက်၊ ကျွန်မရဲ့ လက်ဝဲဘက်မျက်ကြည်လွှာတစ်ခုကို မျက်ကြည်လွှာ ပေါက်နေသူ နှင့် မျက်ကြည်လွှာ စုတ်ပြဲနေသူ နှစ်ဦးအတွက်၊ ထိုလူသား သုံးဦးအတွက် မျှဝေလှူနိုင်ပါတယ်။ ဟော... ကျွန်မသေပြီး ရက်မလည်ခင်(၇ ရက် မပြည့်ခင်) မှာပဲ ကျွန်မကြောင့် blind လူသား ၃ ဦး ဤကမ္ဘာကို မြင် နိုင်ပါပြီ၊ သူတို့ချစ်ခင်ရတဲ့သူတွေကို မြင်နိုင်ပြီ၊ သူတို့ကိုးကွယ်တဲ့ ဘုရားဖူးတွေ့နိုင်ပြီ၊ တရားဓမ္မကျမ်းစာတွေ ဖတ်ရှုနိုင်ပြီ။ တွေးကြည့်လိုက်ရုံနဲ့ ဘယ်လောက်ကြည်နူးစရာ ကောင်းသလဲရှင်။


-         ကျွန်မရဲ့ daed body ကို ရန်ကုန်မြို့က မြောက်ဥက္ကလာပဆေးတက္ကသိုလ်မှာ ကြိုတင် လှူဒါန်းထားပြီး ပါပြီ။ တစ်နေ့ ကျွန်မသက်တမ်းကုန်လို့ ကွယ်လွန်သွားတဲ့အခါ၊ ကျွန်မရဲ့ dead body ကို ဆေးတက္ကသိုလ် ကျောင်းသား၊ ကျောင်းသူများက သက်မဲ့သင်ထောက်ကူပစ္စည်းအဖြစ် ခွဲခြမ်းစိတ်ဖြာ လေ့လာကြပြီးနောက်၊ ရလာတဲ့ ခန္ဓာဗေဒ(anatomy) ဘာသာရပ်များဖြင့် လူနာအသက်ပေါင်းများစွာကို ကုသကယ်ဆယ်ပေး နိုင်ပါမယ်။ ဟော... ကျွန်မသက်မဲ့ခန္ဓာ(လူမသာ) က သက်ရှိလူသားများစွာကို ကျန်းမာချမ်းသာမှု ဖြစ်စေနိုင်တာ တွေးကြည့်လိုက်ရုံနဲ့ ဘယ်လောက် ကြည်နူးစရာကောင်းသလဲရှင်။

ဒါကြောင့် ကြက်မသာ၊ ဝက်မသာ ထက်တန်ဖိုးရှိသော လူမသာဖြစ်အောင် မသေခင်ကြိုတင်၍ မျက်ကြည်လွှာနဲ့ deady body ကို လှူဒါန်းကြရပါမယ်နော်။

အရေးအကြီးဆုံး တစ်ချက်ပြောပြချင်ပါတယ်။ အဲဒီလိုတွေ ကြိုတင်လှူဒါန်းထားခဲ့ပေမယ့် ရာနှုန်းပြည့် အလှူမမြောက် သေးပါဘူး။ အကယ်၍ ကျွန်မကင်ဆာ (သို့မဟုတ်) ခွေးရူးပြန် (သို့မဟုတ်) ဘီပိုးစီပိုး (သို့မဟုတ်) အေအိုင်ဒီအက်စ် (သို့မဟုတ်) COVID-19 စတဲ့ ကူးစက်ပျံ့နှံ့ရောဂါတွေကြောင့် ကွယ်လွန်ခဲ့ရင် ကျန်ခဲ့တဲ့ မျက်ကြည်လွှာနဲ့ dead body ကို လှူလို့မရပါဘူး။ အကယ်၍ ကျွန်မ accident တစ်ခုခုကြောင့် ကွယ်လွန်ရင်၊ အမျိုးသမီးရောဂါကြောင့် သားအိမ်ထုတ် (သို့မဟုတ်) ရင်သားလှီးဖြတ်ထားရရင် အင်္ဂါမစုံတဲ့ ကျွန်မရဲ့ dead body ကို လှူဒါန်းခွင့်မရပါဘူး။


ကျွန်မကွယ်လွန်တဲ့အခါမှာလည်း စံချိန်မီ dead body အဖြစ် လိုအပ်နေသူများအတွက် လှူဒါန်းထား ခဲ့နိုင်ဖို့အတွက် အထက်ပါရောဂါများ မိမိမှာမဖြစ်အောင် ကျန်းမာရေးနဲ့အညီ ကျင့်ကြံပြုမူ ကြိုးစား နေထိုင်ပါတယ်။ မိတ်ဆွေများလည်း မိမိအတွက်၊ သူတစ်ပါးအတွက်၊ ကျန်ရစ်သူ အလှူခံပုဂ္ဂိုလ်များအတွက် အထက်ပါရောဂါများ ဖြစ်မလာအောင် ကျန်းမာရေးနဲ့အညီ ကျင့်ကြံပြုမူ ကြိုးစားနေထိုင်စေလိုပါတယ်။


စာရှုသူချစ်မိတ်ဆွေများရှင်။ “ကြက်မသာ ဝက်မသာ၊ တိရစ္ဆာန် မသာတွေထက် အသုံးဝင်တာ လူမသာ”  “အသက်မရှိတော့ပေမယ့် တန်ဖိုးရှိတာ လူ့ဘဝ”အဖြစ် တကယ်လိုအပ်နေသူတွေအတွက် ကျွန်မတို့ ပေးဆပ်ကြပါစို့လားရှင်။ ဒါလူ့စွမ်းအား အရင်းအမြစ်ကို အဆုံးစွန်ဆုံးအထိ အသုံးချခဲ့တာဖြစ်ပါတယ်။ လူတစ်ယောက်ရဲ့ ကိုယ်ရည်ကိုယ်သွေးလို့လည်း ဆိုနိုင်ပါတယ်ရှင်။ (ဒီဆောင်းပါးလေးကို ကျွန်မက လောက အမြင်နဲ့ ရေးပေးထားတာဖြစ်ပါတယ်။ ဓမ္မအမြင်နဲ့ နောက်ဆောင်းပါးတစ်ပုဒ် ရေးပေးပါဦးမယ်)


ပေါက်ပေါက်






အခြားဆက်စပ်သတင်းများ