ရန်ကုန် ဇွန် ၁၃
ရန်ကုန်တိုင်းဒေသကြီး အပါအဝင်နိုင်ငံနှစ်အဝန်း ၂၀၁၉ - ၂၀၂၀ ပညာသင်နှစ်၏ အခြေခံပညာ Grade-1 (ပထမတန်း) မှ Grade-10(၉)တန်းအထိ အောင်စာရင်းများကို COVID-19 ကာလ Social Distancing ကိုလိုက်နာပြီး ဇွန် ၁၃ ရက်၊ နံနက်ပိုင်းတွင် ထုတ်ပြန်ကြေညာပေးလိုက်ပြီဖြစ်ရာ (၈) တန်းအထိ ရာနှုန်းပြည့် အောင်မြင်ခဲ့ပြီး (၉) တန်းတွင် အနည်းငယ်ကျရှုံးမှုများရှိနေကြောင်း ဇွန် ၁၃ ရက်၊ နံနက်ပိုင်းတွင် အောင်စာရင်းထုတ်ပြန်ပေးသော အခြေခံပညာကျောင်းများမှ သိရသည်။
" ဒီကာလက ကိုဗစ်ကာလဖြစ်နေတော့ အောင်စာရင်းတွေကြည့်တဲ့အခါမှာ ကျောင်းသားတွေနဲ့ မိဘတွေကို အရှေ့နောက်ဘေး ၆ ပေအကွာနဲ့ ကြည့်ခွင့်ပေးထားပါတယ်။ Mask မတပ်ထားရင်ကျောင်းဝင်းထဲဝင်ပြီး အောင်စာရင်းကြည့်ခွင့်မပြုထားပါဘူး။ ကျောင်းရဲ့ရှေ့အပေါက်ကနေဝင်ပြီး နောက်အပေါက်ကနေ တစ်ဦးနဲ့တစ်ဦး ခပ်ခွာခွာနဲ့ ပြန်ထွက်ရပါတယ်။ အောင်ချက်တွေက ၅/၆/၇/၈ တန်းတွေကရာနှူန်းပြည့် အားလုံးအောင်ကြပါတယ်။ ကလေးတွေကလည်း ကြိုးစားကြတယ်။ Grade -10 (၉) တန်းကတော့ နည်းနည်းလေးအကျရှိပါတယ်။ ၉ တန်းမှာကလေးတွေကကျောင်းတက်မမှန်တာတွေ၊ တချို့မိဘတွေက စီးပွားရေးတွေမကောင်းကြတာတွေ၊ နယ်ပြောင်းသွားတာတွေ၊ မိသားစုပြဿနာတွေကြောင့်ကလေးတွေရဲ့ပညာရေးတချို့အပိုင်းတွေမှာ အခက်အခဲရှိကြတယ်။ လာမဖြေတာတွေ တစ်ဘာသာကျတာတွေလည်းရှိနေတယ်ပေါ့။ မိဘတွေအနေနဲ့လည်းကလေးပညာရေးကိုအလေးထားပေးပါ။ ဆရာမတို့အနေနဲ့လည်း ကလေးတွေအတွက် အကောင်းဆုံးသင်ကြားမှုတွေပေးသွားပါမယ်လို့ပြောချင်တယ်"ဟု အ-ထ-က(၂)မရမ်းကုန်းမှ အလယ်တန်းပြ ဆရာမဒေါ်မြင့်မြင့်ဝင်းက ပြောသည်။
ယနေ့အောင်စာရင်းထွက်သည့်နေ့တွင် လာရောက်ကြည့်ရှုသော ကျောင်းသား၊ ကျောင်းသူများနှင့် ကျောင်းသားမိဘများသည် ကျောင်းအတွင်း ဝင်ရောက်ရန် Mask တပ်ထားရပြီး စနစ်တကျ လက်ဆေးပြီးမှ အောင်စာရင်းများကြည့်ရှုရန် တစ်ဦးနှင့်တစ်ဦး ရှေ့နောက်ဘေးဝဲယာ ၆ ပေ ပတ်လည်အကွာသတ်မှတ်ထားသောစည်းဝိုင်းများအတွင်းမှသာမိမိအောင်စာရင်းကိုကြည့်ရှုရသည်။ ပြီးလျှင် အထွက်လမ်းမှခပ်ခွာခွာပြန်ထွက် သွားရန်စီစဉ်ထားကြောင်းသိရသည်။ ထို့ပြင် ကျောင်းများအတွင်း အဝင်ဂိတ်နှင့်အတွင်းဂိတ် ဝင်ပေါက်/ထွက်ပေါက်များတွင်ဆရာ/ဆရာမများအား တာဝန်ချထားပြီး ပထမတန်း Grade - 1 မှ (၉)တန်း Grade -10 အထိ အောင်စာရင်းဘုတ်များကို ၁၅ ပေ အထက်တွင်ထားရှိသည်။ အောင်စာရင်းဘုတ်များအနီးတွင် ဆရာမများကိုတာဝန်ချထားပြီး လာရောက်ကြည့်ရှုသူများ ကို ၆ ပေအကွာမှ ကြည့်ရှုရန် သတိပေးဆောင်ရွက် လျက်ရှိကြောင်း သိရသည်။
ယနေ့တွင် အောင်စာရင်းထွက်ရှိသော နိုင်ငံနှင့်အဝန်း အခြေခံပညာကျောင်းများသည် ပညာရေး ဝန်ကြီးဌာန၊ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန အခြေခံပညာဦးစီးဌာနနှင့် ပြည်သူ့ကျန်းမာရေးဦးစီးဌာနတို့ ၏ညွှန်ကြားချက်များအတိုင်း Social Distancing ကိုလိုက်နာပြီး ဆောင်ရွက်နေခြင်းဖြစ်သည်။ အောင်စာရင်း ထွက်သော ဇွန် ၁၃ ရက်၊ နံနက်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီးအတွင်း၌လည်း ခရိုင်/ မြို့နယ်အလိုက် ပညာရေးမှူးများ၊ ကျန်းမာရေးအဖွဲ့များနှင့်ကြက်ခြေနီအဖွဲ့များကသက်မှတ်ညွှန်ကြားချက်များလိုက်မှုရှိ၊ မရှိ စည်းကမ်းတကျဆောင်ရွက်ထားမှု ရှိ၊ မရှိကိုလိုက်လံစစ်ဆေးလျက်ရှိကြောင်း သိရသည်။
မင်းခ