ရန်ကုန် ဇွန် ၁၃
YBS စီးခရီးသည် အရေအတွက်နှင့် ယာဉ်စီးခဝင်ငွေပမာဏကို ချိန်ဆပြေးဆွဲနေရသည့်အတွက် လက်ရှိအချိန်ထိ YBS ယာဉ်အားလုံး ပြေးဆွဲနိုင်ခြင်းမရှိသေးကြောင်း ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေး ကြီးကြပ်ကွပ်ကဲမှုအာဏာပိုင်အဖွဲ့မှ သိရသည်။
"Covid ကာလမတိုင်ခင်နဲ့ယှဉ်ရင် ခရီးသည်တစ်ဝက်တောင်မရှိသေးဘူး။ အခုက စီးတဲ့ခရီးသည်နဲ့ ညီမျှတဲ့ ယာဉ်အစီးရေကို ပြေးဆွဲပေးနေရတာပါ။ အဲဒါတောင် CNG ဖိုးနဲ့ ယာဉ်လုပ်သားခလောက်ပဲ ရကြတယ်။ ယာဉ်ပြင်ဆင်ကုန်ကျစရိတ်အပါအဝင် ရုံးပိုင်းဆိုင်ရာ ကုန်ကျစရိတ်တွေကို ကုမ္ပဏီတွေက စိုက်ထုတ်နေကြရတုန်းပဲဆိုတော့ ရတဲ့ဝင်ငွေလေးနဲ့ အဆင်ပြေအောင် ပြေးဆွဲပေးနေကြရတာပါ။ ခရီးသည်တိုးရင်တော့ တိုးသလောက် ယာဉ်အစီးရေတိုးချဲ့ပြေးဆွဲပေးမှာပါ” ဟု ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေးကြီးကြပ်ကွပ်ကဲမှု အာဏာပိုင်အဖွဲ့ တွဲဖက်အတွင်းရေးမှူး ဦးလှအောင်က ပြောသည်။
မြို့တွင်း YBS စီးခရီးသည်အနေဖြင့် Social Distancing အနေအထားဖြင့် စီးနင်းသွားလာရ မည်ဖြစ်သော်လည်း ယခုကာလနှင့် ယခင် Covid-19 မဖြစ်ပွားမီကာလတို့ နှိုင်းယှဉ်ပါက လက်ရှိအချိန်တွင် ခရီးသည် ထက်ဝက်ဝန်းကျင်သာ စီးနင်းမှုရှိသည့်အတွက် ဝင်ငွေပမာဏနှင့်ချိန်ဆပြီး ယာဉ်များကို ပြေးဆွဲပေးနေရခြင်းဖြစ်ကာ အစိုးရထောက်ပံ့မှုရရှိမှသာ ယာဉ်များအားလုံး ပြေးဆွဲပေးနိုင်မည်ဖြစ်ကြောင်း သိရသည်။
Covid-19 မဖြစ်ပွားမီကာလတွင် နေ့စဉ် YBS စီးခရီးသည် ၁ ဒသမ ၈ သန်း မှ၂ ဒသမ ၅ သန်းအထိရှိခဲ့ပြီး ယာဉ်အစီး ၄,၄၀ဝ ကျော်ဖြင့် ပြေးဆွဲပေးခဲ့ခြင်းဖြစ်ပြီး လက်ရှိအချိန်တွင် YBS စီးခရီးသည် ခုနစ်သိန်းကျော်ကို ယာဉ်အစီး သုံးထောင်ကျော်ဖြင့် ပြေးဆွဲပေးနေခြင်းဖြစ်ကြောင်း သိရသည်။
အောင်မြင့်ဌေး(မြို့တော်သတင်း)