ရန်ကုန် ဇွန် ၁၃
မြန်မာနိုင်ငံတွင် ပထမဆုံးအကြိမ်အဖြစ် သဘာဝဓာတ်ငွေ့ရည်(LNG)မှ လျှပ်စစ်ဓာတ်အားထုတ်လုပ် ဖြန့်ဖြူးပေးနိုင်စေရန် စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနမှ တာဝန်ရှိသူ တစ်ဦးကပြောသည်။ ယခုအခါ သဘာဝဓာတ်ငွေ့ရည်(LNG) တင်ဆောင်လာသောသင်္ဘောသည် ရန်ကုန် ဆိပ်ကမ်းသို့ ဆိုက်ကပ်လာပြီဖြစ်ရာ မကြာမီ လျှပ်စစ်ဓာတ်အားထုတ်လုပ်ဖြန့်ဖြူးပေးနိုင်တော့မည်ဖြစ်ကြောင်း၊ ထိုသင်္ဘောတွင်သဘာဝဓာတ်ငွေ့ရည်တန်ချိန် ၃၆၀ဝ၀ ခန့်အထိ သယ်ဆောင်လာပြီး အဆိုပါ သဘာဝဓာတ်ငွေ့ ရည်များဖြင့်ရန်ကုန်မြို့၊ သာကေတမြို့နယ်ရှိ ၄၀ဝ မဂ္ဂါဝပ် ဓာတ်အားပေးစက်ရုံနှင့်သန်လျင်မြို့နယ်ရှိ ၃၅၀ မဂ္ဂါဝပ် ဓာတ်အားပေးစက်ရုံတို့မှတစ်ဆင့် လျှပ်စစ်ဓာတ်အားများ ထုတ်လုပ်ဖြန့်ဖြူးရန် ရည်မှန်းထားကြောင်း သိရသည်။
ရာသီဥတုပြောင်းလဲမှုများကြောင့် ရေအားလျှပ်စစ်စက်ရုံများကို အသုံးပြု၍လျှပ်စစ်ဓာတ်အားလိုအပ်ချက် များဖြည့်ဆည်းဆောင်ရွက်ရာတွင် အခက်အခဲများရှိနေဆဲ ဖြစ်သည့်အတွက် လာမည့်နှစ်များတွင်ကာလတို အနေနှင့်သဘာဝဓာတ်ငွေ့ရည်မှလျှပ်စစ်ဓာတ်အားထုတ်လုပ်နိုင်စေရန် ယခုကဲ့သို့ Liquefied Natural Gas to Power စီမံကိန်းကိုစတင်ဖော်ဆောင်ခြင်းဖြစ်ကြောင်း သိရသည်။
လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနအနေနှင့် အဆိုပါ LNG to Power စီမံကိန်းများ အပါအဝင်စုစုပေါင်း လျှပ်စစ် ဓာတ်အား ၁၁၆၆ မဂ္ဂါဝပ်အထိ ထုတ်လုပ်ပေးနိုင်မည့်စီမံကိန်းအသစ် ၇ ခုကိုလည်း ရန်ကုန်၊ မကွေး၊ ပဲခူး စသည့်တိုင်းဒေသကြီးများနှင့်ရခိုင်ပြည်နယ်တို့တွင် အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ကိုဆောင်း(ဥက္ကလာ)