မင်းလှ ဇွန် ၁၂
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့နယ်အတွင်းရှိ မြောက်မျှားကုန်း၊ ဈေးကြီး၊ ဆားတောင်၊ သခွတ်ရင်း ကျေးရွာလေးရွာ၌ ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ် ကျေးရွာဖွံ့ဖြိုးရေးစီမံကိန်းခွင့်ပြုရန်ပုံငွေများဖြင့် မီးရရှိရေး လုပ်ငန်းများဆောင်ရွက်လျက်ရှိရာ ယခုအချိန်တွင် ရာနှုန်းပြည့်ပြီးစီးနေပြီဖြစ်ကြာင်း မင်းလှမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ သိရသည်။
အဆိုပါ ကျေးရွာလေးရွာတွင် တစ်လုံးထိုး အင်ဂျင်နှင့်ဒိုင်နမိုဝယ်ယူ၍ ကျေးရွာတွင်း မီးတိုင်စိုက်ထူခြင်း၊ မီးကြိုးလိုင်းသွယ်တန်း ခြင်းလုပ်ငန်းများကို ကျေးရွာဖွံ့ဖြိုးရေးစီမံကိန်းထောက်ပံ့ရန်ပုံငွေကျပ်သန်း ၄၀၊ ကျေးရွာပြည်သူလူထုမှထည့်ဝင်ငွေကျပ် ၈ ဒသမ ၅သန်းဖြင့် ကျေးရွာဖွံ့ဖြိုးရေးကော်မတီ၏ဦးဆောင်မှုဖြင့် ကျေးရွာပြည်သူ လူထုကိုယ်တိုင် ယခုနှစ် မတ်လအတွင်းက စ၍တာဝန်ယူဆောင်ရွက်ခဲ့ခြင်းဖြစ်ပြီး ယခု အချိန် တွင်ရာနှုန်းပြည့်ပြီးစီးနေပြီဖြစ်ကြောင်း မင်းလှမြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါ်ခင်နန္ဒာအိက ပြောပြသည်။
အဆိုပါ မီးလင်းရေးလုပ်ငန်းများဆောင်ရွက်ပြီးစီးမှုကြောင့် ကျေးရွာလေးရွာရှိ အိမ်ခြေ ၆၀၂ အိမ်မှ၊ လူဦးရေ ၂၂၅၁ ဦးတို့ လျှပ်စစ်မီးရရှိရေးအတွက်အကျိုးပြုမည်ဖြစ်ကြောင်း သိရသည်။
ငြိမ်းသူ(စလင်း)