ရန်ကုန်၊ ဇွန် ၁၂
မြန်မာနိုင်ငံတွင် ပထမဆုံးသော ရွေ့လျားဆံပင်ညှပ်ဝန်ဆောင်မှုကို စတင်လုပ်ဆောင်ခဲ့ပြီး အားပေးသူ များပြားလာခဲ့ကြောင်း Yaro Slav Mobile Hair Cut မှ သိရသည်။
“ဒီလို Covid 19 ကာလမှာ အပြင်မထွက်ရဲသူတွေအတွက် အဆင်ပြေအောင်လို့ အိမ်အရောက် မော်တော်ယာဉ်နဲ့ လိုက်လံညှပ်ပေးနေပါတယ်၊ တစ်ဦးသာ Booking တင်လိုက်တာနဲ့ မိသားစုတစ်စုလုံး ညှပ်နိုင်ပါတယ်”ဟု YaroSlav Mobile Hair Cut မှ တာဝန်ရှိသူတစ်ဦးက ရှင်းပြသည်။ လက်ရှိမှာ အနုပညာရှင်များကလည်း ယင်းဝန်ဆောင်မှုပေးသည့်ယာဉ်ဖြင့် ဆံပင်ညှပ်မှုများရှိလာသလို ရန်ကုန်မြို့ အတွင်းတွင် မင်္ဂလာတောင်ညွန့်၊ ရန်ကင်း၊ တောင်ဥက္ကလာ၊ တာမွေစသည့် မြို့နယ်များမှ အများဆုံး အော်ဒါတင်ကာ ခေါ်ယူလာကြကြောင်း သိရသည်။
“နေရာတော်တော်များများကတော့ ခေါ်လာပါတယ်၊ ကျွန်တော်တို့က ရန်ကုန်မြို့အနှံ့တော့ လိုက်ညှပ် ပေးနေရပါတယ်။ ကျွန်တော်တို့က Customerတစ်ဦချင်းစီကို အပူချိန်တိုင်းတာတွေ၊ Mask ပေးတာတွေ၊ လက်ဆေးခိုင်းတာတွ၊ ပိုးသတ်ဆေးဖျန်းခြင်းတွေကို လုပ်ဆောင်ပြီးမှသာ Mobile Car ပေါ်တက်စေတာ ဖြစ်ပါတယ်။ အဲ့ဒီအတွက်ကြောင့် Customer တွေအနေနဲ့ စိုးရိမ်စရာမဖြစ်နိုင်ပါဘူး”ဟု ယင်းက ရှင်းပြသည်။ ထိုသို့ဝန်ဆောင်ရာတွင် ဆံပင်ညှပ်အတွေ့အကြုံအနည်းဆုံး ငါးနှစ်ခန့်ရှိသည့် ဝန်ထမ်းများကို အသုံးပြုထားပြီး ကျန်းမာရေးလမ်းညွှန်ချက်နှင့်အညီ ပိုးသတ်လုပ်ဆောင်ခြင်းများဖြင့် လုပ်ဆောင်လျက်ရှိသည်။
ထိုရွေ့လျားဆံပင်ညှပ်ဆိုင်အတွက် Booking တင်လိုပါက ၃၀၀၀ ကျပ် သတ်မှတ်ထားပြီး လိပ်စာ၊ ဖုန်းနံပါတ်၊ ညှပ်မည့် ဦးရေတို့ဖြင့် ကြိုတင်ဆက်သွယ်ရကြောင်း၊ Booking အတွက် ဝန်ဆောင်ခ တစ်ကြိမ်သာ ပေးရပြီး ဆံပင်ညှပ်ခအနေဖြင့် ကျား ၅၀၀၀ ကျပ်၊ မ ၇၀၀၀ ကျပ်၊ ကလေး ၃၀၀၀ကျပ်၊ ဆံပင်ညှပ်+ခေါင်းလျှော် ကျား ၈၀၀၀ ကျပ်၊ မ ၁၁၀၀၀ ကျပ်၊ ခေါင်းလျှော် ကျား ၄၀၀၀ ကျပ်၊ မ ၅၀၀၀ - ၅၅၀၀ ကျပ်၊ ခေါင်းနှိပ်လျှော် ကျား ၅၀၀၀ကျပ်၊ မ ၆၀၀၀ ကျပ်၊ မျက်နှာဆေး ၄၀၀၀ ကျပ်၊ ဆေးဆိုး (အမည်းရောင်) ၆၅၀၀ ကျပ် စသည်ဖြင့် သတ်မှတ်ထားကြောင်း သိရသည်။
HK