အစ္စလာမ်မာဘတ်၊ ဇွန် ၁၂
တရားမဝင် လောင်းကစားလုပ်ငန်းကို ဖမ်းဆီးချိန်တွင် ထိန်းသိမ်းထားသည့် မြည်းတစ်ကောင်ကို ပါကစ္စတန် တရားရုံးက ပြန်လွှတ်ပေးခဲ့သည်။ ပါကစ္စတန်နိုင်ငံတောင်ပိုင်းရှိ ဝေးလံခေါင်သီသည့်ဒေသမှ တရားမဝင် မြည်းပြေးပွဲကို ရဲတပ်ဖွဲ့က ပစ်မှတ်ထား စီးနင်းခဲ့ပြီးနောက် တစ်ရက်အကြာတွင် အဆိုပါအမှုမှ ဖမ်းဆီးခဲ့သည့် အမျိုးသားရှစ်ဦးကို အာမခံဖြင့် ပြန်လွှတ်ပေးခဲ့သည်။ အဆိုပါအမျိုးသားရှစ်ဦးမှာ မည်သည့်မြည်းက စက္ကန့် ၄၀ အတွင်း သုံးဖာလုံ (မီတာ ၆၀၀) ပြေးနိုင်မည်ဆိုခြင်းကို လောင်းကစားလုပ်ခဲ့ခြင်းဖြစ်သည်။
ရဲတပ်ဖွဲ့က မြည်းတစ်ကောင်ကို ဖမ်းဆီးခဲ့ပြီး ရဲစခန်းအနီးတွင် လေးရက်ကြာ ကြိုးချည်ထားသည်ဆိုသည့် သတင်းမှာ လူအများ စိတ်ဝင်စားစရာဖြစ်ခဲ့သည်။ အဆိုပါအမှုကို စီရင်ချက်မချမီ ရဲတပ်ဖွဲ့က ထိန်းသိမ်း ထားသည့်မြည်း ကျန်းကျန်းမာမာရှိစေရန်အတွက် မြည်းကို ပိုင်ရှင်ထံ ပြန်ပို့ရန် ပြီးခဲ့သည့်ဗုဒ္ဓဟူးနေ့တွင် တရားရုံးက ဆုံးဖြတ်ခဲ့သည်။
ပါကစ္စတန်နိုင်ငံ၏ ဝေးလံခေါင်သီသည့်ဒေသများတွင် မြည်းလှည်းများကို ဝန်တင်ရန်အတွက် မကြာခဏ အသုံးပြုလေ့ရှိပြီး မြည်းပြိုင်ပွဲကို လောင်းကစားလုပ်ခြင်းမှာလည်း ထူးခြားဆန်းပြားသည့်ကိစ္စမဟုတ်ပေ။
(KNT)