နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ယဉ်ကျေးမှု ထိန်းသိမ်းတိုးမြှင့်

********

ကျွန်ုပ်တို့နိုင်ငံ၌ ယဉ်ကျေးမှုထုံးတမ်းအစဉ်အလာများမှာ ရှေးအဆက်ဆက်ကတည်းက ဝင့်ကြွားထည်ဝါအားကောင်းပြီး ဂုဏ်တင့်ဖွယ်ကောင်းလှသည်။ ကျွန်ုပ်တို့ မြန်မာလူမျိုးတို့သည် ရေ၊ မြေ၊ တော၊ တောင် မတူသောကြောင့် တိုင်းရင်းသားလူမျိုးတစ်ခုစီ ၏ ရိုးရာဓလေ့ထုံးစံမှာ အနည်းငယ်ခြားနားမှု ရှိသော်လည်း တစ်အူထုံ့ဆင်း ညီအစ်ကို မောင်နှမများဖြစ်၍ အမျိုးသားယဉ်ကျေးမှု အတူတူပင် ဖြစ်သည်။

မြန်မာတို့သည် အစဉ်အလာအရ ဝတ်စားဆင်ယင်၊ ပြောဆို ကျင့်ကြံနေထိုင်မှုအားလုံးသည် မြန်မာမှု၊ မြန်မာ့ယဉ်ကျေးမှုပင် ဖြစ်သည်။ ကမ္ဘာ့နိုင်ငံအသီးသီးတို့တွင် ကိုယ်ပိုင်ယဉ်ကျေးမှု၊ ကိုယ်ပိုင်စာပေ၊ ကိုယ်ပိုင်အလှများရှိကြသည်။ စာပေနှင့် ယဉ်ကျေးမှု များ အဓွန့်ရှည်စေရန်လည်း ထိန်းသိမ်းစောင့်ရှောက်ကြရသည်။ ဤစာပေနှင့် ယဉ်ကျေးမှုသည်ပင်လျှင် နိုင်ငံ၏ အသက်ဖြစ်သည်။ စာပေပျောက်လျှင်၊ ယဉ်ကျေးမှုပျောက်မည်။ ယဉ်ကျေးမှုပျောက်လျှင် လူမျိုးနှင့် နိုင်ငံပျောက်နိုင်သည်။ နိုင်ငံတစ်နိုင်ငံ၊ လူမျိုးတစ်မျိုး တည်တံ့ရေးသည် ယဉ်ကျေးမှုဟူသော မဏ္ဍိုင်တွင် မူတည်သည်။ ထိန်းသိမ်းသင့်သည့် ယဉ်ကျေးမှုကို ဆက်လက်ထိန်းပြီး ပြောင်းလဲ သင့်သည့် ယဉ်ကျေးမှုကို ပြောင်းလဲပစ်ရမည်။ 

မြန်မာနိုင်ငံသည် တိုင်းရင်းသားလူမျိုးပေါင်းစုံ စုပေါင်းနေထိုင်ရာ ပြည်ထောင်စုကြီးဖြစ်ပြီး ပြည်ထောင်စုသားအားလုံး ပြည်ထောင်စု စိတ်ဓာတ်ရှင်သန်ထက်မြက်နေစေရန် လိုအပ်သည်။ မျက်မှောက် ခေတ်ကြီး လျင်မြန်တိုးတက်လာသည်နှင့်အမျှ နှစ်ပေါင်းထောင်ချီ တည်တံ့ခိုင်မြဲခဲ့သော အမျိုးသားရေးစရိုက်လက္ခဏာတို့သည် တိမ်မြုပ်လာသည့်သဘောရှိသည်။ ထို့ကြောင့် အမျိုးသားယဉ်ကျေးမှု စရိုက်လက္ခဏာများ မပျောက်ပျက်အောင် ထိန်းသိမ်းစောင့်ရှောက် ရန် လိုအပ်သည်။

သို့ဖြစ်ရာ ပြည်ထောင်စုစိတ်ဓာတ်ထွန်းကားရေး၊ အမျိုးသားရေး စရိုက်လက္ခဏာများ မပျောက်ပျက်အောင် ထိန်းသိမ်းစောင့်ရှောက် နိုင်ရေးအတွက် တိုင်းရင်းသားလူမျိုးအားလုံးတို့၏ ဓလေ့ထုံးတမ်း အစဉ်အလာများပါဝင်သည့် ၂၀၂၂ ခုနှစ်၊ ၂၃ ကြိမ်မြောက် မြန်မာ့ ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ (ဗဟိုအဆင့်) ကို အောက်တိုဘာ ၁၈ ရက်အထိ နေပြည်တော်ရှိ သတ်မှတ်နေရာ  အသီးသီးတွင် အောင်မြင်စွာကျင်းပခဲ့သည်။

ဤလောက၌ ဗုဒ္ဓအလိုအရ တည်မြဲခြင်းဟူသည်ကား မရှိ။ အရာခပ်သိမ်းတို့သည် အနိစ္စသဘောအရ ပြောင်းလဲနေတတ်၏။ ယနေ့ခေတ်ကြီးကား အပြောင်းအလဲများနှင့် တိုးတက်နေသော ကမ္ဘာကြီးဖြစ်၏။ ထိုအပြောင်းအလဲ ရေစီးကြောင်းအတွင်း လိုက်ပါ ကြသူများရှိသကဲ့သို့ မလိုက်ပါသူများလည်း ရှိ၏။ အမျိုးသား ယဉ်ကျေးမှုသည်ကား အနုပညာယဉ်ကျေးမှုနှင့် ရိုးရာဓလေ့ထုံးစံ ယဉ်ကျေးမှုတို့ကို ပေါင်းစပ်ကျင့်သုံးသည့် မြန်မာတစ်မျိုးသားလုံး၏ ယဉ်ကျေးမှုပင်ဖြစ်သည်ဟု ဆိုချင်ပါကြောင်း။       ။






အခြားဆက်စပ်သတင်းများ