ရန်ကုန် ဇွန် ၁၀
အပြည်ပြည်ဆိုင်ရာ မြန်မာလေကြောင်း(MAI)အနေနှင့် ယခု ကိုရိုနာဗိုင်းရပ်စ်ရောဂါ(COVID-19) ကူးစက်ကာလအတွင်း ကာတာနိုင်ငံ၊ ဒိုဟာ မြို့နှင့် ရန်ကုန်မြို့အကြား ကယ်ဆယ်ရေး လေယာဉ်ခရီးစဉ်(Relief Flight)များကို ယခုလ ၁၄ ရက်တွင် ပြေးဆွဲပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ကာတာနိုင်ငံသို့ ရောက်ရှိနေသည့် မိမိတို့နေရပ်သို့ ပြန်လာလိုကြသော မြန်မာနိုင်ငံသားများအတွက် အဆင်ပြေစေရန် ရည်ရွယ်ချက်ဖြင့် ထိုကယ် ဆယ်ရေး လေယာဉ်ခရီးစဉ်(Relief Flight)ကို ပျံသန်းပြေးဆွဲရန် စီစဉ်ဆောင်ရွက်ခြင်းဖြစ်ကြောင်း အပြည်ပြည်ဆိုင်ရာ မြန်မာလေကြောင်း(MAI)မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
အဆိုပါ ဒိုဟာ-ရန်ကုန် ကယ်ဆယ်ရေး လေယာဉ်ခရီးစဉ်ကို ယခုလ ၁၄ ရက်၊ မွန်းလွဲ ၁၂ နာရီ ၅၀ မိနစ်တွင် ကာတာနိုင်ငံ၊ ဒိုဟာမြို့မှ စတင်ထွက်ခွာမည်ဖြစ်ကြောင်း၊ အသေးစိတ်အချက်အလက်များ သိရှိလိုပါက အပြည်ပြည်ဆိုင်ရာ မြန်မာလေကြောင်း(MAI) ဖုန်းနံပါတ် +951 9670007 နှင့် အီးမေးလ်လိပ်စာ relief@maiair.com တို့ကို ဆက်သွယ်စုံစမ်းနိုင်ကြောင်း သိရသည်။
ယင်း Relief Flight ခရီးစဉ်များတွင် သက်ဆိုင်ရာ အာဏာပိုင်များက စစ်ဆေးဆောင်ရွက်ပြီး ခွင့်ပြုသူများကိုသာ ကန့်သတ်ထားသော ခရီးသည် အရေအတွက်အတိုင်း လိုက်ပါစီးနင်းခွင့်ပြု မည်ဖြစ်ကြောင်း၊ ထို့အပြင် အပြည်ပြည်ဆိုင်ရာ မြန်မာလေကြောင်း(MAI)မှ ထပ်မံပြေးဆွဲပေးမည့် ကယ်ဆယ်ရေး လေယာဉ်ခရီးစဉ်များအတွက်လည်း သက်ဆိုင်ရာ အာဏာပိုင်အဖွဲ့အစည်းများနှင့် ညှိနှိုင်းဆောင်ရွက်လျက်ရှိရာ အတည်ပြုချက်များရရှိပါက အများပြည်သူသိရှိစေရန် ထပ်မံအသိပေး ကြေညာသွားမည်ဖြစ်ကြောင်း သိရသည်။
(ဆောင်းဦး)