ရန်ကုန် ဇွန် ၁၁
ပြီးခဲ့သည့်ရက်ပိုင်းများအတွင်းက မလေးရှားရေပိုင်နက်အတွင်းသို့ စက်တပ်လှေများဖြင့်ရောက် ရှိလာ ခဲ့သောဘင်္ဂါလီများအတွက် မြန်မာနိုင်ငံကိုသာ တာဝန်ယူခိုင်းသင့်သည်ဟုဘင်္ဂလားဒေ့ရှ်နိုင်ငံခြားရေး ဝန်ကြီးဌာနမှ တာဝန်ရှိသူ တစ်ဦးက ပြောကြားခဲ့ကြောင်း bdnews24 သတင်းဌာနက ဖော် ပြသည်။
မလေးရှားပြည်ထဲရေးဝန်ကြီးဌာနက နိုင်ငံ၏ရေပိုင်နက်အတွင်းသို့ စက်တပ်လှေများဖြင့်ဝင်ရောက် လာသောဘင်္ဂါလီ ၃ဝဝ ခန့်အား ဘင်္ဂလားဒေ့ရှ်ဘက်မှ ပြန်လည် လွှဲပြောင်းရယူရန် မေးမြန်းခဲ့ပြီး နောက်တွင် အထက်ပါအတိုင်း တုံ့ပြန်ခဲ့ခြင်းဖြစ်သည်။ ဘင်္ဂလားဒေ့ရှ်နိုင်ငံခြားရေးဝန်ကြီးဌာနမှ တာဝန်ရှိသူက 'မလေးရှားအနေနဲ့ ဘာကြောင့် ဘင်္ဂါလီတွေကို မြန်မာနိုင်ငံက ပြန်ခေါ်မလားလို့ မမေးတာလဲလို့ မေးရပါလိမ့်မယ်။ဒုတိယအချက်အနေနဲ့ မြန်မာနိုင်ငံအနေနဲ့ ဘင်္ဂါလီတွေနဲ့ပတ်သက်ပြီး တာဝန်ယူရ မယ့်နိုင်ငံတစ်နိုင်ငံဖြစ်တယ်လို့ ပြောရမှာပါ။ ဘင်္ဂလားဒေ့ရ်ှအနေနဲ့ ဘင်္ဂါလီတွေနဲ့ပတ်သက်ပြီး ဘာမှ လုပ်ပေးစရာ မလိုဘူးလို့တောင် ပြောလို့ရပါ တယ်'ဟု ပြောကြားခဲ့ခြင်းဖြစ် သည်။ မလေးရှားနိုင်ငံသည် ဘင်္ဂါလီများအားဒုက္ခသည်အဆင့် သတ်မှတ်ပေးကာ လက်ခံပေးမှုများကို ရပ်ဆိုင်းထားကာ ရေပိုင်နက် အတွင်းသို့ ဝင်ရောက်လာခဲ့လျှင်လည်းတာဝန်ယူမည်မဟုတ် ဟု သတိပေးထားသည်။
မိုးခါး