လိပ်သို ဇွန် ၁၁
ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ် ၊ လိပ်သိုမြို့၌ မွေးမြူရေးကဏ္ဍ ဖွံဖြိုးတိုးတက်စေရန်အတွက် တိရစ္ဆာန်များကို ကူးစက်ရောဂါများ မဖြစ်ပွားစေရန် ကြိုတင်ကာကွယ်ဆေး ထိုးနှံခြင်း လုပ်ငန်းများကို အရှိန်အဟုန်မြှင့်၍ ဆောင်ရွက်လျက်ရှိကြောင်း လိပ်သိုမြို့ မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနမှ သိရသည်။
မြို့အတွင်း တစ်ပိုင်တစ်နိုင် မွေးမြူရေးလုပ်ငန်းဖြင့် ဒေသခံပြည်သူများ မိသားစုဝင်ငွေ တိုးပွားကာ ဆင်းရဲနွမ်းပါးမှု လျှော့ချနိုင်စေရန် ရည်ရွယ်၍ မြို့အတွင်း ကွင်းဆင်းထိုးနှံ ဆောင်ရွက်ခြင်းဖြစ်ကြောင်း သိရသည်။
မြို့ပေါ်ရပ်ကွက်များနှင့် ကျေးရွာများအရောက် ကွင်းဆင်းသွားရောက်ပြီး ဒေသခံပြည်သူများ မွေးမြူထားရှိသည့် ကျွဲ ၊ နွား ၊ဝက်၊ကြက်တိရစ္ဆာန်များအား ရာသီအလိုက် ဖြစ်ပွားတတ်သည့် ဝက်ဝမ်းကျရောဂါ ၊ ပေါင်ပုပ်လက်ပုပ်ရောဂါနှင့် ထောင့်သန်းရောဂါ များ မဖြစ်ပွားစေရေး ကြိုတင်ကာကွယ်ဆေးများ ထိုးနှံပေးခြင်း မွေးမြူရေးလုပ်ငန်းဆိုင်ရာများ အသိပညာပေးခြင်းများ အရှိန်အဟုန်မြှင့်တင် ဆောင်ရွက်လျက်ရှိကြောင်း သိရပြီး ကြိုတင်ကာကွယ်ဆေး ထိုးနှံခြင်းလုပ်ငန်းအနေဖြင့် ပေါင်ပုပ်လက်ပုပ်ကာကွယ်ဆေး ထိုးနှံပြီး နွားကောင်ရေ (၅၀ ) ကောင်၊ ထောင့်သန်းရောဂါကာကွယ်ဆေးထိုးနှံပြီး (၁၀၀) ကောင် ၊လည်ချောင်းကွဲ ကာကွယ်ဆေး ထိုးနှံပြီး နွားကောင်ရေ (၁၀၀) ကောင် ၊ဝက်ဝမ်းကျကာကွယ်ဆေး ထိုးနှံပြီး (၁၀၀) ကောင်၊ ကြက်လည်လိမ်ကာကွယ်ဆေးထိုးနှံပြီး ကောင်ရေ (၁ဝဝဝ) တို့ကို ကွင်းဆင်းထိုးနှံ ဆောင်ရွက်ပေး ပြီးဖြစ်ကြောင်း လိပ်သိုမြို့ မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနရုံးမှ ဒေါက်တာနော်ဂလယ်ဂေထူးက ပြောပြသည်။
နွယ်နွယ်ခိုင် (ပြန်/ဆက်)