ဇွန် ၁၁
အလှကုန်ပစ္စည်းများကြောင့် မိမိတို့၏ အရေပြားကို များစွာထိခိုက်ပျက်စီးမှု ဖြစ်ပေါ်စေနိုင်သည်။ ထို့ကြောင့် အရေပြားကို ထိခိုက်စေနိုင်သည့် အလှကုန်ပစ္စည်းများအား ဖော်ပြပေးလိုက်သည်-
လက်သည်းနီ
လက်သည်းနီထူထူ၊ ရွှေမှုန်ငွေမှုန်ပါသော လက်သည်းနီ၊ အရောင်ရင့်၍မှောင်သော လက်သည်းနီများသည် Acetone များပါဝင်ပြီး ပြင်းထန်သောဓာတုပစ္စည်းက မိမိ၏လက်သည်းများကိုအားပျော့စေပြီး ပျက်စီးယိုယွင်း စေသည်။ လက်သည်းများ ဝါခြင်း၊ ပါးခြင်း၊ အက်ကွဲခြင်းကို ဖြစ်စေနိုင်သည်။
နှုတ်ခမ်းနီ
နှုတ်ခမ်းနီအရင့်ကြီးတွေဆိုးတော့မည်ဆိုလျှင် အောက်မှ Slip-balm ခံဆိုးပါ။ အချို့နှုတ်ခမ်းနီများတွင် (Lead) ခဲသားများပါဝင်ပြီး ဦးနှောက်ကိုထိခိုက်ခြင်း၊ နှုတ်ခမ်းနီတွင်ပါဝင်သော မင်နရယ်အဆီက ချွေးပေါက်များ ပိတ်ခြင်း၊ အရေပြား ဆဲလ်များဖွံ့ဖြိုးမှုကိုအနှောင့်အယှက်ပြုခြင်း၊ အခြားအရေပြား၏ ထိရောက်သည့် လုပ်ငန်းစဉ်များကို အနှောင့်အယှက်ဖြစ်စေသည်။
ဆံပင်ဆိုးဆေး
ဆံပင်ဆိုးဆေးကြောင့် ဆံပင်ကျွတ်ခြင်း၊ လောင်ခြင်း၊ အရေပြားနီကျင်ခြင်း၊ ဘောက်များယားယံခြင်း၊ မျက်နှာ ရောင်ရမ်းခြင်း၊ အသက်ရှူကြပ်ခြင်း စသည့် ဓာတ်မတည့်မှုများ ဖြစ်စေတတ်သည်။ Phenylenediamine ဓာတ်ပါဝင်သော ဆံပင်ဆိုးဆေးများသည် ကင်ဆာ၊ ဓာတ်မတည့်ခြင်း၊ အရေပြားယားယံခြင်း၊ မျက်စိ စပ်ခြင်း၊ အသက်ရှူခက်သဖြင့် အဆုတ်မကောင်းခြင်း၊ ဦးနှောက်နှင့်အာရုံကြောဆိုင်ရာ ခုခံအားစနစ်၊ ဆဲလ်များ ပြန်လည်ရှင်သန်ခြင်းတို့၌ အဆိပ်အတောက်ဖြစ်စေသည်။
ချွေးနံ့ပျောက်ဆေး
အချို့ချွေးနံ့ပျောက်ဆေးများတွင် Alcohol ပါဝင်သဖြင့် ယားယံခြင်း၊ ချိုင်းမဲခြင်းတို့ကို တဖြည်းဖြည်း ဖြစ်ပေါ် လာစေသည်။ Aluminum Compound ပါဝင်သော ချွေးနံ့ပျောက်ဆေးများတွင် ချွေးဂလင်းများကို ပိတ်စေ သဖြင့် အရေပြားပြဿနာများကို ဖြစ်စေနိုင်သည်။
အစိုဓာတ်ဖြည့်ခရင် (Moisturizers)
Gamma Linoleic Acid ပါဝင်သော ဟင်းသီးဟင်းရွက်ပါဝင်ပြုလုပ်ထားသော ခရင်မ်များမှာ ရောင်ရမ်းခြင်းကို ကာကွယ်ပေးနိုင်သည်။ သို့ဖြစ်၍ ရေ၊ Hydrosols သစ်ထွက်ဆီ စသည့် သဘာဝပစ္စည်းများနှင့်ပြုလုပ် ထားသော Moisturizer များကို အသုံးပြုပါ။ မင်နရယ်အဆီနှင့် Paraffin ပါဝင်သော Moisturizer များသည် ရေရှည်၌ အရေပြားကို ထိခိုက်စေနိုင်သည်ဖြစ်ရာ ရှောင်ရှားသုံးစွဲရန် လိုအပ်သည်။
(သူရိန်)