နယူးဒေလီ ဇွန် ၁၁
အိန္ဒိယနိုင်ငံ၏ စီးပွားရေးမြို့တော်ဖြစ်သည့် မွမ်ဘိုင်းမြို့တွင် ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူ ၅၁၀၀၀ ရှိလာခဲ့ပြီး အဆိုပါပမာဏမှာ ကိုရိုနာဗိုင်းရပ်စ် စတင်ပျံ့နှံ့ခဲ့သည့် ဝူဟန်မြို့တွင် ကူးစက်မှုအမြင့်ဆုံးကာလထက် ပိုများနေသည်။
အိန္ဒိယနိုင်ငံတွင် ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူ တဟုန်ထိုးမြင့်တက်လာပြီး ကူးစက်ခံရသူ ၂၆၆၅၉၈ ဦး ရှိနေချိန်တွင် ယခုကဲ့သို့ သတင်းထွက်ပေါ်လာခြင်းဖြစ်သည်။ မွမ်ဘိုင်းမြို့ တည်ရှိသည့် မဟာရက်ရှ်ထရာပြည်နယ်တွင် ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူ ၉၀၀၀၀ ရှိနေသည်။
အိန္ဒိယနိုင်ငံမြို့တော် နယူးဒေလီမြို့တွင်လည်း ဗိုင်းရပ်စ်ကူးစက်ခံရသူ မြင့်တက်နေပြီး ဇူလိုင်လအကုန်တွင် ကူးစက်ခံရသူ သန်းတစ်ဝက်ကျော် ရှိလာမည်ဟု အာဏာပိုင်များက ခန့်မှန်းထားသည်။
အိန္ဒိယနိုင်ငံက ဗိုင်းရပ်စ်ကူးစက်ပျံ့နှံ့မှု တားဆီးရန် ရည်ရွယ်ပြီး ၃ လကြာ ချမှတ်ထားသည့် စည်းမျဉ်းများကို ဖြေလျှော့ပေးလိုက်ချိန်နှင့် ကူးစက်ခံရသူ မြင့်တက်လာချိန်မှာ တိုက်ဆိုင်နေသည်။ ဇွန်လ ၈ ရက်က ဈေးဝယ်စင်တာများ၊ ဝတ်ပြုဆုတောင်းရာနေရာများနှင့် ရုံးခန်းများကို ပြန်ဖွင့်ခွင့်ပေးခဲ့သည်။ ဇွန်လ ၈ ရက်မတိုင်မီကလည်း ဈေးဆိုင်များ၊ ဈေးများ၊ ပို့ဆောင်ရေးစနစ်များကို တစ်ကျော့ပြန် လည်ပတ်ခွင့်ပေးခဲ့သည်။
အိန္ဒိယနိုင်ငံတွင် စီးပွားရေးလုပ်ငန်းများ ပိတ်ထားခြင်းကြောင့် အလုပ်လက်မဲ့ဖြစ်သူနှင့် စားဝတ်နေရေး အခက်အခဲရှိနေသူ သန်းပေါင်းများစွာရှိနေရာ ပိတ်ဆို့မှုစည်းမျဉ်းများကို ဖြေလျှော့ပေးရုံကလွဲ၍ အခြားရွေးချယ်စရာမရှိကြောင်း အိန္ဒိယအာဏာပိုင်များက ပြောသည်။
(KNT)