နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
တူရာသီ ကျွတ်သီတင်းပေမို့

**********

မကြာမီ ဝါလကင်းလွတ်သီတင်းကျွတ် အခါသမယရောက်တော့ မည်။ ဤအချိန်ရောက်တိုင်း မြန်မာနိုင်ငံတစ်နိုင်ငံလုံး အသံမစဲ အဘိဓမ္မာတရား ရွတ်ဖတ်ပူဇော်သံများ၊ ပျော်ပွဲ ရွှင်ပွဲများ၊ မီးထွန်းပွဲ များကို ရိုးရာမပျက် ကျင်းပကြသည်။ သီတင်းကျွတ်ကာလသို့ရောက် လျှင် သက်ကြီးဘိုးဘွားများ၊ မိဘဆရာသမားတို့အား ဂါရဝပြု ကန်တော့ခြင်းပင် ဖြစ်သည်။

ဗုဒ္ဓဘုရားရှင်သည် မိဘကျေးဇူးကိုဆပ်လို၍ ဝါတော်ခုနစ်ဝါ မြောက်တွင် တာဝတိံသာနတ်ပြည်၌ မယ်တော်ဖြစ်တော်မူခဲ့သော သန္တုဿိတနတ်သားကို အမှူးထားပြီး စကြဝဠာတိုက် တစ်သောင်း ရှိ နတ်ဗြဟ္မာတို့အား ဝါတွင်းသုံးလပတ်လုံး အဘိဓမ္မာခုနစ်ကျမ်း ဟောကြေားတော်မူလေသည်။ ဘုရားရှင်၏ မိဘကျေးဇူးဆပ် ထို တရားတော်မြတ် ဟောကြားပြီးခဲ့သည့်လသည် သီတင်းကျွတ်လ အခါသမယပင် ဖြစ်သည်။

မြန်မာတို့၏ ထုံးတမ်းအစဉ်အလာအရရှိခဲ့သော မာတာပီတ ဂါရဝပွဲများသည် မြန်မာတို့၏ ဂုဏ်ယူဖွယ်ရာ အစဉ်အလာကောင်း တစ်ခုပင် ဖြစ်၏။ ထိုသို့ဂါရဝပြုကန်တော့ခြင်းသည် အဘိုး၊ အဘွား၊ အမိ၊ အဖနှင့် ဆရာသမားတို့၏ ဂုဏ်ကျေးဇူးကို ပြန်ပြောင်းအောက်မေ့ ခြင်းလည်း ဖြစ်ပေသည်။

သီတင်းကျွတ်လပြည့်နေ့သည် သာသနာတော်တစ်ရပ်လုံးနှင့် ဆိုင်သော ရဟန်းသံဃာအချင်းချင်း ဖိတ်ကြားရသော ပဝါရဏာနေ့ ဖြစ်သည်။ ဘုရားရှင် ပညတ်တော်မူသော ပဝါရဏာပြုရန် သံဃာ အချင်းချင်း ဖိတ်ကြားခြင်းဖြစ်သည်။

တစ်ပါးနှင့် တစ်ပါး မြင်သည်ဖြစ်စေ၊ ကြားသည်ဖြစ်စေ၊ ယုံမှား သံသယရှိသည်ဖြစ်စေ ပြောဆိုဆုံးမရန် ဖိတ်ကြားခြင်းဖြစ်သည်။ ရဟန်းသံဃာအချင်းချင်း တစ်ပါးနှင့် တစ်ပါး ဖိတ်ကြားပြီး တပည့်တော် အပြစ်ကိုမြင်လျှင် ပြုပြင်ပါမည်ဟု ဝန်ခံကတိပေးခြင်းဖြင့် သာသနာ တော် သန့်ရှင်းတည်တံ့ ထွန်းကားစေနိုင်ပါသည်။

သီတင်းကျွတ်လသည် မိဘတို့အား ဂါရဝပြုသည့်လ၊ မိဘ ကျေးဇူးအထူးသိမြင်သည့်လဟု ဆိုထိုက်ပေသည်။ မြန်မာတို့၏ မာတာပီတ ဂါရဝပြုပွဲများသည် မြန်မာလူမျိုးတို့၏ အစဉ်အလာ ကောင်းတစ်ရပ်ပင်ဖြစ်သည်။ သားသမီးများက အမိအဖတို့အား ကန်တော့ကြရာတွင် အချို့သော မိဘများက သက်ရှိထင်ရှားရှိကြ၍ ကန်တော့ကြသည်။

အချို့မှာ မိဘများမရှိကြ၍ မိဘတို့အားရည်စူးပြီး ကောင်းမှု ကုသိုလ်အမျိုးမျိုး ပြုလုပ်ပေးလေ့ရှိကြသည်။ သို့ဖြစ်ရာ သီတင်းကျွတ် အခါသမယသို့ ရောက်ပြီဆိုလျှင် ဗုဒ္ဓဘာသာဝင် မြန်မာလူမျိုးတိုင်း သည် မိဘ၊ ဆရာသမားတို့၏ ကျေးဇူးကို အောက်မေ့ကြလျက် အစဉ်အလာကောင်းများကို ထိန်းသိမ်းစေချင်ကြောင်း။      ။






အခြားဆက်စပ်သတင်းများ