နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ဆေးဖြစ်လာနိုင်သည့် ဆေးဝါး စမ်းသပ်ထိုးနှံခဲ့သူများ ကျန်းမာရေးကောင်းမွန်

ဧပြီ ၄၊ ဘေဂျင်း ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ဆေးဖြစ်လာနိုင်သည့် ဆေးကို စမ်းသပ်ထိုးနှံခဲ့သည့် တရုတ်နိုင်ငံ၏ စေတနာ့ ဝန်ထမ်းအဖွဲ့ ပထမအသုတ်မှာ ၁၄ ရက်ကြာ အသွားအလာ ကန့်သတ်စောင့်ကြည့်မှု ခံယူခဲ့ပြီးနောက် ကျန်းကျန်းမာမာရှိနေသည်ဟု China Daily သတင်းစာက ဖော်ပြသည်။ မတ်လ ၁၇ ရက်က ဝူဟန်မြို့ ဓာတ်ခွဲခန်းတွင် ကာကွယ်ဆေးဖြစ်လာနိုင်သည့် ဆေးဝါးကို ပထမဆုံး စမ်းသပ်ထိုးနှံခံခဲ့သူ ၁၄ ဦးမှာ ဧပြီလ ၂ ရက်နေ့က ယင်းတို့၏ နေအိမ်များထံ ပြန်သွားပြီဖြစ်သည်။ အသက် ၁၈ နှစ်မှ အသက် ၆၀ ကြားအရွယ်ရှိပြီး ကျန်းမာရေးကောင်းမွန်သူ ၁၀၈ ဦးကို ကာကွယ်ဆေး စမ်းသပ်ထိုးနှံခဲ့ရာ ပထမဆုံး ထိုးနှံခဲ့သည့် ၁၈ ဦးမှာ ဧပြီလ ၂ ရက်က ကျန်းမာရေးစောင့်ကြည့်စစ်ဆေးမှု ပြီးမြောက်အောင်မြင်ခဲ့၍ အိမ်ပြန်သွားခဲ့ခြင်းဖြစ်သည်။ ကာကွယ်ဆေး စမ်းသပ်ထိုးနှံခံခဲ့သည့် စေတနာ့ဝန်ထမ်းအားလုံးကို သုတေသနအဖွဲ့က နောက်ထပ် ၆ လကြာ စောင့်ကြည့်သွားမည်ဖြစ်ပြီး ပဋိဇီဝပစ္စည်းများကို ခွဲခြမ်းစစ်ဆေးရန် ယင်းတို့၏ သွေးနမူနာများ ဖောက်ယူမည်ဖြစ်သည်။ ယင်း ကာကွယ်ဆေးက ဘေးကင်းပြီး ထိရောက်မှု ရှိ၊ မရှိသိရှိရန် ပြည်ပနိုင်ငံများတွင် နောက်ထပ်စမ်းသပ်ထိုးနှံမှု များလုပ်ရန် စီစဉ်ထားသည်ဟု သိပ္ပံပညာရှင်များက ပြောသည်။ တရုတ်စစ်တပ်၏ ဇီဝစစ်ပွဲဆိုင်ရာ ကျွမ်းကျင်ပညာရှင် ချန်းဝေနှင့် ယင်း၏အဖွဲ့က အဆိုပါဆေးဝါးကို ဖန်တီးခဲ့ခြင်းဖြစ်သည်။ ယင်းတို့အဖွဲ့က ကာကွယ်ဆေးထိုးနှံမှုခံယူသည့် စေတနာဝန်ထမ်းအဖွဲ့ ၃ ဖွဲ့ကို ဆေးပမာဏ အမျိုးမျိုး ထိုးသွင်းပြီး စမ်းသပ်ခဲ့ကြသည်။ ကာကွယ်ဆေးထိုးပေးပြီးနောက်မှာ ယင်းတို့၏ အခြေအနေကို သိရှိရန် စေတနာ့ဝန်ထမ်းများကို ဝူဟန်မြို့ ကျန်းမာရေးအထူးဝန်ဆောင်မှုစင်တာတွင် သီးသန့်ခွဲခြားထားခဲ့သည်။ ''ဒီကာလအတွင်း ကျွန်တော့်ကျန်းမာရေးဒေါင်ဒေါင်မြည်ပါပဲ။ ကိုက်ခဲတာ၊ နာကျင်တာမျိုး မဖြစ်ပါဘူး။ ဆေးထိုးထိုးချင်းတုန်းကတော့ ဆေးထိုးတဲ့နေရာက နည်းနည်းနာတယ်။ ဒီဆေးကို ကျွန်တော် အရမ်းယုံကြည်ပါတယ်။ သိပ်မကြာခင် ပြည်သူတွေကို ထိုးပေးနိုင်တော့မယ်လို့ ယုံကြည်ပါတယ်''ဟု ကာကွယ်ဆေးထိုးနှံခံခဲ့သည့် စေတနာ့ဝန်ထမ်းတစ်ဦးက ပြောသည်။ ကာကွယ်ဆေးထိုးနှံခံခဲ့သည့် အမျိုးသမီး ကျင်ကွမ်းပင်က ''ပုံမှန်ဆေးထိုးနေကျအတိုင်းပါပဲ။ ဘာမှမထူးပါဘူး။ ဆေးထိုးခံရတုန်းက ခြင်ကိုက်ခံရသလောက်ပဲ နာတာပါ''ဟု ပြောသည်။ ဓာတ်ခွဲခန်းတွင် စမ်းသပ်ထိုးနှံပေးခဲ့သည့်ရလဒ်များကို ဧပြီလအတွင်း ထုတ်ပြန်ကြေညာမည်ဟု China Daily သတင်းစာက ဖော်ပြသည်။ Ref:BBC(KNT)






အခြားဆက်စပ်သတင်းများ