လူတိုင်းသည် အလုပ်တစ်ခုမဟုတ်၊ တစ်ခု လုပ်ကိုင်ကြရ၏။ အလုပ်အမျိုးအမျိုးရှိ၏။ အစိုးရအလုပ်၊ ပုဂ္ဂလိက ကိုယ်ပိုင်အလုပ်၊ ကျောင်းအလုပ်၊ ရုံးအလုပ်စသည်ဖြင့် အလုပ်အမျိုးမျိုးရှိ၏။
မည်သည့်လုပ်ငန်းဌာနမဆို အုပ်ချုပ်သူအရာရှိ၊ အတတ် ပညာရှင်နှင့် အခြေခံကျွမ်းကျင်လုပ်သားဟူ၍ ရှိကြ၏။ ယင်းတို့ အားလုံးသည် သူ့ဆိုင်ရာ၊ ဆိုင်ရာ အလုပ်တို့အပေါ် ကျွမ်းကျင် အတတ်တို့ဖြင့် လုပ်ငန်းတစ်ခု အောင်မြင်ပြီးစီးရေးအတွက် အကောင်အထည်ဖော် ဆောင်ရွက်ကြရ၏။ ဤသို့ဖော်ဆောင်ရာ တွင် ဝန်ထမ်းတစ်ဦးချင်းစီတို့သည် ကိုယ်စီကိုယ်ငှ အတတ်ပညာ ကိုယ်စီရှိကြရ၏။ အတတ်ပညာ၊ အသိပညာ၊ ကျွမ်းကျင်မှုတို့ဖြင့် အကောင်းဆုံးစွမ်းဆောင်ကြရ၏။
မိမိတို့လုပ်ကိုင်နေသော အလုပ်အကိုင်ကျွမ်းကျင်စွာ လုပ်ကိုင် နေစေရန် အမြဲတစေ ကြိုးစားအားထုတ်၍ ကျွမ်းကျင်မှုကိုမြှင့်တင် ရန် လေ့ကျင့်မှကျွမ်းကျင်၊ ကျွမ်းကျင်မှလုပ်ငန်းဖော်ဆောင် လုပ်ကိုင် နိုင်မည်ဖြစ်ရာ ကျွမ်းကျင်မှုသင်တန်းကျောင်းများသည် အရေးပါ ပေသည်။
ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ၊ မြို့ပြစီမံကိန်း ဆိုင်ရာ စွမ်းရည်မြှင့်သင်တန်ဆင်းပွဲကို စက်တင်ဘာ ၃၀ ရက်က ရန်ကုန်မြို့တော်ခန်းမ ပထမထပ်ရှိ အစည်းအဝေးခန်းမကြီး၌ ကျင်းပရာ တိုင်းဒေသကြီး စည်ပင်သာယာရေးဝန်ကြီး ရန်ကုန် မြို့တော်ဝန် ဦးဗိုလ်ဌေး တက်ရောက်မှာကြားခဲ့သည်။
သင်တန်းပို့ချရသည့် ရည်ရွယ်ချက်သည် ဝန်ထမ်းများ၏ စွမ်းရည်မြင့်မားတိုးတက်လာစေရန်နှင့် မြို့ပြစီမံကိန်းဆိုင်ရာ လုပ်ငန်းများကို နားလည်သိရှိပြီး၊ စာတွေ့၊ လက်တွေ့ အသုံးချတတ် စေရန်၊ ပြည်တွင်းပြည်ပ ကျွမ်းကျင်ပညာရှင်ကြီးများ၏ အတွေ့ အကြုံများကတစ်ဆင့် ဝန်ထမ်းများ လေ့လာဆည်းပူးခွင့်ရစေရန် အတွက် ဆောင်ရွက်ခြင်းဖြစ်ကြောင်း၊ နိုင်ငံတစ်နိုင်ငံ အဖွဲ့အစည်း တစ်ခု အောင်မြင်စေရန်အတွက် အခြေခံအုတ်မြစ်ဖြစ်သော လူ့စွမ်းအားအရင်းအမြစ်များကို ပြုစုမျိုးထောင်ပေးခြင်းဖြင့် နိုင်ငံ ဖွံ့ဖြိုးတိုးတက်မှုလုပ်ငန်းများတွင် အရှိန်အဟုန်မြင့်မားအောင် ဆောင်ရွက်နိုင်ခြင်းဖြစ်ကြောင်း၊ လူငယ်များ စွမ်းဆောင်နိုင်မှု စွမ်းရည်ကိုယ်ရည်ကိုယ်သွေး ပိုမိုမြင့်မားလာနိုင်ခြင်း၊ မိမိကိုယ် မိမိ ယုံကြည်မှု ပိုမိုခိုင်မာလာစေနိုင်ခြင်းစသည်ဖြင့် အကျိုးကျေးဇူးများ ကို ရရှိနိုင်မည်ဖြစ်ကြောင်း၊ မြို့ပြများ ကြီးထွားလာခြင်းသည် ကောင်းမွန်သည့် တိုးတက်ပြောင်းလဲမှုဖြစ်သလို တစ်ဖက်တွင် လည်း အရှည်တည်တံ့မှုအတွက် စိန်ခေါ်မှုတစ်ရပ်ဖြစ်ကြောင်း ထည့်သွင်းပြောကြားခဲ့သည်။
ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီအနေဖြင့် လူ့ စွမ်းအား အရင်းအမြစ်များရရှိရေးအတွက် လေ့ကျင့်မွေးထုတ်ပေး လျက်ရှိရာ အဆိုပါသင်တန်းသို့ မြို့ပြစီမံကိန်းဌာန၊ အင်ဂျင်နီယာ ဌာန (ရေနှင့် သန့်ရှင်းမှု)၊ အင်ဂျင်နီယာဌာန (အဆောက်အအုံ)၊ အင်ဂျင်နီယာဌာန (လမ်းနှင့် တံတား)၊ အင်ဂျင်နီယာဌာန (ရေစီး ရေလာစီမံခန့်ခွဲမှု)၊ မြို့ပြပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သန့်ရှင်းရေး ဌာန၊ ပန်းဥယျာဉ်နှင့် အားကစားကွင်းများဌာနတို့က အရာထမ်း၊ အမှုထမ်းသင်တန်းသား ၂၅ ဦး တက်ရောက်ကြသည်။ သင်တန်းမှ ရရှိလာသော ဗဟုသုတများဖြင့် မြို့ပြစနစ်သရုပ်ဖော်သည့်နေရာတွင် ပူးပေါင်းဆောင်ရွက်လာနိုင်မှာ တိုးတက်မြင့်မားစေချင်ကြောင်း။ ။