တောင်တွင်းကြီး၊ ဇွန် ၁၁
မိမိနေထိုင်ရာပတ်ဝန်းကျင်တွင် ပလပ်စတစ်အမှိုက်ကင်းစင်စေရန်အတွက် ပလတ်စတစ်အမှိုက်တစ်ထုပ် နှင့် ဟင်းသီးဟင်းရွက်များ လဲလှယ်ပေးသည့်အစီအစဉ်ကို ဆောင်ရွက်ရာတွင် အောင်မြင်လျက်ရှိသည်ဟု ဦးဆောင်သူတစ်ဦးဖြစ်သူ ကိုအောင်ကျော်ကျော်က ပြောသည်။
COVID-19 ကပ်ရောဂါကာလတွင် အစားအသောက်အခက်အခဲဖြစ်နေသူများလည်း အဆင်ပြေစေရန်၊ မြို့တွင်လည်း ပလတ်စတစ်အမှိုက်ကင်းစင်စေရန်၊ တောင်သူများလည်း ဝင်ငွေရရှိစေရန်ဆိုသည့် ရည်ရွယ်ချက် ဖြင့် ယင်းအစီအစဉ်ကို စတင်ဆောင်ရွက်ခဲ့ခြင်းဖြစ်သည်ဟု ယင်းက ဆိုသည်။
ယခုဆိုလျှင် သုံးကြိမ်မြောက်အထိ လဲလှယ်ပေးနိုင်ခဲ့ပြီးဖြစ်ရာ လဲလှယ်ရာတွင် ပလတ်စတစ်အမှိုက် တစ်ထုပ်နှင့် ကန်စွန်းရွက်၊ ဂေါ်ဖီထုပ်၊ ခရမ်းသီး၊ သရက်သီး၊ ငါးသေတ္တာဘူး၊ ဖူဂျီဆပ်ပြာကရင် အစရှိသည့် ဟင်းချက်စရာအသီးအရွက်များနှင့် လဲလှယ်ပေးခြင်း ဖြစ်သည်။
ထိုသို့လဲလှယ်ရာတွင် တစ်ကြိမ်လျှင် လာရောက်လဲလှယ်သူဦးရေ ၅၀ဝ ကျော်ရှိပြီး မြို့နယ်စည်ပင် သာယာရေးအဖွဲ့၏ အမှိုက်ကားနှစ်စီးစာခန့်ရှိသည့် ပလတ်စတစ်အမှိုက်များကို သိမ်းဆည်းစွန့်ပစ်ပေးနိုင် သည်ဟု ကိုအောင်ကျော်ကျော်က ပြောသည်။
ပလတ်စတစ်အမှိုက်နှင့် ဟင်းသီးဟင်းရွက်လဲလှယ်ပေးသည့်အစီအစဉ်ကို မကွေးတိုင်း၊ တောင်တွင်းကြီး မြို့နယ်တွင် ဆောင်ရွက်နေခြင်းဖြစ်သည်။ တောင်တွင်းကြီးမြို့၏ စွန့်ပစ်အမှိုက်ပုံကြီးနှစ်ပုံနှင့် ဝေးသောနေရာ၊ ဆင်းရဲချို့တဲ့သူများ အများဆုံးနေထိုင်သောနေရာများတွင် ရွေးချယ်ဆောင်ရွက်နေခြင်းဖြစ်သည်။
ယင်းအစီအစဉ်ကို တောင်တွင်းကြီးမြို့၏ လူမှုရေးလုပ်ငန်းများတွင် ပါဝင်ဆောင်ရွက်လေ့ရှိသည့် တိုက်သစ်ကျောင်းဆရာတော် ဦးပညာဝုဓ၊ ဒေါက်တာကျော်ဆွေနှင့် ကိုအောင်ကျော်ကျော်တို့က ဦးဆောင်၍ စတင် အကောင်အထည်ဖော်ခဲ့ကြခြင်း ဖြစ်သည်။ ကနဦးတွင် ဦးဆောင်သူများ၏ ပိုက်ဆံဖြင့်သာ ဆောင်ရွက် ခဲ့ခြင်းဖြစ်သော်လည်း နောက်ပိုင်းတွင် အလှူရှင်များကပါ ပူးပေါင်းပါဝင်ဆောင်ရွက်လာကြသည်ဟု ကိုအောင်ကျော်ကျော်က ပြောသည်။
ကျော်စိုးသူ(City News)