ကန်ကြီးထောင့် ဇွန် ၁၁
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ကန်ကြီးထောင့်မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ ကိုဗစ်-၁၉ ကာလအတွင်း တောင်သူများ မိမိနေအိမ်ခြံဝင်းအတွင်း ဟင်းသီးဟင်းရွက်နှင့် အသီးအနှံများအား တစ်နိုင် တစ်ပိုင်စိုက်ပျိုးနိုင်ရေးအတွက် Home Garden စိုက်ပျိုးရေးနည်းပညာများ၊ မျိုးစေ့များနှင့် ပျိုးပင်များကို အခမဲ့ဖြန့်ဝေပေးလျက်ရှိရာ ဇွန် ၁၀ ရက်၊ နံနက် ၁၀ နာရီက ရိုးကြီးကျေးရွာနှင့်တကုန်းကြီးကျေးရွာရှိ တောင်သူများထံသို့ မျိုးစေ့နှင့် ပျိုးပင်များသွားရောက်ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
"ကိုဗစ်-၁၉ ကာလအတွင်းမှာ တောင်သူတွေအနေနဲ့ မိမိနေအိမ်ခြံဝင်းအတွင်းမှာ ဓာတုကင်းလွတ်ပြီး အဟာရပြည့်ဝတဲ့ သီးပင်စားပင်တွေကို တစ်ပိုင်တစ်နိုင်စိုက်ပျိုးထုတ်လုပ်နိုင်ဖို့ ရည်ရွယ်ပြီး မေလ ဒုတိယပတ်ကစပြီး စိုက်နည်းပညာတွေ၊ ပျိုးပင်တွေနဲ့မျိုးစေ့တွေကို ဖြန့်ဝေပေးခဲ့ပါတယ်။ အဲ့လို ဖြန့်ဝေပေးရာမှာလဲ ရေမြေဒေသနဲ့ကိုက်ညီတဲ့ သီးနှံတွေကိုဖြန့်ဝေပေးခြင်းဖြစ်ပါတယ်။ Home Garden စိုက်ပျိုး ရေးလုပ်ငန်းဆောင်ရွက်တဲ့နေရာမှာ စံပြအနေနဲ့ ကျေးရွာ (၆)အုပ်စုက ကျေးရွာ (၂၅)ရွာမှာ အကောင်အထည် ဖော်ဆောင်ရွက်လျက်ရှိတယ်လို့" မြို့နယ်စိုက်ပျိုးရေးဦးစီးမှူး ဦးကြည်မိုးမှ ပြောသည်။
Home Garden စိုက်ပျိုးနိုင်ရေးအတွက် တောင်သူများထံသို့ မျိုးစေ့နှင့်ပျိုးပင်များဖြန့်ဝေပေးရာတွင် ရေမြေဒေသနှင့်ကိုက်ညီသည့် ချဉ်ပေါင်၊ ကန်စွန်း၊ နံနံ၊ ဟင်းနုနွယ်၊ ကြက်ဟင်းခါး၊ ခရမ်းသီး၊ သခွား၊ ဘူး၊ တိုင်ထောင်ပဲ အစရှိတဲ့ ဟင်းသီးဟင်းရွက် အသီးအနှံ (၁၉) မျိုးကိုဖြန့်ဝေပေးခဲ့ခြင်းဖြစ်ကြောင်းသိရသည်။
နိုင်လင်း(KGD)