နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ဆီစားသုံးမှုလျှော့ချရေး ဝိုင်းဝန်းဆောင်ရွက်ပေး

လူ့ဘဝအသက်ရှင်ရေးအတွက် အစားအစာ သည်  လွန်စွာအရေးကြီးသည်။ ခန္ဓာကိုယ်အတွက် မရှိမဖြစ်လိုအပ်သောစွမ်းအင်ကို အစားအစာမှ ရရှိသည်။ အစားအစာကို ချက်ပြုတ်စားသောက် ရာတွင် ဆီသည်အဓိကကဏ္ဍမှပါဝင်သည်။ မြန်မာ အစားအစာများတွင်ဆီကိုလွန်ကဲစွာ အသုံး ပြုကြသည်။ ဆီကိုရွှဲရွှဲစိုအောင်ဆမ်း၍ စားတတ် သည်။ ဆီပြန်ဟင်းများကို မြိန်ယှက်စွာစားသုံးကြ သည်။ ဆီကိုလွန်ကဲစွာစားသုံးခြင်းကြောင့် ကျန်းမာရေးပြဿနာများ ကြုံတွေ့နေရသည်။ ထို့ပြင် ကျန်းမာရေးနှင့်မသင့်လျော်သော၊ ဘေး ကင်းလုံခြုံမှုမရှိသော စားသုံးဆီများကိုသုံးစွဲ ခြင်းကြောင့် နောက်ဆက်တွဲဆိုးကျိုးများခံစား နေရသည်။ ထို့ကြောင့် ဆီစားသုံးမှုလျှော့ချရေး ကို ဝိုင်းဝန်းဆောင်ရွက်ရမည်ဖြစ်သည်။


 အပင်ကရသောစားသုံးဆီများ


စားသုံးဆီများတွင် မပြည့်ဝသောဖက်တီး အက်စစ်များစွာပါဝင်သည်။ ပြည့်ဝဆီနည်းခြင်း သည် ကျန်းမာရေးအတွက် ပိုမိုကောင်းမွန်သည်။ ပဲဆီ၊ နှမ်းဆီ၊ နေကြာဆီ၊ ပန်းနှမ်းဆီ၊ ပဲပုပ်ဆီ နှင့် ဟင်းသီးဟင်းရွက်ဆီများကို အပင်များက ရရှိသည်။ ၎င်းဆီများသည် သွေးအတွင်း ကိုလက်စထရောပမာဏကို မမြင့်တက်စေဘဲ ကျန်းမာရေးနှင့်ညီညွတ်စေသည်။ သို့ရာတွင် နိုင်ငံခြားမှဝင်လာပြီး ပေါချောင်ကောင်းအသုံး ပြုနေကြသော စားအုန်းဆီသည် ပြည့်ဝဆီများ ခြင်းကြောင့် ကျန်းမာရေးကို ထိခိုက်စေသည်။


 တိရစ္ဆာန်ကရသော စားသုံးဆီများ


အမဲဆီ၊ ဝက်ဆီနှင့်မလိုင် စသည်တို့သည် တိရစ္ဆာန်မှရရှိပြီး ပြည့်ဝသောဖက်တီးအက်စစ် များစွာပါဝင်သည်။ ဝက်သားချက်ရာမှ ထွက်လာ သောဝက်ဆီနှင့် အမဲဆီကဲ့သို့သော တိရစ္ဆာန်တို့ ၏အဆီများကို စားသုံးပါက သွေးအတွင်းမကောင်း သောကိုလက်စထရောများကို မြင့်မားစေသည်။ ကျန်းမာရေးပြဿနာ ဖြစ်ပေါ်စေနိုင်သည်။


 ရေမြောင်းဆီ


ရေမြောင်းဆီဆိုသည်မှာ စားသောက်ဆိုင် များ၏စားကြွင်းစားကျန်ဆီကြော်၊ ဟင်းလျာများ ကိုဆန်ခါအကျဲ၊ ဆန်ခါအစိပ်နှစ်ထပ်ပါရှိသော အုတ်မြောင်းအတွင်းစုပုံစေပြီး ၎င်းမှခပ်ယူရရှိ သောဆီလွှာကို ပြန်လည်သန့်စင်ချက်လုပ်သော ဆီဖြစ်သည်။ အညစ်အကြေးနှင့် ဆီကြော်နံ့များ၊ ပုပ်သိုးနံ့များကို ဖယ်ရှားဖျောက်ဖျက်ပြီး ဆီကောင်း အနည်းငယ်ပြန်ရော၍ အနံ့ (Essence) များ ထည့်ပြီးလျှင် ဆီအသစ်အဖြစ်စားသောက်ဆိုင် များတွင်ပြန်လည်အသုံးပြုကြသည်။ ပုံးသွတ်ခြင်း၊ တံဆိပ်ကပ်ခြင်းများပြုလုပ်ကာ ပြန်လည် ရောင်းချကြသည်။ 

စားသောက်ဆိုင်များ၊ အရပ် ဈေးဆိုင်တန်းများနှင့် လမ်းဘေးဈေးဆိုင်များ တွင်လည်းအသုံးပြုနေကြသည်။ အုတ်ရေမြောင်း အစား သံစည်ပိုင်း၊ ပလတ်စတစ် သို့မဟုတ် စည်ပိုင်းများတွင်ထည့်ကြသည်။ အပေါ်ယံဝေ့ တက်လာသောဆီလွှာကို အကြိမ်ကြိမ်ခပ်ယူ နည်းကိုလည်းအသုံးပြုကြသည်။ ရေမြောင်းဆီကို စားသုံးပါက သွေးဖြူဥများပျက်စီးခြင်း၊ အစာ အဆိပ်သင့်ခြင်းနှင့် ကင်ဆာရောဂါများဖြစ်နိုင် သည်။


 ပြန်သိမ်းဆီ


ပြန်သိမ်းဆီဆိုသည်မှာ စားသောက်ဆိုင်များ၊ ဈေးဆိုင်တန်းများတွင် အကြိမ်ကြိမ်ကြော်လှော် အသုံးပြုပြီးတိုင်း ဆန်ခါပါသောပုံး သို့မဟုတ် စည် ပိုင်းအတွင်း စစ်ချခံယူထားသော ဆီကျန်များကို သီးသန့်စုဆောင်းဝယ်ယူပြီး ထပ်မံသန့်စင်အနံ့ ချွတ်ခြင်း၊ ဓာတုဗေဒနည်းဖြင့် ပြန်လည်စီမံပြု လုပ်ကာ ဆီအသစ်ရောနှော၍ပြန်လည်ရောင်းချ ခြင်းဖြစ်သည်။ ဈေးနှုန်းသက်သာခြင်းနှင့် ခွဲခြား သိရှိရန်ခက်ခဲခြင်းတို့ကြောင့် ဈေးကွက်တွင်လျင် မြန်စွာ ပျံ့နှံ့ရောင်းဝယ်နေကြသည်။ ၎င်းပြန်သိမ်း ဆီကိုအသုံးပြုခြင်းကြောင့် ရောဂါဝေဒနာများ ခံစားရနိုင်သည်။


 ဆီများကိုအကြိမ်ကြိမ်အသုံးပြု ကြော်လှော်ခြင်း


မည်သည့်ဆီအမျိုးအစားကိုမဆို အကြိမ်ကြိမ် အသုံးပြုကြော်လှော်ပါက မပြည့်ဝသောဖက်တီး အက်စစ်မှ ဖွဲ့စည်းပုံသဏ္ဌာန်ပြောင်းပြီး ပြည့်ဝ သောဖက်တီးအက်စစ်ဖြစ်သွားနိုင်သည်။ အကြိမ် ကြိမ်ကြော်လှော်သောဆီတွင် ခဲ၊ အာဆင်းနစ်နှင့် ကင်ဆာဖြစ်စေသော Dioxin ပါရှိသည်။ Dioxin သည်ကင်ဆာဖြစ်သော ဓာတုပစ္စည်းဖြစ်သည်။ ရေရှည်စားသုံးခြင်းကြောင့် အသည်း၊ အစာအိမ်၊ အူလမ်းကြောင်း၊ မျိုးဥပြွန်နှင့်ရင်သားကင်ဆာများ ဖြစ်နိုင်သည်။


အာဆင်းနစ်  (Arsenic) နှင့် ခဲ (Lead) ပါဝင် သော ပြန်ကြော်ဆီများကို စားသုံးမိခြင်းကြောင့် ခေါင်းကိုက်ခြင်း၊ ခေါင်းမူးခြင်း၊ အိပ်မပျော်ခြင်း၊ အားအင်ကုန်ခန်းခြင်း၊ အစာမကြေခြင်း၊ ဝမ်းဗိုက် ပြင်းထန်စွာရစ်ပြီးနာကျင်ခြင်း၊ အသည်းရောင် ခြင်းနှင့် သွေးအားနည်းခြင်းများခံစားရနိုင်သည်။ ထို့ပြင်ကလေးများ၌ ကိုယ်အလေးချိန်လျော့နည်း ခြင်းနှင့်ကြီးထွားမှုနှေးကွေးခြင်းတို့ ဖြစ်တတ်သည်။


 ရောနှောဆီများကို စားသုံးခြင်း


နိုင်ငံခြားမှ တင်သွင်းသောစားအုန်းဆီကို သတ်မှတ်အရည်အသွေးပြည့်ဝမှသာ တင်သွင်း ခွင့်ပြုရမည်။ ယခုအခါ စားအုန်းဆီကို မြေပဲ၊ နှမ်း ဓာတုအနံ့များထည့်သွင်းကာ မြေပဲဆီ၊ နှမ်းဆီ အဖြစ်လိမ်လည်ရောင်းချနေကြသည်။ ထို့ပြင် မသန့်စင်ရသေးသော ဝါစေ့ဆီအနီရောင်ကို အရောင်လှပစေရန်ရောစပ်ပြီး နှမ်းဆီအဖြစ် ရောင်းချကြသည်။ စားသုံးသူပြည်သူများအနေ ဖြင့် ပဲဆီသန့်၊ ဟင်းသီးဟင်းရွက်ဆီသန့်များကို ဝယ်ယူစားသုံးခြင်းမရှိဘဲ ရောနှောဆီများကိုသာ ဝယ်ယူစားသုံးနေကြသည်။ ဆိုးကျိုးအဖြစ် ကျန်းမာရေးကို များစွာထိခိုက်နိုင်သည်။


 ဆီများကို လွန်ကဲစွာစားသုံးခြင်း


မြန်မာနိုင်ငံ၏ စားသုံးမှုပုံစံဓလေ့အရ ဆီ စားသုံးမှုသည် ပိုမိုများပြားနေသည်။ မြန်မာ စားစရာဟင်းလျာများတွင် ဆီသည်မပါမဖြစ် ဖြစ်နေ သည်။ "တန်ဆေး၊ လွန်ဘေး" ဆိုသည့်အတိုင်း လိုအပ်သောပမာဏထက်ပို၍ စားပါက ခန္ဓာကိုယ်တွင် ကယ်လိုရီများစွာစုမိနေတတ် သည်။ နောက်ဆက်တွဲဆိုးကျိုးအဖြစ် အဝလွန် ကဲခြင်း၊ ဆီးချို၊ သွေးချို၊ နှလုံးရောဂါနှင့် သွေးတိုးရောဂါများ ဖြစ်ပွားနိုင်သည်။


ဆီထွက်သီးနှံများကိုစိုက်ပျိုးပြီး ဆီများ ထုတ်လုပ်ခြင်း


မြန်မာနိုင်ငံသည် "စပါးကို တောင်လိုပုံ၊ ဆီကိုရေချိုး" ဆိုသည့်စကားအတိုင်း ဆီအလွန် ပေါများသောနိုင်ငံဖြစ်သည်။ ဆီထွက်သီးနှံများ ဖြစ်သည့် မြေပဲ၊ နှမ်း၊ နေကြာ၊ ပန်းနှမ်း၊ မုန်ညင်းနှင့်ပဲပုပ်များကို တိုးချဲ့စိုက်ပျိုးရမည်။ နှမ်းနှင့်မြေပဲကို နိုင်ငံခြားတင်ပို့ရောင်းချခြင်း ထက်ပြည်တွင်းမှာပင် ဆီများထုတ်လုပ်သင့် သည်။ ဆီစက်များနှင့် ဆီဆိုင်များကိုလည်း သက်ဆိုင်ရာဌာနများမှ စစ်ဆေးအရေးယူခြင်း များ ဆောင်ရွက်ရမည်။


မြန်မာနိုင်ငံအလယ်ပိုင်းမှယူလာသော ဆီ များကို မြန်မာနိုင်ငံအောက်ပိုင်းတွင် တံဆိပ် ကပ်ပြီး ရောင်းချနေမှုများရှိနေသည်။ ထို့ပြင် ဈေးကွက်အတွင်းရောင်းချနေသော ဆီများကို စားသုံးရန် သင့်၊ မသင့်ဓာတ်ခွဲခန်းသို့ပို့၍ စစ်ဆေး ရမည်။ အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေး ဦးစီးဌာနမှညွှန်ကြားထားသော ဥပဒေ၊ နည်း ဥပဒေနှင့် ညွှန်ကြားချက်များကိုလိုက်နာဆောင် ရွက်ပြီး ထောက်ခံချက်ရယူထားရမည်။


ဆီပုံး၊ ဆီဘူးခွံကပ်ထားသောဆီတွင်ပါဝင် သောအဆီဓာတ်၊ ကိုလက်စထရောပမာဏ၊ ဆိုဒီယမ်၊ ကယ်လိုရီ စသည့်များကိုလည်း ကြည့်ရှုပြီးဝယ်ယူရမည်။


ဘေးအန္တရာယ်မကင်းရှင်းသော၊ မှန်ကန်မှု မရှိသော၊ ကျန်းမာရေးနှင့်မညီညွတ်သော စားသုံးဆီများကြောင့် အဝလွန်ကဲရောဂါ၊ နှလုံး သွေးကြောကျဉ်းရောဂါ၊ သွေးတိုးရောဂါ၊ လေဖြတ်ခြင်း၊ ဦးနှောက်နှင့် အာရုံကြောဆိုင်ရာ ရောဂါများခံစားရရှိနိုင်သည်။ ထို့ကြောင့် ဆီနှင့် ပတ်သက်သည့် ကျန်းမာရေးအသိပညာဗဟု သုတများကို ရှာဖွေရမည်။ လုံခြုံစိတ်ချရသော စားသုံးဆီကို ရွေးချယ်စားသုံးရမည်။ "ဘယ်သူ သေသေ၊ ငတေမာရင်ပြီးရော" ဆိုသည့်မမှန် မကန်ထုတ်လုပ်သော၊ ရောင်းချသောသူများကို အရေးယူအပြစ်ပေးရမည်။ စားသုံဆီများကိုရွေး ချယ်ဝယ်ယူခြင်း၊ ဆီစားသုံးမှုကို လျှော့ချခြင်း ဖြင့် ပြည်သူတစ်ရပ်လုံးပူးပေါင်းပြီး ဝိုင်းဝန်း ဆောင်ရွက်ပေးသင့်ပါသည်။     ။                               ဒေါက်တာမြင့်သန်းထွန်း(ပြည်သူ့ကျန်းမာရေး)






အခြားဆက်စပ်သတင်းများ