ဂီတီဂါ ဇွန် ၁၀
အသက် ၅၅ နှစ်အရွယ်ရှိသည့် ဘူရန်ဒီသမ္မတအန်ကူရန်ဇီဇာမှာနှလုံးရောဂါဖောက်ခြင်းကြောင့် ကွယ်လွန် သွားခဲ့ကြောင်းဘူရန်ဒီအစိုးရကကြေညာခဲ့သည်။
နာမကျန်းဖြစ်ခြင်းကြောင့် ပြီးခဲ့သည့်စနေနေ့ကဆေးရုံတက်ခဲ့ရသည့် အန်ကူရန်ဇီဇာသည် ပြီးခဲ့သည့် တနင်္လာနေ့တွင် ကျန်းမာရေးအခြေအနေတိုးတက်လာခဲ့သော်လည်းရုတ်တရက် နှလုံးဖောက်ပြီးကွယ်လွန်ခဲ့ခြင်းဟုအရာရှိများကဆိုသည်။
ဘူရန်ဒီနိုင်ငံကို ၁၅ နှစ်ကြာအုပ်ချုပ်ခဲ့သည့် အန်ကူရန်ဇီဇာသည် လာမည့်သြဂုတ်လတွင် ရာထူးမှဆင်းပေးရန် စီစဉ်ထားသူဖြစ်သည်။ အန်ကူရန်ဇီဇာသည် ၂၀၁၅ ခုနှစ်ကတတိယမြောက် သမ္မတသက်တမ်းအတွက် ဝင်ရောက်ရွေးကောက်ခံရမည်ဟု ကြေညာခဲ့ရာဘူရန်ဒီနိုင်ငံတွင် ကစဉ့်ကလျားအခြေအနေများကြုံတွေ့ခဲ့သည်။
အချို့သူများကတတိယအကြိမ်မြောက် သမ္မတသက်တမ်းဝင်ရောက်ရွေးကောက်ခံရခြင်းမှာတရားဝင်မှု ရှိ၊ မရှိမေးခွန်းထုတ်ခဲ့ကြသည်။ ထို့အပြင် မအောင်မြင်သည့် အာဏာသိမ်းရန် ကြိုးပမ်းမှုကြောင့် လူရာပေါင်းများစွာသေဆုံးခဲ့ပြီးလူသောင်းချီမှာပြည်ပသို့ ထွက်ပြေးတိမ်းရှောင်ခဲ့ရသည်။
အခြေခံဥပဒေကိုပြင်ဆင်ရေးဆွဲခဲ့ခြင်းကြောင့် အန်ကူရန်ဇီဇာအနေဖြင့် နောက်ထပ်သမ္မတသက်တမ်းဝင်ရောက်ရွေးကောက်ခံနိုင်ဦးမည်ဖြစ်သော်လည်းအနားယူတော့မည်ဟုကြေညာခဲ့သည်။
အန်ကူရန်ဇီဇာသည် သမ္မတအဖြစ်မှ အနားယူပါကအမေရိကန်ဒေါ်လာ ၅၄၀၀၀၀ နှင့် ဇိမ်ခံအိမ်တစ်လုံးရရှိမည်ဖြစ်သည်။ အန်ကူရန်ဇီဇာကွယ်လွန်ခဲ့ခြင်းကြောင့် ဘူရန်ဒီနိုင်ငံတွင် သုံးရက်ကြာဝမ်းနည်းခြင်းအထိမ်းအမှတ် ပြုလုပ်မည်ဟုကြေညာထားသည်။
(KNT)