၂၀၂၂ ခုနှစ်၊ ဇူလိုင်လ ၁၉ ရက် သည် ၇၅ နှစ်မြောက် “အာဇာနည်နေ့” ဖြစ်သည်။ မြန်မာ့လွတ်လပ်ရေး ကြိုးပမ်းမှုသမိုင်းတွင် အာဇာနည်ဟု သတ်မှတ်ခံထိုက်သည့် ခေါင်းဆောင် ကြီးများ ကျဆုံးခဲ့သောနေ့ကို “အာဇာနည်နေ့”အဖြစ် သတ်မှတ် ခြင်းဖြစ်သည်။ (က) ကိုယ်ကျိုးကို မကြည့်သူ၊ (ခ) အကြောင်း ဟုတ်၊ မဟုတ်ကို ကောင်းစွာသိမြင်သူ၊ (ဂ) သာမန်ထက် လက်ရုံးရည်၊ နှလုံး ရည်ထူးကဲသာလွန်ပြီး အများအကျိုး အတွက် အသက်စွန့်ဖို့ ဝန်မလေးသူ ကို “အာဇာနည်”ဟု သတ်မှတ်ကြ ပါသည်။ “အာဇာနည်စိတ်ဓာတ်” ဆိုသည်မှာလည်း အမှန်တရားဘက် က မေတ္တာနှင့် သတ္တိတို့ဖြင့် ရပ်တည် သော စိတ်နေသဘောထား ဖြစ်ပါ သည်။ တစ်နည်းဆိုသော် ငါတို့ လုပ်တာ အောင်မြင်သွားရင် ငါတို့ အတွက် ဘာရရမယ်ဆိုတာ မတွေး ဘဲ တိုင်းပြည်ကောင်းစားဖို့ပဲ တွေးသူ ကို “အာဇာနည်စိတ်ဓာတ်ရှိသူ” ဟု ခေါ်နိုင်မည်ထင်သည်။
အာဇာနည်နေ့ ဒို့မမေ့
၁၉၄၇ ခုနှစ်၊ ဇူလိုင် ၁၉ ရက် စနေနေ့က မိုးများအုံ့ဆိုင်းနေသည်။ ထိုနေ့တွင် ဗိုလ်ချုပ်သည် အတွင်း ဝန်ရုံးတွင် အမှုဆောင်အစည်းအဝေး တက်ရန် သူနေထိုင်သည့် တာဝါလိန်း ခြံကြီးထဲမှ ဝူစလီကားဖြင့် နံနက် ၁၀ နာရီခန့်တွင် ထွက်လာသည်။ စနေနေ့ဖြစ်၍ ဗိုလ်ချုပ်က စစ်ယူနီ ဖောင်းမဝတ်ဘဲ ဘန်ကောက် လုံချည် သနပ်ခါးရောင်၊ မန္တလေးပိုးတိုက်ပုံ အင်္ကျီနှင့် လေယာဉ်ပျံတံဆိပ်ဖိနပ် အဖြူ ရောင်စီးထားသည်။
အစည်းဝေးခန်းမဆောင်သည် အတွင်းဝန်များရုံး၏ အနောက်ဘက် အဆောင်တွင် ရှိသည်။
ဗိုလ်ချုပ်တို့ အစည်းအဝေးထိုင် သည့် စားပွဲက ခန်းမဆောင်၏ တောင်ဘက်တွင် ရှိသည်။ စားပွဲ ရှည် သုံးခုကို (ဂ) ပုံသဏ္ဌာန် ပြင်ဆင်ထားသည်။ ဗိုလ်ချုပ်က ထိပ်ဆုံးစားပွဲ၏ အလယ်တွင် ထိုင်သည်။ ဗိုလ်ချုပ်၏ လက်ယာ ဘက်တွင် မန်းဘခိုင်၊ သခင်မြ၊ ဦးရာဇတ်၊ ဦးဘဝင်းနှင့် ဒီးဒုတ် ဦးဘချိုတို့ ထိုင်ကြသည်။
ဗိုလ်ချုပ်၏ လက်ဝဲဘက်တွင် မိုင်းပွန်စော်ဘွားကြီး စပ်စံထွန်း၊ ဦးဘဂျမ်း၊ ဦးအောင်ဇံဝေနှင့် ပျော်ဘွယ် ဦးမြတို့ ထိုင်ကြသည်။ ထိုနေ့က ဝန်ကြီးများအပြင် အမှုဆောင်အဖွဲ့ အတွင်းဝန် ဦးရွှေဘော်နှင့် သယ်ယူ ပို့ဆောင်ရေးဌာန ဒုတိယအတွင်းဝန် ဦးအုန်းမောင်တို့လည်း အစည်းအဝေး တွင် ကူညီရန် အဆင်သင့်ရှိနေကြ သည်။
ဗိုလ်ချုပ်၏ လက်ဝဲဘက်ခြမ်းတွင် ထိုင်နေသော ဦးဘဂျမ်း (လမ်းပန်း အဆောက်အအုံနှင့် ပြည်လည်ထူထောင် ရေးဝန်ကြီး)က အလွန်နေမကောင်း ဖြစ်နေသော်လည်း ဗိုလ်ချုပ်ကိုအရေး တကြီး တင်ပြစရာရှိနေ၍ အစည်းအဝေး သို့ ရောက်လာခြင်းဖြစ်သည်။
၎င်းတင်ပြလိုသော သတင်းက “ဂဠုန်ဦးစောတို့အဖွဲ့ ဘရင်းဂန်း သေနတ် အလက် ၂၀ဝ ကို စစ်တပ်ကနေ မလိမ့်တပတ်လုပ်ပြီး ထုတ်သွားကာ အာဏာသိမ်းရန် ကြံစည်နေသည်” ဆိုသော သတင်းဖြစ်သည်။ ဝန်ကြီး ဦးဘဂျမ်းသည် အစည်းအဝေးတွင် သူ့အလှည့်ရောက်လျှင် ထိုကိစ္စထည့် ပြောရန် ဆုံးဖြတ်ထားသည်။ ဗိုလ်ချုပ် ကို သတင်းထူးတင်ပြချင်၍ သူ့ဆန္ဒ စောနေပြီး ဗိုလ်ချုပ်မျက်နှာကို မကြာ ခဏအကဲခတ်နေသည်။
သို့သော် နောက်ကျသွားပါပြီ။ နံနက် ၁၀ နာရီခွဲတွင် အစိမ်းရောင် ဂျစ်ကားတစ်စီးသည် ဗိုလ်ချုပ်တို့အစည်း အဝေးလုပ်နေသော အတွင်းဝန်ရုံးဘက် သို့ ခပ်ကြမ်းကြမ်းမောင်းဝင်လာသည်။ ၎င်းတို့သည် ဂဠုန်ဦးစော၏ သြဇာခံ များ ဖြစ်ကြသည်။ ကားထဲတွင် အမှတ် ၁၂ စစ်ယူနီဖောင်း အစိမ်းဝတ်၊တော ဆောင်းဦးထုပ်ပျော့ ဆောင်းထား သည့် လူငါးဦးပါလာသည်။ တစ်ဦးက ကားပေါ်တွင် ကျန်နေရစ်ခဲ့ပြီး၊ လေးဦး က အော်တိုမက်တစ်မောင်းပြန် သေနတ်များကိုင်ကာ လှေကားပေါ်သို့ ပြေးတက်လာကြပြီး အစည်းအဝေး ခန်းထဲသို့ ဝင်လာသည်။ ဗိုလ်ချုပ်က ထိုလူသတ်သမားများကို မြင်သည်နှင့် ဖြုန်းခနဲထ မတ်တတ်ရပ်သည်။ တစ်ချိန်တည်းမှာပင် သေနတ်သံတွေ ဆူညံသွားသည်။ လူသတ်သမားများ သည် ဗိုလ်ချုပ်၏ လက်ယာဘက်မှ သေနတ်ကို တရစပ်ဆွဲ ပစ်ခတ်သဖြင့် လက်ယာဘက်မှ ဝန်ကြီးများအားလုံး ထိမှန်သွားသည်။ လက်ဝဲဘက်တွင် ထိုင်နေသော ဦးဘဂျမ်း၊ ဦးအောင်ဇံဝေ၊ ပျော်ဘွယ်ဦးမြတို့ အသက်ချမ်းသာ ရာရသွားကြသည်။
ဗိုလ်ချုပ်၏ လက်ဝဲဘက်ကပ်လျက် ထိုင်နေသော မိုင်းပွန် စော်ဘွားကြီးစပ်စံထွန်းလည်း ကျည်ဆန် ထိခံမှန်ရသည်။ ထိုအချိန် သည် နံနက် ၁၀ နာရီ ၃၇ မိနစ်ဖြစ်သည်။ သေနတ်သမားများ လက်ချက်ကြောင့် ဗိုလ်ချုပ်အပါအဝင် ဝန်ကြီးခြောက်ဦး၊ ဒုတိယအတွင်းဝန်တစ်ဦးနှင့် ဝန်ကြီး ဦးရာဇတ်၏ သက်တော်စောင့်ရဲသား ငယ်တစ်ဦး၊ စုစုပေါင်းကိုးဦး ကျဆုံး သွားသည်။
အတွေးတစ်စ
စာဖတ်ရှုသူများအနေဖြင့် စဉ်းစား စရာ အတွေးတစ်စရှိ ကောင်းရှိပေလိမ့် မည်။ ယခုကဲ့သို့ လုပ်ကြံခံရမည်ဟု ဗိုလ်ချုပ်က လုံးဝမတွေးမိဘူးလား ဆို သည့် အချက်ဖြစ်ပါသည်။
တိုင်းပြည် သစ္စာဖောက်သူတစ်စု ဗိုလ်ချုပ်ကို တစ်နေ့နေ့တစ်ချိန်ချိန် တွင် လုပ်ကြံကြဖို့ သဲသဲမဲမဲကြိတ် ကြံစည်နေကြောင်းကို ဗိုလ်ချုပ်မသိ မဟုတ်။ သိပါသည်။ လုပ်ကြံဖို့ ကြံစည်နေသည့် သတင်းများ၊ အစီရင် ခံစာများလည်း အကြိမ်ကြိမ်ရခဲ့ဖူးပါ သည်။ သို့သော် ဗိုလ်ချုပ်က“တိုင်းပြည် ပေါ်မှာ ထားရှိတဲ့ ကျုပ်ရဲ့ စေတနာ ကို ကျုပ်ကိုယ်ကျုပ် ယုံကြည်သူဖြစ် လို့ ကျုပ်အသက်ကိုတော့ မကြံစည် လောက်ပါဘူး”ဟု ယုံမှတ်ထားသည် ဟု ဆိုသည်။
တိုင်းရင်းသားများ အပါအဝင် လူထုအားလုံးက ဗိုလ်ချုပ်ကို ချစ်ကြ သည်။ ဗိုလ်ချုပ်လမ်းစဉ်ကို ကြိုက် နှစ်သက်ကြသည်။ လူထုနှင့်ဗိုလ်ချုပ်၊ ဗိုလ်ချုပ်နှင့် လူထု ခွဲမရအောင်ဖြစ် သည်။ ဤသည်ကိုပင် မနာလိုမရှုစိမ့် သည့် ဂဠုန်ဦးစောနှင့် အပေါင်းပါ များက ဗိုလ်ချုပ်ကို လုပ်ကြံကြခြင်းဖြစ် သည်။
လုပ်ကြံမှု သတင်းကြားလိုက်သည် နှင့်တစ်ပြိုင်နက် တောင်တန်းနှင့် ပြည် မက တိုင်းရင်းသားအားလုံး ငိုကြွေး ပူဆွေးကြရသည်။ အိန္ဒိယနိုင်ငံခေါင်း ဆောင်ဂန္ဒီကြီးက “မြန်မာ့ခေါင်းဆောင် ဂျင်နရယ်အောင်ဆန်းသည် သူရဲကောင်း လုလင်ဖြစ်တယ်၊ သူဟာ ခေတ်သစ် မြန်မာနိုင်ငံကို မွေးဖွားပေးသူဖြစ် ပြီး၊ မြန်မာနိုင်ငံကို လွတ်လပ်ရေး တံခါးဝမှာ ထားပေးခဲ့တယ်၊ မြန်မာ နိုင်ငံလွတ်လပ်ရေးရတော့မယ့် အချိန် မှာ လက်နက်ကိုင်တစ်စုက သူနဲ့ သူ့ရဲဘော်တွေကို လုပ်ကြံသတ်ဖြတ် လိုက်ကြတယ်၊ ဒီအဖြစ်အပျက်ဟာ မြန်မာနိုင်ငံအတွက်သာမက ကျွန်ုပ်တို့ အာရှတိုက်တစ်ခုလုံးအတွက် ကြေကွဲ ဝမ်းနည်းဖွယ် အဖြစ်ဆိုးတစ်ရပ်သာ ဖြစ်ပါတယ်” ဆုတောင်းပွဲပြုကာ ဆိုသည်။
ဗိုလ်ချုပ်တို့ ကျဆုံးသောနေ့သည် မြန်မာနိုင်ငံလွတ်လပ်ရေးမရမီ ငါးလ ခွဲခန့် အလိုဖြစ်ပါသည်။ ၁၉၄၈ခုနှစ်၊ ဇန်နဝါရီလ ၄ ရက် နံနက် အာရုံတက် ချိန် မြန်မာနိုင်ငံလွတ်လပ်ရေး အလံ လွှင့်ထူခြင်းကို ဗိုလ်ချုပ်တို့ မမြင်လိုက် ရသည့်အတွက် တိုင်းသူပြည်သားများ မချိတင်ကဲ ခံစားရပါသည်။