နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
တက္ကသိုလ်များပိတ်ထားပြီး ဘွဲ့ရများမွေးထုတ်ခြင်း

ဇွန်   ၉


စာရေးသူသည် မန္တလေးတက္ကသိုလ်တွင် ၁၉၆၀ ပြည့်နှစ်မှ ၁၉၆၄ ခုနှစ်အထိ တက်ခဲ့သော တက္ကသိုလ် ကျောင်းသားဟောင်းတစ်ဦးဖြစ်ပါသည်။ ဝိဇ္ဇာဘွဲ့အား အနောက်တိုင်း၊ သမိုင်း၊ ပထဝီနှင့် မြန်မာ့အနုစာပေဘာသာ တွဲဖြင့် ရရှိခဲ့သည်။ ယနေ့ကာလတွင် ကိုဗစ်-၁၉ ကပ်ရောဂါ တစ်ကမ္ဘာလုံးကျရောက်နေသဖြင့် တက္ကသိုလ်ကောလိပ်သိပ္ပံနှင့် အခြေခံကျောင်းများ ပိတ်ထားခဲ့ရသည်။ လူစုလူဝေးမှတစ်ဆင့် ရောဂါကူးစက်ပျံ့နှံ့ပြီး ပြည်သူများဒုက္ခမရောက် စေရန် နိုင်ငံတော်မှ မူချမှတ်ဆောင်ရွက်ခဲ့သည်။


ဤကပ်ရောဂါအခြေအနေမှာ ကမ္ဘာ့ဆေးပညာရှင်များ၏ သုံးသပ်ပြောကြားချက်အရ ၂၀၂၀ ပြည့်နှစ်ကုန်သည့်တိုင် ကာကွယ်ဆေး၊ ကုသဆေးဖော်ထုတ်နိုင်မည့် အနေအထားမရှိသေးဟု သိရသည်။ ကမ္ဘာ့နိုင်ငံအသီးသီးသည် လည်း ရောဂါကူးစက်သူတို့ မသေဆုံးစေရန်အတွက် ကျန်းမာရေးစည်းကမ်းများအား တင်းကြပ်ထားကြသည်။ ရေရှည်တင်းကြပ်ထား၍မရသောအခါ ဖြေလျှော့မှုများအနည်းငယ်ပြုပေးကြ သည်။ ထိုအခါ ရောဂါကူးစက်မှု မြင့်တက်လာခဲ့သည်။ သေဆုံးမှုနှုန်းတက်လာပြန်သည်။ ထိုအခါ ပြန်လည်တင်းကြပ်ရပြန်သည်။ သို့ဖြင့် နိုင်ငံအချို့သည် တက္ကသိုလ်ကောလိပ်သိပ္ပံနှင့် အခြေခံကျောင်းများ ပြန်ဖွင့်ရေးအား လုံးဝမစဉ်းစားနိုင်သည့် အနေအထားဖြစ်ခဲ့သည်။


ကပ်ရောဂါအခြေအနေမည်မျှကြာမည်ဟု ကမ္ဘာ့ကျန်းမာရေးပညာရှင်များက မခန့်မှန်းနိုင်ပါ။ ထို့ကြောင့် ကျောင်းများရေရှည်ပိတ်ထားခြင်းမှာ မူမဖြစ်သင့်ဟု ယူဆပါသည်။ ကျောင်းများရေရှည်ပိတ်ထားလျှင် လူသားအရင်းအမြစ်များ ဆုံးရှုံးနိုင်ပေသည်။ လူငယ်ထုလမ်းမှန်မှ လမ်းမှားသို့ တိမ်းသွားပြီး လူ့ဘောင်လောက ပျက်စီးသွားနိုင်ပေသည်။ အထူးသဖြင့် တက္ကသိုလ်ကျောင်းသားများမှာ ပိုမိုပြီးအန္တရာယ်ရှိပေသည်။
ထို့ကြောင့် စာရေးသူက တက္ကသိုလ်များပိတ်ထားပြီး ဘွဲ့ရများမွေးထုတ်နိုင်သည့်နည်းများအား အကြံပေး ချင်ပါသည်။ နိုင်ငံနှင့် လူမျိုးအကျိုးငှာဖြစ်ပါသည်။


တက္ကသိုလ်ကျောင်းသားများနှင့် ကျောင်းဆရာများအပိုင်း တက္ကသိုလ်များရှိ ဘာသာရပ်အလိုက်နှင့် နှစ်အလိုက် ကျောင်းသား၊ ကျောင်းသူများမှာ ထောင်ဂဏန်းအထိ ရှိပါမည်။ တက္ကသိုလ်ကျောင်းဆရာ၊ ဆရာမများမှာ ရာဂဏန်းမျှရှိပေသည်။ တက္ကသိုလ်တစ်ခုချင်းကို ဆိုလိုပါ သည်။ တက္ကသိုလ်ကျောင်းဆရာများနှင့် တက္ကသိုလ်ကျောင်းသားများ ဆောင်ရွက်ကြရမည့် အပိုင်းအား ကျန်းမာရေးဝန်ကြီးဌာန၏ တစ်ဦးချင်းလိုက်နာရမည့် စည်းကမ်းများနှင့်အညီ ဆွေးနွေးအကြံပြုပါမည်။


ကျောင်းသားများအပိုင်း ကျောင်းသားများသည် မိမိအိမ်တွင်ပင်နေပြီး ကျောင်းစာများအား လေ့လာကျက်မှတ်ကြရပါမည်။ (ဤတွင် မိဘများကလိုအပ်သည်များကို ဝိုင်းကူရပါမည်) ကျောင်းသို့လိုအပ်သည့်အခါမှသာ ရက်အနည်းငယ်လာရန် ဖြစ်ပါသည်။
ဤတွင် ကျောင်းသားအားလုံး ကျောင်းသားမှတ်ပုံတင်လက်မှတ်ရှိရပါမည်။ ကျောင်းကဦးစီးဆောင်ရွက် ပေးရပါမည်။ ကျောင်းသားပေးသွင်းငွေဖြင့် ဆောင်ရွက်ပေးရပါမည် ဤမှတ်ပုံတင်လက်မှတ်တွင် ကိုယ်ရေး အချက်အလက်များ ပြည့်စုံစွာပါရှိရပါမည်။ ပထမနှစ်၊ ဒုတိယနှစ်၊ တတိယနှစ်၊ စတုတ္ထနှစ်စသည့် အတန်းနှင့် ခုနှစ်ပါရှိရပါမည်။ စာရေးသူ၏ ၁၉၆၃-၁၉၆၄ မန္တလေးတက္ကသိုလ်မှတ်ပုံတင်လက်မှတ်အား ဤဆောင်းပါးတွင် ပူးတွဲဖော်ပြထားပါသည်။


ဤကျောင်းသားလက်မှတ်ဖြင့် တက္ကသိုလ်ရှိ မိမိဘာသာရပ်ဌာနမှ ထုတ်ပေးမည့် ပို့ချချက်များအား ထုတ်ယူရပါမည်။ ကျန်းမာရေးအရ ကိုယ်တိုင်မထုတ်ယူနိုင်ပါက ဆရာဝန်၏ ဆေးလက်မှတ်၊ ကိုယ်စားလှယ် လွှဲစာ ကျောင်းသားမှတ်ပုံတင်မူရင်းအား တင်ပြပြီး သတ်မှတ်ရက်တွင် ထုတ်ယူရပါမည်။


ဖော်ပြပါ ကျောင်းသားလက်မှတ်ဖြင့် ခရီးသွားရာတွင် ထက်ဝက်နှုန်းကျခံခြင်း တည်းခိုခန်း၊ ဟိုတယ်တွင် ထက်ဝက်နှုန်းဖြင့် တည်းခိုခွင့်အား နိုင်ငံတော်အစိုးရမှ မူချမှတ်ပြီး ဌာနဆိုင်ရာများမှ ဝိုင်းဝန်းကူညီဆောင်ရွက် ကြရပါမည်။ သက်ဆိုင်ရာတိုင်းနှင့် ပြည်နယ်အစိုးရများမှလည်း ဝိုင်းဝန်းဆောင်ရွက်ကြရပါမည်။ သတ်မှတ် ကာလတစ်ခုအတွက်သာဖြစ်ပါသည်။


ဘာသာရပ်ပို့ချချက်များတွင် ဘာသာတစ်ခုတွင် သင်ခန်းစာစုစုပေါင်း ၁၀၀ ရှိသည်ဆိုပါစို့။ ပထမ ၃၅ ပို့ချချက်များ၊ ဒုတိယ ၃၅ ပို့ချချက်များ၊ တတိယ ၃၀ ပို့ချချက်များအား သုံးကြိမ်သက်ဆိုင်ရာဌာနမှ သတ်မှတ် ရက်တွင် ထုတ်ယူရပါမည်။ ပြီးအိမ်တွင် လေ့လာကျက်မှတ်ရပါမည်။ ဘာသာရပ်ပြဌာန်းချက်စာအုပ်လည်း ဝယ်ယူထားပြီး ပို့ချချက်နှင့် ယှဉ်တွဲလေ့လာရပါမည်။ သို့ဖြင့် ကျေညက်ပါမည်။


စာပေလေ့လာမှုအား အိမ်တွင်ပင် ဆောင်ရွက်ခြင်းဖြင့် လူစုလူဝေးဖြစ်ပေါ်မှုအား ရှောင်ရှားနိုင်ပါမည်။ အချိန်ပိုရှိပါက မိဘအားကူညီဆောင်ရွက်နိုင်ပါသည်။ သို့သော် အချိန်များစွာ လုပ်ရမည်။ မည်သည့်အလုပ်မျှ မလုပ်ရန်မူလိုပါသည်။ စာပေလေ့လာချိန်ပိုမိုရရှိစေရန် ဖြစ်ပါသည်။


ဆရာများအပိုင်း
ဆရာများသည် တက္ကသိုလ်ကျောင်းသို့ မှန်မှန်တက်ကြရပါမည်။ ပို့ချမည့်သင်ခန်းစာများအား ပြုစုကြရပါ မည်။ စာစီစာရိုက်ပြီး သတ်မှတ်ကာလတွင် ကျောင်းသားများအား ဖြန့်ဝေနိုင်ရေးအလေးထားဆောင်ရွက်ကြရ ပါမည်။ ပထမအကြိမ်ထုတ်ပေးမည့် သင်ခန်းစာ ၃၅ အတွက် ပို့ချချက်များအား မည်သည့်ရက်၊ ဒုတိယအကြိမ် ထုတ်ပေးမည့် သင်ခန်းစာ ၃၅ အတွက် ပို့ချချက်များအား မည်သည့်နေ့ရက်နှင့် နောက်ဆုံးသင်ခန်းစာ ၃၀ ပို့ချချက်များအား မည်သည့်နေ့၊ ရက်တွင် ထုတ်ပေးမည်ကို ကျောင်းသားများသိရှိစေရန် ဆက်သွယ်မှု ပုံစံ မျိုးစုံဖြင့် အသိပေးရပါမည်။


ကျောင်းသားအမှတ် ၁ မှ ၃၀၀ အထိအား မည်သည့်ရက်၊ ကျောင်းသားအမှတ် ၃၀၁ မှ ၆၀၀ အထိအားမည်သည့်ရက်၊ နေ့၊ မည်သည့် ဘာသာဌာနတွင် ထုတ်ပေးမည်ကို အသိပေးရပါမည်။  လူစုလူဝေးမဖြစ်စေရန် ကောင်တာ တစ်ခုလျှင် ကျောင်းသား ၆၀ နှုန်းဖြင့် ကောင်တာ ငါးခုမှ တစ်ပြိုင်နက် ၆ ပေ အကွာ တန်းစီပြီး ထုတ်ပေးသွားရပါမည်။ ထိုနေရာများတွင် လက်သန့်စင်ဆေးရည်၊ ဆပ်ပြာနှင့် ရေများ ထားပေးရပါမည်။
ဒုတိယအကြိမ် ပို့ချချက်များနှင့် တတိယအကြိမ် ပို့ချချက်များအားလည်း အထက်ပါအတိုင်း အတိအကျ သတ်မှတ်ထုတ်ပေးရပါမည်။


ပညာသင်နှစ် မကုန်ဆုံးမီ နောက်ပိုင်းကာလတစ်ခုတွင်  စာမေးပွဲကျင်းပခြင်း၊ ထိုကာလမတိုင်မီတွင် လည်း တစ်ကြိမ် (သို့မဟုတ်) နှစ်ကြိမ် စာမေးပွဲစစ်ဆေးခြင်းပြုရပါမည်။ အဖြေလွှာများ ရရှိပါက လျှို့ဝှက် ကုတ်သွင်းခြင်း၊ အဖြေလွှာစစ်ခြင်း၊ ရမှတ် မှတ်ပုံတင်ခြင်း၊ အောင်စာရင်းထုတ်ခြင်းတို့အား သက်ဆိုင်ရာဌာန လုပ်ထုံးလုပ်နည်းနှင့်အညီ ဆောင်ရွက်ရပါမည်။ သို့ဖြင့် နှစ်စဉ် ဘွဲ့ရ ကျောင်းသားများ မွေးထုတ်နိုင်ပါမည်။ ဘွဲ့ပေးသည့် အခမ်းအနားအား လူစုလူဝေးမဖြစ်ပေါ်စေရန်  ဆိုပါလျှင် ဘွဲ့လက်မှတ် နှင့် ကတိသစ္စာပြုချက်အား ကျောင်းသား ထံ အိမ်တိုင်ရာရောက် တက္ကသိုလ်မှ ပို့ပေးရပါမည်။

စာမေးပွဲ
ဘာသာရပ်အလိုက် ပို့ချချက်များ ဖြန့်ဝေပြီးနောက် ပထမအကြိမ် ဒုတိယအကြိမ်၊ တတိယအကြိမ် စာမေးပွဲများ စစ်ရပါမည်။ ဥပမာ ပထမအကြိမ်အတွက် ပေးမှတ် ၃၀၊ ဒုတိယအကြိမ်အတွက်ပေးမှတ် ၃၀၊ နောက်ဆုံးစာမေးပွဲအတွက် ပေးမှတ် ၄၀ စသည် သတ်မှတ်သင့်ပါသည်။ နှစ်ကြိမ်သာ စစ်ဆေးလျှင် ပထမ အကြိမ်တွင် ပေးမှတ် ၄၀၊ ဒုတိယအကြိမ်စာမေးပွဲအတွက် ပေးမှတ် ၆၀ စသည် သတ်မှတ်သင့်ပါသည်။ သိပ္ပံ ဘာသာတွဲများ ဖြစ်ပါက လက်တွေ့အား လူစုလူဝေးမဖြစ်စေရန် တက္ကသိုလ်ရှိ သင်ထောက်ကူ ပစ္စည်းပေါ်မူတည်ပြီး အကြိမ်နှင့်အသုတ်ခွဲပြီးပြုလုပ်ရပါမည်။


စာမေးပွဲများ ကျင်းပရာတွင် တစ်ဦးနှင့်တစ်ဦး ၆ ပေကွာ ထိုင်ကြရပါမည်။ တက္ကသိုလ်ရှိ စာသင်ဆောင် များနှင့် မလောက်ငပါက တက္ကသိုလ်တည်ရှိရာမြို့ရှိ အထက်တန်းကျောင်းမှ စာသင်တန်းများအား အသုံးပြု ရပါမည်။ ထိုအခါ အထက်တန်းကျောင်းများပိတ်ချိန်(သို့မဟုတ်) ယာယီပိတ်ပြီး ဆောင်ရွက်ကြရပါမည်။ အခန်းစောင့်များအနေဖြင့် မလုံလောက်ပါက အထက်တန်းပြဆရာများအား ကူညီဆောင်ရွက်ရန် အထက်ဌာန မှ ညွှန်ကြားပေးရပါမည်။


ကျောင်းသားများ စာမေးပွဲလာရောက်ဖြေဆိုစဉ် တည်းခိုနေထိုင်ရေးအတွက် တက္ကသိုလ်ရှိ အဆောင် များနှင့် မလုံလောက်ပါက တက္ကသိုလ်ရှိ မြို့မှ ဟိုတယ်၊ မိုတယ်၊ အင်း စသည်တို့အား ချိုသာသော နှုန်းဖြင့် တည်းခိုနိုင်ရေးအား တာဝန်ရှိသူများမှ ညှိနှိုင်းစီစဉ်ပေးရပါမည်။ သို့မှ မလုံလောက်ပါက သာသနာရေးဝန်ကြီး ဌာန၊ နိုင်ငံတော်သံဃမဟာနာယက ဆရာတော်ကြီးများထံ ညှိနှိုင်းလျှောက်ထားပြီး ဘုန်းတော်ကြီး ကျောင်းများတွင်  တည်းခိုနိုင်ရေး စီစဉ်ပေးရပါမည်။ ထို့ပြင် လုံခြုံရေး၊ ကျန်းမာရေးနှင့်အခြား အုပ်ချုပ်ရေး ကိစ္စရပ်များအားလည်း ဒေသဆိုင်ရာများမှ ပံ့ပိုးပေးကြရပါမည်။ ဘတ်စ်ကားများရှိသည့် မြို့ဖြစ်ပါက ကျောင်းသားလက်မှတ်ဖြင့် ထက်ဝက်နှုန်းပေးပြီး စီးနင်းနိုင်ရေး စီမံပေးရပါမည်။ ဤသည်ကား ကာလ တစ်ခုအတွက်သာ ဖြစ်ပါသည်။


စာမေးပွဲနှင့်ပတ်သက်၍ ကျောင်းသားများအား အနီးကပ် သင်တန်းများခေါ်ရန် မလိုပါ။ သို့ဖြင့် လူစုလူဝေးကိစ္စရှောင်ရှားပြီးဖြစ်ပါမည်။ စာရေးသူ တက္ကသိုလ်တက်စဉ်က ကျောင်းစာကြည့်တိုက်တွင်ရှိသော ဘာသာရပ်အလိုက်၊ နှစ်အလိုက်် မေးခွန်းပေါင်းချုပ်စာအုပ်များအား ခေတ္တငှားပြီး ကူးယူရသည်။ လွန်ခဲ့သော သုံးနှစ်၊ နှစ်နှစ်နှင့်  ပြီးခဲ့သောနှစ်က မေးခွန်းများအား လေ့လာရသည်။ သို့ဖြင့် ယခုနှစ်တွင် မည်သည့် အကြောင်းအရာအား‌မေးမည်ကို  မိမိဘာသာသုံးသပ်သည်။ ဆရာများကလည်း မည်သို့မေးမည်၊ မည်သည့် အကြောင်းအရာကျက်ထားဟုမပြော၊ ကိုယ်ကလည်း ဆရာ့ထံ မမေး။ ထိုစဉ်က ကျောင်းသားနှင့် ဆရာများ သည်  ခပ်ခွာခွာ နေကြသည်။ ဆရာ၊ ဆရာမကို ကျောင်းစာသင်ခန်းတွင်ပင် တွေ့မြင်ရသည်။ သို့ဖြင့် စာကောင်းစွာ ကျက်ပြီး စာမေးပွဲတိုင်း အောင်မြင်ကာ ဝိဇ္ဇာဘွဲ့ရခဲ့သည်။ စာမေးပွဲအောင်ရန် ဆရာအား အားမကိုးခဲ့ရပါ။


ယခုခေတ်တွင်လည်း ကျောင်းသားများ လွန်ခဲ့သောနှစ်များမှ မေးခွန်းများအား လေ့လာကြကာ စာမေးပွဲ ဖြေခြင်းဖြင့် ကျောင်းစာများ ကျေညက်ပါမည်။ စာမေးပွဲအောင်ကြပါမည်။ မေးခွန်းဟောင်းများ၊ သင်ခန်းစာပို့ချချက်များအား ဖြန့်ဝေရာတွင် ကျောင်းသားများထံမှ ငွေကြေးရယူ ရပါမည်။ ကုန်ကျစရိတ်ကိုပင် တောင်းခံရပါမည်။ အမြတ်ထုတ်ရောင်းချခြင်း မပြုရန် လိုပါမည်။ ထိုသို့ ဆောင်ရွက်ခြင်းဖြင့် တက္ကသိုလ်ကျောင်းများမဖွင့်ဘဲ ကျောင်းသားများ ကျောင်းမတက်ရဘဲ ဘွဲ့ရ နိုင်ပါသည်။ ခေတ်ပညာတတ်များမွေးထုတ်နိုင်ပါမည်။


ဖော်ပြပါ အစီအစဉ်များမှာ ကိုဗစ်-၁၉ ကပ်ရောဂါကာကွယ် ဆေးကုသခြင်း မပေါ်ပေါက်မီ ကာလအတွက် သုံးသင့်သည့် ပညာသင်ကြားရေး အစီအစဉ်ဖြစ်ပါသည်။ ကျောင်းသားက ကိုယ်တိုင်လေ့လာကျက်မှတ်ရပါ မည်။ ရေရှည်သုံးရမည့် အကြံဉာဏ်မဟုတ်ပါ။ လူငယ်ထု၏ အဖိုးမဖြတ်နိုင်သောအချိန်များ အလဟဿ မကုန်ဆုံးစေရန်သာ ဖြစ်ပါသည်။


တက္ကသိုလ်တွင် စုစုစည်းစည်းကျောင်းတက်ရခြင်းဖြင့် အောက်ပါ အခွင့်ထူးများ ခံစားကြရပါသည်။ (က)ပညာရပ်များအား ပြည့်ပြည့်ဝဝ အေးအေးဆေးဆေး လေ့လာခွင့်ရခြင်း၊ (ခ) ကျယ်ကျယ်ပြန့်ပြန့် လေ့လာ နိုင်ခြင်း၊ (ဂ) မိတ်ဆွေကောင်းများ၊ ဆရာကောင်းများနှင့် ပေါင်းသင်းခွင့်၊ ဆက်ဆံခွင့်ရရှိခြင်း၊ (ဃ) မိတ်ကောင်းများတိုးပွားခြင်း၊ (င) အထွေထွေဗဟုသုတများရရှိခြင်း၊ (စ) မိမိဝါသနာပါရာ အားကစား၊ အနုပညာ စသည်များအား လေ့ကျင့်လိုက်စားနိုင်ခြင်း၊ (ဆ) စိတ်ဓာတ်ခွန်အားပြည့်ဝရခြင်း။


မိမိအိမ်တွင်နေပြီး တက္ကသိုလ်ပညာလေ့လာရသောအခါ ဖော်ပြပါ အထက်ပါအခွင့်အလမ်းများ ဆုံးရှုံးရ သည်။ ထို့ကြောင့် စာရေးသူက ကပ်ရောဂါကာလတွင်သာ ကျင့်သုံးရန် အကြံပြုခြင်းဖြစ်ပါသည်။ ကပ်ရောဂါလည်း အောင်မြင်စွာ ကျော်လွှား၊ အချိန်ကိုလည်း ထိရောက်စွာ အကျိုးပြုနိုင်မည့်နည်း ဖြစ်ပါ သည်။ ဤအကြံပြုချက်သည် ပြီးပြည့်စုံသော အကြံပြုချက်မဟုတ်ပါ။ စာရေးသူ၏ အတွေ့အကြုံပေါ် မူတည် ပြီး နိုင်ငံတော်နှင့် နိုင်ငံသား လူငယ်၊ လူကြီးများ အကျိုးငှာသာ ရေးသားအကြံပြုချက်ဖြစ်ပါသည်။ နိုင်ငံတော် အကြီးအကဲများ၊ ဌာနဆိုင်ရာလူကြီးများ၊ ဒေသဆိုင်ရာအစိုးရအဖွဲ့များအနေဖြင့်မူ ပိုမိုကျယ်ပြန့်စွာ တွေ့မြင် ပါမည်။


စာရေးသူ၏ အကြံနှင့် လူကြီးမင်းများ၏ အကြံဉာဏ်များ ပေါင်းစပ်လိုက်ခြင်းဖြင့် ကောင်းမွန် အဆင် ပြေသော လုပ်ရပ်များအား ဖော်ထုတ်နိုင်ပါမည်။သို့ဖြင့် အကျိုးထူးများ ရရှိကြကာ လက်ရှိအခက်အခဲများအား ကောင်းစွာ ဖြေရှင်းကျော်လွှားနိုင်မည်ဖြစ်ပေသည်။ တက္ကသိုလ်များ ပိတ်ထားသော်လည်း  ဘွဲ့ရများ မွေးထုတ် နိုင်ပါမည်။ ဘွဲ့ရလူငယ်များ စဉ်ဆက်မပြတ်မွေးထုတ်နိုင်ပါစေ။


မြင်းခြံကျော်အောင်






အခြားဆက်စပ်သတင်းများ