မြန်မာနိုင်ငံလုံးဆိုင်ရာ အမျိုးသမီးရေးရာ ကော်မတီကို ၁၉၉၆ ခုနှစ် ဇူလိုင် ၃ ရက်နေ့မှာ စတင်ဖွဲ့စည်းခဲ့သဖြင့် ယခုနှစ်သည် ၂၆ ကြိမ် မြောက်နှစ်ပတ်လည်နေ့ ဖြစ်ပါသည်။ မြန်မာ နိုင်ငံတွင် မှီတင်းနေထိုင်ကြကုန်သော မြန်မာ အမျိုးသမီးများကို ဂုဏ်ပြုသောအားဖြင့် မြန်မာ အမျိုးသမီးများနေ့ကို နှစ်စဉ်နှစ်တိုင်း ဇူလိုင် ၃ ရက်တွင် ကျင်းပကြခြင်းဖြစ်ပါသည်။ အမျိုးသမီးများသည် အားနွဲ့သူများဖြစ်၍ အမျိုး သမီးများဘဝ ကာကွယ်စောင့်ရှောက်ရေးနှင့် အမျိုးသမီးများအား၊ ပြုစုပျိုးထောင်ရေးလုပ်ငန်း များကို နိုင်ငံတော်အစိုးရနှင့်အတူ သက်ဆိုင်ရာ အသင်းအဖွဲ့များကလည်း ဆောင်ရွက်ပေးလျက် ရှိသည်။ ထို့ပြင် အမျိုးသမီးများ၏ အခွင့်အရေး နှင့် ဘဝများကို ထိန်းသိမ်းစောင့်ရှောက်မြှင့်တင် ပေးလျက်ရှိသလို ပညာရေး၊ ကျန်းမာရေး၊ စီးပွားရေးမှအစ အမျိုးသမီးများ၏ ဘဝဖွံ့ဖြိုး တိုးတက်ရေးနှင့် ဘဝလုံခြုံရေးအတွက်ပါ သက် ဆိုင်ရာ အဖွဲ့အစည်းများက ယခင်က ထက်ပို၍ ထင်သာမြင်သာ ကာကွယ်စောင့်ရှောက်ပေး သည်ကို တွေ့မြင်လာရပါသည်။
ထို့ကြောင့် အမျိုးသမီးများဘက်ကလည်း အမျိုးသမီးဂုဏ်ရည်ကို အသိ၊ သတိတရားဖြင့် ထိန်းသိမ်းမြင့်တင်ရပါမည်။ မြန်မာအမျိုးသမီး များအတွက် အရေးကြီးသည့်အချက်မှာ တိုင်းရင်း သား ရိုးရာယဉ်ကျေးမှု ဓလေ့ထုံးစံများ၊ အမျိုး ဂုဏ်၊ ဇာတိဂုဏ်များ၊ ပျိုပျိုအိုအို အမျိုးသမီး တို့၏ ဂုဏ်ရည်များ မပျက်မယွင်း၊ မချို့တဲ့ရလေ အောင် မိမိတို့၏ မိန်းမသားဘဝကို အစဉ် မြတ်နိုး တန်ဖိုးထားတတ်ရပါမည်။ တစ်ဦး တစ်ယောက်မှသည် အမျိုးသမီးထုတစ်ရပ်လုံး မြန်မာ့ဂုဏ်ဆောင်ခြင်းဖြင့် အနာဂတ်မြန်မာ အမျိုးသမီးများဘဝ ပိုမိုတိုးတက်ကောင်းမွန်လာ ပါမည်။ မြန်မာအမျိုးသမီးများဆိုသည်မှာ မြန်မာနိုင်ငံအတွင်း မွေးဖွားလာကြသော မြန်မာ တိုင်းရင်းသားလူမျိုးစု အမျိုးသမီးများအားလုံး ကို ရည်ညွှန်းပါသည်။
တန်ဖိုးရှိလှ မိန်းမသားဘဝ။
တန်ဖိုးရှိသော မြန်မာအမျိုးသမီးတစ်ယောက် ဆိုသည်မှာ ဘာသာတရား အဆုံးအမဖြင့် ကြီးပြင်းလာသူ၊ ကိုယ်အမူအရာနှုတ်အမူအရာ ယဉ်ကျေးသော အသိုင်းအဝိုင်းမှ ပေါက်ဖွားလာ သူ၊ မိသားစုနှင့် ပတ်ဝန်းကျင်အသိုင်းအဝိုင်းက တန်ဖိုးထားခံရသူ၊ အမျိုးသမီးတစ်ယောက်၏ တန်ဖိုးကို သိနားလည်ပြီး မိမိကိုယ်ကို တန်ဖိုး ထားတတ်သူ ဖြစ်ရပါမည်။ မိမိ သည် မြန်မာလူမျိုး ဖြစ်သည်၊ မြန်မာတိုင်းရင်းသားဖြစ်သည်။ မြန်မာအသိုင်းအဝိုင်းမှာ မွေးဖွားလာသည်။ ထို့ကြောင့် ကိုယ့်မြန်မာလူမျိုးကို တန်ဖိုးထား တတ်ရပါမည်။
ရှေးခေတ် ကျောက်စာများတွင် “ယောက်ယာ၊ မိမ”ဟူ၍ တွေ့ရပြီး၊ ယောက်ယာကို ယောကျ်ားဟု ခေါ်ဆို၍၊ မိမကို မိန်းမဟု ခေါ်ဆိုခြင်းဖြစ်သည်။ ပေါရာဏကျမ်းဆရာတို့က၊ နူးညံ့သိမ်မွေ့စွာ သွားလာခြင်း၊ စားသောက်ခြင်း၊ နေထိုင်ခြင်း ဆိုသည့် အမူ အရာတို့ကို မြင်တွေ့ရသည့်အတွက် မိန်းမောနိုင်သည်ဖြစ်၍၊ “မိန်း” ဟု ခေါ်ဆိုပြီး၊ လင်သားစသည့် အဆွေအမျိုးတို့ကို စောင်မ ကြည့်ရှုတတ်သည့်အတွက် “မ” ဟု ခေါ်ဆိုပါ သည်။ ထိုမိန်းနှင့် မကို ပေါင်း၍၊ မိန်းမဟူ၍ ခေါ်ဆိုညွှန်ပြကောက်ယူခဲ့ပါသည်။ ရှေးပညာ ရှိ နီတိဆရာများက “ရဟန်းတို့သည် အကျင့် သီလနှင့် ပြည့်စုံရမည်၊ မင်းတို့သည် စစ်သည် အင်္ဂါနှင့် ပြည့်စုံရမည်၊ မိန်းမတို့သည် အဆင်း အင်္ဂါနှင့် ပြည့်စုံရမည်”ဟု ဖွင့်ဆိုခဲ့ပါသည်။ မိန်းမ တစ်ယောက်မှာ ခန္ဓာကိုယ် ရုပ်ရည်လှပမှုအဆင်း သာမက စိတ်နေစိတ်ထားလှပမှု အချင်းနှင့်ပါ ပြည့်စုံနေပါမှ ထူးချွန်ပြည့်ဝသော မိန်းမကောင်း မိန်းမမြတ်ဖြစ်ပါမည်။
ရှေးပညာရှိကဝိ အကျော် အမော်တို့က မိန်းမအမျိုးအစားနှင့် အဆင့်အတန်း တို့ကို အောက်ပါအတိုင်း ခွဲခြားရေးသားထားကြ ပါသည်။
(က) ပဒုမ္မနီမိန်းမတို့၏ လက္ခဏာ။
(၁) လဝန်းကဲ့သို့သော မျက်နှာရှိ၏။ (၂) ညက်ညောသည့် အသားအရေရှိ၏။ (၃) တောက်ပဖြူစင်သော သွားရှိ၏။ (၄) ခြေဖဝါး၊ လက်ဖဝါး ပြည့်ဖြိုး၏။ (၅) ဆံပင်နက်မှောင် ရှည်လျားကောင်းမွန်၏။ (၆) လည်ပင်းတွင် အရေးအရစ် သုံးခုရှိ၏။ (၇) သားမြတ် ကြီး၏။ (၈) ဟင်္သာကဲ့သို့ သွားလာတတ်ခြင်းမျိုးရှိ၏။ (၉) အသံသြဇာ သာယာမှုရှိ၏။ (၁၀) မိဘဆရာတို့ အား ရိုသေလေးစားမှု ရှိ၏။ (၁၁) လင်ယောကျ်ားကို ချစ်ခင်ရိုသေ၏။ (၁၂) မကောင်းမှုကို ရှောင်ကြဉ်၍ ကောင်းမှုကို ပြုတတ်၏။ (၁၃) အရှက်တရား ကြီးမား၏။ (၁၄) ကြောက်ရွံ့လေးစားထိုက်သူကို ကြောက်ရွံ့၏။ (၁၅) ပညာအရည်အချင်းနှင့် ရုပ်ရည်ချောမောလှပမှုတို့နှင့် ပြည့်စုံ၏။ (၁၆) ပဒုမ္မာကြာကဲ့သို့သော ကိုယ်နံ့ရှိ၏။ (၁၇) ကိုယ် အရသာ ချို၏။ (၁၈) မာတင်္ဂကဲ့သို့ ကြည့်ခြင်း မျိုးရှိ၏။ (၁၉) ကိုယ်သည် ချမ်းသောအခါတွင် နွေး၍၊ ပူသောအခါတွင် အေး၏။
(ခ) စိတ္တရနီမိန်းမတို့၏ လက္ခဏာ။
(၁) ရယ်ရွှင်မြူးတူးခြင်းများ ရှိ၏။ (၂) ခိုပေါက်ကဲ့သို့သော အသံရှိ၏။ (၃) လိပ်ကဲ့သို့ သွားလာမှုမျိုး ရှိ၏။ (၄) အသားအရေ ပျော့ပျောင်း မှုရှိ၏။ (၅) မိဘဆရာတို့အား ရိုသေလေးစား တတ်၏။ (၆) ကြာညိုနံ့ကဲ့သို့သော ကိုယ်နံ့ရှိ၏။ (၇) လင်ကို ရိုသေတတ်၏။
(ဂ) သင်္ခနီမိန်းမတို့၏ လက္ခဏာ။
(၁) ဆံပင် ရှည်လျားကောင်းမွန်၏။ (၂) ပျား အနံ့ကဲ့သို့သော ကိုယ်နံ့ရှိ၏။ (၃) သားမြတ်သည် သလဲသီးနှင့်တူ၏။ (၄) ခါး စင်း၍ ရင်ကော့၏။ (၅) ကိုယ်ဟန်သွင်ပြင် ပြေပြစ်၏။ (၆) ယစ်မငယ်၏ သွားလာပုံမျိုးရှိ၏။ (၇) အမွှေးအကြိုင်ပန်းနံ့သာ မက်မော၏။ (၈) မကောင်းသော အရသာကို စား ၏။ (၉) ရာဂ ရမ္မက်ကြီး၏။ (၁၀) ယောကျ်ားနှင့် ခဏတာလေးတောင် ကင်းကွာနေလိုစိတ်မရှိခြင်း ဖြစ်၏။ (၁၁) ရသေ့၊ ရဟန်းကို မြင်လျှင်ပင် မက်မော၏။
(ဃ) ဟတ္တနီမိန်းမတို့၏ လက္ခဏာ။
(၁) တင်ပါးဆုံကြီးပြီး တင်ပါးမြင့်၏။ (၂) နားရွက်တိုပြီး နှုတ်ခမ်းကြီး၏။ (၃) နှာခေါင်း ပိပြား၏။ (၄) မျက်စိသည် လောက်စာလုံးကဲ့သို့ ဝိုင်း၏။ (၅) ခါးတုတ်၏။ (၆) ပေါင်ရင်းတုတ်၏။ (၇) ခြေသလုံးကြီးပြီး ခြေဖဝါးတို၏။ (၈) လက် ချောင်း ခြေချောင်းတို၏။ (၉) သားမြတ်သေး၍ ချက်ကြီး၏။ (၁၀) ကိုယ်အရသာ ငံ၏။ (၁၁)ဆင်မကဲ့သို့သော သွားလာခြင်းမျိုးရှိ၏။ (၁၂) ဆင်မုန်နံ့ကဲ့သို့သော ကိုယ်နံ့ရှိ၏။ (၁၃) အမျက် ဒေါသကြီး၏။ (၁၄) လောဘရမ္မက်ကြီး၏။ (၁၅) ရာဂရမ္မက်ကြီး၏။ (၁၆) ယောကျ်ားမြင်လျှင် တိမ်းညွှတ်လွယ်၏။
မြန်မာမိန်းကလေးတို့သည် မိန်းမကောင်း မိန်းမမြတ်ဂုဏ်ရည်နှင့် ပြည့်ဝသော မိန်းမ တစ်ယောက်ဖြစ်လာစေရန် အထက်ဖော်ပြပါ လေးမျိုးအနက် ပဒုမ္မနီ မိန်းမအမျိုးအစားနှင့် စိတ္တရနီ မိန်းမအမျိုးအစား စာရင်းမှာပါရှိအောင် မိမိကိုယ်ကို ပြုပြင်ထိန်းသိမ်းအပ်ပါသည်။ ဖော်ပြ ပါ ကြန်အင်လက္ခဏာများအပြင် မိန်းမကောင်း မိန်းမမြတ်တို့၏ အရည်အချင်း (၁၂) ရပ်နှင့်အညီ ကျင့်ကြံအားထုတ်နိုင်ဖို့ လိုအပ်ပါသည်။ ၎င်းတို့ မှာ-
- ရတနာသုံးပါးနှင့် မိဘဆရာသမားတို့အား ရိုသေ၍ ကုသိုလ်ကံ၊ အကုသိုလ်ကံတို့၏ အကျိုး၊ အပြစ်ကို ယုံကြည့်ပြီး သဒ္ဒါတရားရှိဖို့ လိုပါသည်။
- မကောင်းမှုဟူသမျှတို့ကို ပြောဆိုပြုလုပ်ရ မည်ကို အရှက်တရားရှိပြီး ရှောင်ကြဉ်တတ်ဖို့လိုပါ သည်။
- မကောင်းမှုဟူသော ကိစ္စရပ်များကို ကြောက် တတ်ပြီး ဝေးဝေးက ရှောင်ရှားသင့်ပါ သည်။
- ကိစ္စဟူသမျှတို့တွင် ဆတ်ဆတ်ထိမခံ အမျက် ဒေါသကြီးခြင်းမရှိဘဲ၊ စိတ်ရှည်ထား၍ သည်းခံ တတ်ရပါမည်။
- အသိပညာ၊ အတတ်ပညာတို့ကို ရင့်သန်မှု ရှိအောင် ကြိုးစားရပါမည်။
- လူ့ကျင့်ဝတ်သိက္ခာကို စောင့်ထိန်းသည့်အနေ ဖြင့် သူတစ်ပါး၏ သိက္ခာဂုဏ်ကျေးဇူးတို့ကို မဖျက်ဆီးသင့်ပေ။
- သူတစ်ပါးအား မနာလိုဝန်တိုခြင်း မပြုရ၊ ငြူစူ စောင်းမြောင်းခြင်းလည်း မပြုရပါ။
- မိမိကဲ့သို့ လှလာမည်၊ မိမိကဲ့သို့ အခွင့် အလမ်းကောင်း ရလာမည်၊ မိမိကဲ့သို့ ချမ်းသာ လာမည်ကို မကြိုက်သော သဝန်တိုစိတ်ထားမျိုး မထားရ။
- ကိုယ်ကျင့်သီလကို ထိန်းသိမ်း စောင့်ရှောက် ရပါမည်။ (အနည်းဆုံး ၅ ပါးသီလကို လုံခြုံအောင် စောင့်ထိန်းရပါမည်)
- အကြားအမြင်ဗဟုသုတ အတွေ့အကြုံများ ရှိအောင် ဆည်းကပ်လေ့လာရပါမယ်။ လောက စာပေများဖြစ်ကြသည့် သုတစာပေ၊ ရသစာပေ၊ ဓမ္မစာပေတို့ကို ဖတ်ရှုလေ့လာ မှတ်သားပြီး၊ ကျင့်ကြံကြိုးကုတ် အားထုတ်တတ်ဖို့လည်းလိုပါ သည်။
- မိမိကိုယ်တွင် အပျင်းထူသောစိတ်များမမွေးရ။
- အရာရာတွင် သတိဝီရိယ ရှိနေရမှာဖြစ်ပြီး၊ မေ့မေ့လျော့လျော့ ပေါ့ပေါ့တန်တန် နေထိုင်ပြော ဆိုခြင်း မပြုသင့်ပေ။
မိမိကိုယ်ကို ယုံကြည်မှု။
“အမျိုးသမီးက အမျိုးသားကို မှီခိုရမယ်” ဟူသော အယူအဆတစ်ခုရှိခဲ့သည်။ သို့သော် ၂၁ ရာစု မျက်မှောက်ခေတ်တွင် ထိုအယူအဆမမှန် တော့ပေ။ မျက်မှောက်ကာလတွင် မြန်မာအမျိုး သမီးများသည် မောင်တစ်ထမ်း မယ်တစ်ရွက်နှင့် အိမ်ထောင့်တာဝန်ကိုသာမက အမျိုးသားများနှင့် ရင်ပေါင်တန်း၍ မိမိအကျိုး၊ အများအကျိုးတို့ကို သယ်ပိုးထမ်းဆောင်နေကြပါသည်။ ယှဉ်ပြိုင်မှု များ၊ စိန်ခေါ်မှုများနှင့် ပြည့်နှက်လာသော ခေတ်ကြီးမှာ “မိမိကိုယ်ကို ယုံကြည်မှုရှိရှိဖြင့် မိမိကိုယ်ကိုမိမိ ကောင်းစွာတည်ဆောက်နိုင်ရ မည်” ဟူသော ယုံကြည်မှုရှိသင့်ပါသည်။
တချို့မိန်းကလေးများက ငါ့ချစ်သူက စစ်ဗိုလ်၊ ငါ့ချစ်သူက သင်္ဘောသား၊ ငါ့ချစ်သူက ဆရာဝန်၊ ငါ့ချစ်သူက နိုင်ငံခြားမှာ၊ ငါ့ချစ်သူက သူဌေးဟု တလွဲမာန်တက်နေကြသည်။ အမှန် တကယ်ဖြစ်သင့်သည်မှာ ငါ ဘယ်လိုမိန်းမမျိုးလဲ၊ ဘယ်လို အနေအထားမျိုးမှာ ရောက်နေပြီး ဘယ်လို ကိုယ်ပိုင်ဝင်ငွေ ရှာနိုင်နေပြီလဲဆိုတာ မျိုးဖြစ်နေရမည်။ မိမိနှင့် ပတ်သက်သော ယောကျ်ားတစ်ယောက်၏ ဂုဏ်ကို ဖော်ကျူး ပြီး ဂုဏ်ယူနေမည့်အစား၊ ကိုယ်ပိုင်အရည် အချင်းဖြင့် ကိုယ့်ဂုဏ်နဲ့ ကိုယ်ဝင့်ကြွားနေ သင့်ပါသည်။ “မိန်းမတစ်ယောက်၏ မာနသည်၊ သူမ၏ ဂုဏ်သိက္ခာဖြစ်၏ (Woman’s Pride is her Dignity)” ဆိုသည့် ဆောင်ပုဒ်ကို လက် ကိုင်ထားရင်း၊ မြန်မာအမျိုးသမီးတိုင်း တန်ဖိုးရှိရှိ ဂုဏ်တင့်စွာဖြင့် နေထိုင်တတ်ကြရပါမည်။ မိန်းမသည် ယဉ်ကျေးမှု၏ မိခင်ဖြစ်သလို၊ မိန်းမကောင်း မိန်းမမြတ်၏ဂုဏ်ရည်သည်လည်း တိုင်းပြည်နှင့်လူမျိုးဂုဏ်ရည်ကို မြင့်မားစေ နိုင် မှာဖြစ်ပါသည်။ သို့ပါ၍ မြန်မာအမျိုးသမီးထု တစ်ရပ်လုံး အမျိုးသမီးဂုဏ်ရည်နှင့် ညီညွတ်စွာ ကျင့်ကြံကြိုးစားအားထုတ်စေချင်ပါသည်။
တစ်ခေတ်တစ်ခါက နိုင်ငံကို အကျိုးပြုခဲ့ကြ သည့် မြန်မာအမျိုးသမီး စွမ်းအားရှင်တွေလည်း အမြောက်အမြားပေါ်ထွက်လာခဲ့ရာ အမျိုးသား ရေး၊ ဘာသာရေး၊ စီးပွားရေး၊ ကျန်းမာရေး၊ လူမှုရေး၊ စာပေအနုပညာစသည့် ကဏ္ဍ အသီးသီးမှာ မြန်မာအမျိုးသမီးတွေ ပါဝင်ခဲ့သည် ကို တွေ့ရသည်။ စာပေပညာမှာလည်း မမြလေး၊ လှိုင်ထိပ်ခေါင်တင်၊ ဓာတုကလျာ၊ မယ်ခွေစသည့် မြန်မာအမျိုးသမီးများသည် သမိုင်းတွင်ထင်ရှားသော စာဆိုများဖြစ်ကြသလို ခေတ်အဆက်ဆက် မြန်မာအမျိုးသမီးများသည် ယဉ်ကျေးမှု အဆင့်အတန်းမြင့်မားစေရန် စွမ်းဆောင်နိုင်ခဲ့ကြပါသည်။
ထို့ကြောင့် သမိုင်းအဆက်ဆက် မြန်မာ အမျိုးသမီးများသည် စွမ်းဆောင်ရည်မြင့်မား ကြပြီး လွတ်လပ်ရေးရရှိရေး တိုက်ပွဲဝင်ရာမှာ လည်း အမျိုးသားများနှင့် တန်းတူပါဝင်ခဲ့ ကြပေသည်။ သို့ပါ၍ မြန်မာအမျိုးသမီးတစ်ရပ် လုံး ပြည်ချစ်စိတ်မွေးမြူကာ အမျိုးသမီး ဂုဏ်ရည်ကို အသိ၊ သတိတရားဖြင့် ထိန်းသိမ်း မြှင့်တင်ရမည်ဖြစ်ပါကြောင်း တိုက်တွန်းနှိုးဆော် လိုက်ရပါသည်။ ။ တင်ထက်ထက်ဇော်