နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ငလျင်အန္တရာယ်နှင့် သဘာဝဘေး

သဘာဝဘေးဟူသည် ရှောင်လွှဲ၍မရသည့် ဘေးအန္တရာယ် တစ်ခုဖြစ်ပြီး မြန်မာနိုင်ငံတွင်သာမက ကမ္ဘာ့နိုင်ငံတိုင်းတွင် သဘာဝဘေးဒဏ်များကို ခံစားရလေ့ရှိသည်။ အိန္ဒိယနိုင်ငံ အရှေ့ မြောက်ပိုင်း မဏိပူရ်ပြည်နယ်၌ ဇွန် ၃၀ ရက်က မြေပြိုမှုဖြစ်ပွား ခြင်းကြောင့် သေဆုံးသူ ၂၇ ဦးနှင့် ပျောက်ဆုံးသူ ၄၀ ဦးရှိကြောင်း  အိန္ဒိယနိုင်ငံပိုင် ရုပ်သံလွှင့်ဌာနက သတင်းထုတ်ပြန်ထားသည်။


အီရန်နိုင်ငံ‌တောင်ပိုင်း ဟော်မိုဇန်စီရင်စု ပင်လယ်ကွေ့ ကမ်းခြေအနီး၌ ဇူလိုင် ၂ ရက် ဒေသစံတော်ချိန် နံနက် ၂ နာရီတွင် ပြင်းအား ၆ ဒသမ ၁ အဆင့်ရှိ ငလျင်နှင့် ပြင်းအား ၆ ဒသမ ၃ အဆင့်ရှိ ငလျင်များလှုပ်ခတ်ခဲ့ပြီး နောက်ဆက်တွဲ ငလျင်ငယ် ၂၄ ခု ထပ်မံလှုပ်ခတ်ကြောင်း သတင်းများအရ သိရသည်။


မြန်မာနိုင်ငံတွင်လည်း ဘေးအန္တရာယ်အမျိုးမျိုး ဥပမာ ငလျင်လှုပ်ခြင်း၊ ရေကြီး၊ ရေလျှံခြင်း၊ အပူပိုင်းမုန်တိုင်း တိုက်ခတ် ခြင်း၊ မြစ်ကမ်းပါးပြိုခြင်းနှင့် မီးလောင်ခြင်းတို့ ကြုံတွေ့နိုင်သည်။ 


မြန်မာနိုင်ငံအတွင်း တည်ရှိသော ပြတ်ရွေ့ကြောများအနက် နိုင်ငံတကာ မြေငလျင်နှင့် ဘူမိပညာရှင်များ သိရှိစိတ်ဝင်စားကြ သော မိုင် ၆၀၀ ကျော် ရှည်လျားသည့် စစ်ကိုင်းပြတ်ရွေ့ကြော သည် မြန်မာနိုင်ငံအလယ်မှ ဖြတ်၍ တောင်၊ မြောက်တန်းလျက် အနေအထားဖြင့် တည်ရှိနေသည်။


၁၉၃၀ ပြည့်နှစ် ငလျင်ဘေးကြောင့် ပဲခူး၌ လူပေါင်း ၅၀၀ ကျော်၊ ရန်ကုန်မြို့တွင် လူပေါင်း ၅၀ ခန့် သေဆုံးခဲ့ကြောင်း ငလျင်မှတ်တမ်းများအရ သိရှိရသည်။ ငလျင်၏ သဘောသဘာဝ အရ ငလျင်ကြီးများ လှုပ်ဖူးသောနေရာများတွင် ငလျင်ငယ်များ နောက်ဆက်တွဲ လှုပ်ခတ်လေ့ရှိကြောင်းနှင့် ပဲခူးမြို့ငလျင် အန္တရာယ်ကြုံတွေ့ခဲ့သည်မှာ နှစ် ၈၀ ခန့် ကြာမြင့်ခဲ့သော်လည်း သတိပြုရမည့် ကာလသို့ရောက်ရှိလာပြီဖြစ်သည်။


မြေငလျင်လှုပ်ရှားခြင်းသည် ကြိုတင်ခန့်မှန်းမရသော သဘာဝဘေးတစ်ခုဖြစ်ပြီး ငလျင်ဒဏ်ကြီးမားသော် ဖျက်ဆီး ဆုံးရှုံးမှုများတတ်သကဲ့သို့ လူအသေအပျောက် ထိခိုက်ဒဏ်ရာ များစွာဖြစ်ပေါ်တတ်သည်။ 


နေပြည်တော် မြေငလျင်စခန်းမှ အနောက်-အနောက် မြောက်ဘက် ၈၂ မိုင်ခန့်အကွာ မြန်မာနိုင်ငံ ပြည်တွင်း (အောင်လံ မြို့ အနောက်မြောက်ဘက် မိုင် ၂၀ ခန့်အကွာ) အင်အားရစ်ချ်တာ စကေး ၄ ဒသမ ၈ အဆင့်ရှိ အင်အားအနည်းငယ်ရှိသော မြေငလျင် တစ်ခု ဇူလိုင် ၃ ရက်၊ မြန်မာစံတော်ချိန် ၈ နာရီ ၅၆ မိနစ် ၁၄ စက္ကန့်အချိန်တွင် လှုပ်ခတ်သွားခဲ့သည်။


မြေငလျင်လှုပ်ရှားမှုကို ကြိုတင်ခန့်မှန်းမရနိုင်သော်လည်း မြေငလျင်ကြောအနီးတွင် နေထိုင်ပါက မြေငလျင်ဘေးဒဏ်မှ ကင်းဝေးစေရန် ကြိုတင်ပြင်ဆင်မှုများ ဆောင်ရွက်ထားရန် လိုအပ်သည်ဟု ဆိုချင်ပါကြောင်း။      ။






အခြားဆက်စပ်သတင်းများ