နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ပြည်သူကို ဗဟိုပြုအလေးထား

နိုင်ငံဖွံ့ဖြိုးတိုးတက်လာရေးအတွက် လက်တွေ့ကျကျ အကောင်အထည်ဖော်ရာတွင် နိုင်ငံ‌တော်တည်ငြိမ်အေးချမ်း သာယာရေးသည် အရေးကြီးပေသည်။ ယခုရက်ပိုင်းတွင် PDF အမည်ခံ အကြမ်းဖက်သမားများ၏ ဆင်ခြင်တုံတရားမဲ့စွာဖြင့် တိုက်ခိုက်နှောင့်ယှက်မှုများကြောင့် အပြစ်မဲ့ပြည်သူများ စိုးရိမ် ထိတ်လန့်ကြပြီး ထိခိုက်သေဆုံးမှုများ ဖြစ်ပေါ်လျက်ရှိသည်။


ရပ်ရွာအေးချမ်းသာယာရေးနှင့် တရားဥပဒေစိုးမိုးရေးသည် နိုင်ငံတစ်နိုင်ငံ၊ ဒေသတစ်ခုအတွက် လိုအပ်ချက်တစ်ရပ်ပင် ဖြစ်သည်။ ရပ်ရွာအေးချမ်းသာယာမှ ကောင်းမွန်သော အသက် မွေးဝမ်းကျောင်းပြုနိုင်ပြီး လူမှုဘဝလှပမည်ဖြစ်သည်။


အထူးသဖြင့် ရပ်ရွာအေးချမ်းသာယာမှုနှင့် လူမှုဘဝလုံခြုံရေး ကို ဖျက်ဆီးတတ်သော ဒုစရိုက်မှု၊ အနိုင့်အထက်ပြုကျင့်မှုကို အကာအကွယ်ပေးခြင်းသည်  အားလုံးတွင်  တာဝန်ရှိသကဲ့သို့ သက်ဆိုင်ရာတို့တွင်လည်း တာဝန်ရှိသည်။


ဖြစ်ပေါ်နေသော အကြမ်းဖက်လုပ်ရပ်များမှာ မြို့ပေါ်တွင် အလစ်အငိုက်ချောင်းမြောင်းတိုက်ခိုက်မှု၊ ဗုံးထောင်ဖောက်ခွဲမှု တို့ကို လုံခြုံရေးတပ်ဖွဲ့ဝင်များက ရှင်းလင်းထိန်းသိမ်းနိုင်ခဲ့သည်။ လမ်းပန်းဆက်သွယ်ရေးခက်ခဲမှု၊ နယ်မြေကျယ်ပြန့်မှု၊ လုံခြုံရေး အလှမ်းဝေးမှုများ ကြုံတွေ့နေရသော ကျေးလက်ဒေသအချို့တွင် အကြမ်းဖက်အဖျက်သမားများ အတင့်ရဲနေသည်ကို တွေ့ရသည်။ ယင်းသို့သော အခြေအနေတွင် ပြည်သူများ ပူးပေါင်းပါဝင်သည့် လုံခြုံရေးစနစ်ဖြင့် ကာကွယ်နိုင်မည်ဖြစ်သည်။ သို့ဖြစ်ရာ ပြည်သူ များအနေဖြင့် မိမိတို့ကျရာ အခန်းကဏ္ဍမှ တက်တက်ကြွကြွ ပူးပေါင်းပါဝင်ကြရန် လုံခြုံရေးတာဝန်ထမ်းဆောင်နေသော အဓိက အဖွဲ့အစည်းများနှင့် ပေါင်းစပ်ဆောင်ရွက်ခြင်းဖြင့် အဖျက် အမှောင့်များကို ကြိုတင်တားဆီးကာကွယ် ဖော်ထုတ်နိုင်မည် ဖြစ်သည်။


နိုင်ငံရေးအရောင်အသွေးမရှိသည့် ပြည်သူများ၊ လူမှုအဖွဲ့ အစည်းများ၊ ဘုန်း‌တော်ကြီးများသည် နယ်မြေဒေသတည်ငြိမ် အေးချမ်းရေး၊ ရင်သွေးငယ်များ အေးချမ်းစွာပညာသင်ကြားရေး၊ ကြိုးပမ်းကာကွယ်စောင့်ရှောက်မှုများ ဆောင်ရွက်လျက်ရှိသည်။


တိုင်းပြည်တည်ငြိမ်အေးချမ်းရေးနှင့် ရပ်ရွာဒေသလုံခြုံ အေးချမ်းရေးအတွက် မွန်မြတ်သောစေတနာဖြင့် စွန့်စား ဆောင်ရွက်နေကြသူများသည် လုံခြုံရေးအသိ၊ လုံခြုံရေး မျက်စိ ရှင်သန်နေရန်လိုအပ်သည်။ နိုးကြားတက်ကြွသော အသိရှိနေ ရပါမည်။ ပြည်သူများအနေဖြင့် လုံခြုံအေးချမ်းသော လူမှုဘဝ အသိုက်အဝန်းရပ်တည်နိုင်ရေး သက်ဆိုင်ရာ အာဏာပိုင်အဖွဲ့ အစည်းများနှင့် စနစ်တကျ ပေါင်းစပ်ညှိနှိုင်း ပူးပေါင်းဆောင်ရွက် စေချင်ကြောင်း။      ။






အခြားဆက်စပ်သတင်းများ