နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
မူးယစ်ဆေးဝါးအန္တရာယ် တားဆီးကာကွယ်

လူငယ်တို့သည် လူငယ်ဘဝ ဉာဏ်ပညာထက်မြက်ရေးကို ဆောင်ရွက်ကြသကဲ့သို့ အပျော်အပါးများကိုလည်း နှစ်သက် မက်မောတတ်ကြ၏။ အပျော်အပါးကိုဆင်ခြင်တုံတရားထား၍ အတိုင်းအတာ အကန့်အသတ်ဖြင့် ပျော်ပါးကြဖို့သာဖြစ်သည်။ အဆိုးရွားဆုံးမှာ အပျော်အပါးနောက် လမ်းမှားလိုက်မိကြသည့် လူငယ်၊ လူရွယ်များဖြစ်သည်။


လူငယ်ဟူသည် တက်ကြွ၏။ ရွှင်လန်း၏။ ဖျတ်လတ်၏။ ဉာဏ်ပညာထက်မြက်၏။ အချို့လူငယ်လူရွယ်တို့မှာ ငွေကြေး တတ်နိုင်ခြင်း၊ မိဘအုပ်ထိန်းသူတို့ တာဝန်မဲ့မှုနှင့် ကာယကံရှင် ကိုယ်တိုင်  သတိလက်လွတ်  သားကောင်ဖြစ်သွားရသည်။ အဆိုးရွားဆုံးမှာ အပျော်အပါးနောက် လမ်းမှားလိုက်ပါသွားခြင်း ဖြစ်သည်။


နယ်စပ်မှ ဝင်ရောက်လာသော မူးယစ်ဆေးဝါးနှင့် စိတ်ကို ပြောင်းလဲစေသော ဆေးဝါးများသည် လူငယ်ထုဖြစ်သော အသက် ၁၈ နှစ်မှ ၃၅ နှစ်အတွင်း စိမ့်ဝင်ပျံ့နှံ့လျက်ရှိပြီဟု ဆိုရပေမည်။ လူငယ်များ လမ်းမှားသို့ လွှဲမှားစွာလိုက်ပါစီးမျှောနေသည်ကို ဝမ်းနည်းဖွယ်တွေ့မြင်နေရသည်။


မြန်မာနိုင်ငံ ရဲတပ်ဖွဲ့၊ မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များသည် ဇွန် ၁၁ ရက် မန္တလေးတိုင်း ဒေသကြီး အမရပူရမြို့နယ် မြစ်ငယ်စစ်ဆေးရေးဂိတ်အနီးတွင် ဘိုမြိုင်မောင်းနှင်ပြီး အောင်မင်းဇော် လိုက်ပါသည့် FUSO Fighter ခြောက်ဘီးကွန်တိန်နာပေါ်မှာ ဘိန်းဖြူ ၄၀ ဒသမ ၇ ကီလိုနှင့် စိတ်ကြွရူးသွပ်ဆေးပြား လေးသိန်း ကာလတန်ဖိုးငွေကျပ်                ၁ ဒသမ ၆ ဘီလီယံကျော်၊ အလားတူ ဇွန် ၁၂ ရက် မိုးကုတ်မြို့နယ် လယ်ကြီးကျေးရွာရှိ ပူးပေါင်းစစ်ဆေးရေးဂိတ်တွင် အောင်မြတ်သူ မောင်းနှင်သည့် SURF အမျိုးအစား မော်တော်ယာဉ်ပေါ်မှ စိတ်ကြွ ရူးသွပ်ဆေးပြား ၉၇၂၀၀၊ ကာလတန်ဖိုးငွေကျပ် ၁၄၅၈ သိန်းကို လည်းကောင်း သိမ်းဆည်းရမိခဲ့သည်။


ဇွန် ၁၄ ရက်တွင်လည်း ပြင်ဦးလွင်မြို့ ပွဲကောက်ရေတံခွန် အနီးတွင် လီလောက်ဆန်း မောင်းနှင်သည့် Hijet မော်တော် ယဉ်ပေါ်မှ ဘိန်းဖြူ ၂၀ ဒသမ ၉ ကီလိုနှင့် စိတ်ကြွရူးသွပ်ဆေး ပြား ၄ ဒသမ ၈ သိန်း ကာလတန်ဖိုး ၁ ဒသမ ၂၄ ဘီလီယံကို လည်းကောင်း၊  ဇွန် ၁၇ ရက်တွင် ဖားကန့်မြို့နယ်၊ ကျောက်ဆည် မြို့နယ်နှင့် လားရှိုးမြို့နယ်တွင် မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိ ခဲ့သည့် သတင်းများကို တွေ့မြင်ရသည်။ မမြင်ကွယ်ရာမှ ကြီးထွား လာသည့် မူးယစ်ဆေးဝါးဈေးကွက်သည် ကြောက်မက်ဖွယ် မြင့်မားလာသည်ကို တွေ့လာရသည်။


လူငယ်ထုအတွင်း စိမ့်ဝင်နေသည့် စိတ်ကြွရူးသွပ်ဆေးပြား များအန္တရာယ်မှ ရင်လေးဖွယ်အခြေအနေပင် ဖြစ်သည်။ မူးယစ် ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများအန္တရာယ် ကို ပြည်သူတစ်ရပ်လုံးက ပူးပေါင်းကာကွယ်စောင့်ရှောက်ရန်  အလေးနက်တိုက်တွန်းအပ်ပေသည်။       ။






အခြားဆက်စပ်သတင်းများ