နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
မိုးစပါးများ အောင်မြင်ဖြစ်ထွန်းရေး၊ ဆည်ရေ စနစ်တကျသုံးစွဲပေး

လူသားတို့၏ နေ့စဉ်ဘဝတွင် အဓိကလိုအပ်ချက်ဖြစ်သည့် စားရေး၊ ဝတ်ရေး၊ နေရေးအခြေခံလိုအပ်ချက်များအနက် နေ့စဉ် အဓိကလိုအပ်ချက်များမှာ စားရေရိက္ခာလိုအပ်ချက်ပင်ဖြစ်သည်။


မြန်မာနိုင်ငံ လူဦးရေ ၅၅ သန်းကျော်သော ပြည်သူပြည်သား များ စားနပ်ရိက္ခာပြည့်စုံစွာ စားသုံးနိုင်ရေးထုတ်လုပ်ပေးနေသည် မှာ တောင်သူလယ်သမားဦးကြီးများပင် ဖြစ်သည်။ နေ့စဉ် တိုးတက်နေသော လူဦးရေအတွက် စားနပ်ရိက္ခာဖူလုံပိုလျှံရေးမှာ အလွန်အရေးကြီးသော အချက်ဖြစ်သည်။


နိုင်ငံတော်အနေဖြင့် ကျေးလက်ဒေသနေပြည်သူများ ဆင်းရဲမှု လျှော့ချရေးလုပ်ငန်းစဉ်များ ချမှတ်အကောင်အထည်ဖော် ဆောင်ရွက်ပေးလျက်ရှိသည်။ ကျေးလက်နေပြည်သူများ လူမှုဘဝ မြင့်မားလာရေး၊ ကျေးလက်သောက်သုံးရေနှင့် စိုက်ပျိုးရေရရှိရေး၊ ကျေးလက်လျှပ်စစ်မီးလင်းရေး၊ ပညာရေး၊ ကျန်းမာရေးတိုးတက် ကောင်းမွန်လာရေး အစရှိသဖြင့် ဖြည့်ဆည်းဆောင်ရွက်ပေး လျက်ရှိသည်။


ယခင်က ရင်းနှီးမြှုပ်နှံအကောင်အထည်ဖော်ပေးခဲ့သော ဆည်တမံကြီးများ၊ မြစ်ရေတင်စီမံကိန်းများ၊ ဆောင်ရွက်ပြီးစီး၊ ဆောင်ရွက်ဆဲ ဆည်ရေသောက်စနစ်များ ရာနှုန်းပြည့်ပြီးစီးရေး အလေးထားဆောင်ရွက်ပေးခြင်း၊ စိုက်ပျိုးစရိတ်များ ထုတ်ချေး ပေးခြင်း၊ နည်းစနစ်နှင့် စက်ပစ္စည်းများ အသုံးပြုနိုင်အောင် ပံ့ပိုး ဖြည့်ဆည်းပေးခြင်းတို့ကို အဖွဲ့အစည်းများနှင့် ပေါင်းစပ်ကာ ဦးစားပေးဆောင်ရွက်ပေးနေသည်။


ယခုအခါ ဘက်ပေါင်းစုံမှ တောင်သူဦးကြီးတို့အတွက် သွင်းအားစုများ ပံ့ပိုးပေးလျက်ရှိရာ တောင်သူလယ်သမားဦးကြီး တို့အတွက် ရင်းနှီးမတည်ငွေ၊ လုပ်ငန်းလည်ပတ်ငွေများ တိုးပွား လာလျက်ရှိသည်။


မန္တလေးတိုင်းဒေသကြီး၊ မတ္တရာမြို့နယ်ရှိ ဆည်တော်ကြီး ရေလှောင်တမံမှ မတ္တရာ၊ ပုသိမ်ကြီးနှင့် အမရပူရမြို့နယ်များရှိ မိုးစပါးလျာထားသော ၇၄၃၉၄ ဧကအား စိုက်ပျိုးရေကို ရေလှည့် ဇယားဖြင့် ဇွန် ၁၈ ရက်မှ စတင်ရေပေးဝေလျက်ရှိသည်။ အလားတူ ကင်းတားရေလှောင်တမံမှ မိုးစပါးစိုက်ပျိုးရာသီတွင် ကျောက်ဆည်ခရိုင်အတွင်းရှိ မြစ်သားမြို့နယ်၊ ကျောက်ဆည် မြို့နယ် တံတားဦးမြို့နယ်များနှင့် မိတ္ထီလာခရိုင်အတွင်းရှိ ဝမ်းတွင်းမြို့နယ်တို့တွင် မိုးစပါးလျာထားဧက ၁၁၀၀၀၀ ကျော်ကို  ရေပေးဝေသွားမည်ဖြစ်ပြီး ဆည်ရေသောက်ဧရိယာအတွင်း မိုးစပါးပျိုးထောင်ရေကို ဇွန် ၂၀ ရက်မှ စတင်၍ ရေသောက်မြောင်း အုပ်စုအလိုက် ရေလှည့်စနစ်များဖြင့် အလှည့်ကျပေးသွားမည် ဖြစ်ကြောင်း မြို့နယ်ဆည်မြောင်းနှင့် ရေအသုံးချစီမံခန့်ခွဲရေး ဦးစီးဌာနက အသိပေးထားသည်။


ဆည်ရေသောက်ဧရိယာအတွင်းရှိ တောင်သူလယ်သမား ဦးကြီးတို့အနေဖြင့် ရရှိလာသော ဆည်ရေကို အကျိုးရှိစွာအသုံးချ ၍ လယ်ယာလုပ်ငန်းများကို အားကြိုးမာန်တက် ဆောင်ရွက် စေချင်ကြောင်း။      ။






အခြားဆက်စပ်သတင်းများ