နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
လူသားတို့ကျန်းမာရေးအတွက် အရေးပါသော ငါး။

လူအများစုက အရိုးများသလေး၊ ချေးခါး သလေးဆိုပြီး ငါးအစားအစာကို ရွေးချယ်မှု နည်းပါးကြသည်။ အမှန်စင်စစ် ငါးစားသုံးခြင်း ဖြင့် ကုန်ကျစရိတ်သက်သာသည့် ကျန်းမာရေး နှင့် ညီညွတ်သော အကျိုးကျေးဇူးမြောက်မြားစွာ ရရှိနိင်ပါသည်။ ထို့ကြောင့် ရက်သတ္တပတ်လျှင် အနည်းဆုံး တစ်ကြိမ် (သို့မဟုတ်) ရက်ခြားငါး စားသုံးပေးကြဖို့ လိုပါသည်။ ငါးတွင် လူသားတို့ အတွက် အရေးပါဆုံးဓာတ်တစ်မျိုးမှာ ပရိုတင်း ဖြစ်သည်။ ငါးဟင်းလျာတစ်ခွက်မှ လူသားတို့ တစ်နေ့တာ လိုအပ်လျက်ရှိသော ပရိုတင်းဓာတ် ၁၅ ရာခိုင်နှုန်းကျော် ရရှိနိုင်ပါသည်။ ပရိုတင်း ဓာတ်သည် ကိုယ်တွင်းအင်္ဂါများ၊ အမှေးပါးများ၊ ဆဲလ်များ၊ ကြွက်သားများနှင့် ထိုက်သင့်သည့် ဖွံ့ဖြိုးကြီးထွားမှုကို ဖြည့်ဆည်းပေးပါသည်။ ငါး သည် ကလေးသူငယ်များနှင့် သက်ကြီးရွယ်အို များအတွက် အသင့်လျော်ဆုံးဖြစ်သည်။


ထို့ပြင် ငါးတွင် သတ္တုဓာတ်များ အများအပြား ပါဝင်သဖြင့် အရိုး၊ သွား၊ လက်သည်း ကျန်းမာရေး အတွက် အရေးပါသော ဖော့စဖိတ်ဓာတ်ကို ရရှိ နိုင်ပါသည်။ သုတေသနတွေ့ရှိချက်များအရ ငါးတွင် ဆယ်လီနီယမ်ဓာတ် ပါဝင်နေသဖြင့် ဆီးကျိတ်ကင်ဆာနှင့် နှလုံးရောဂါပြဿနာများ ကို ကာကွယ်ပေးနိုင်သည်ဟု ဆိုထားသည်။ ငါးများတွင် အကျိုးပြု အဆီဓာတ်များ ပေါများ သဖြင့် လူတို့ကိုယ်ခန္ဓာရှိ အဆီဓာတ်များနှင့် မကောင်းသော LDL ကိုလက်စထရောများကို လျော့နည်းစေပါသည်။ နှလုံးသွေးကြောကျဉ်း အပါအဝင် လေဖြတ်ရောဂါများ၊ မျက်စိတိမ်စွဲ ရောဂါ၊  ဆီးကျိတ်ရောဂါ နှင့်  ဦးနှောက်ဖောက်ပြန် အယ်လ်ဇိုင်းမားရောဂါတို့ကိုလည်း လျော့နည်း ကျဆင်းစေပါသည်။


ထိုမျှမက ငါးတွင် ပိုတက်စီယမ်ပါဝင်မှု ကြောင့် ဦးနှောက်သို့ အောက်ဆီဂျင်ပို့လွှတ်မှု အားကောင်းပြီး ခန္ဓာကိုယ်အနှံ့ အရည်ထိန်းဓာတ် ကို ရရှိစေပါသည်။ ဗီတာမင်အီးနှင့်  ဗီတာမင်စီ တို့လည်း ပါဝင်သဖြင့် အသားအရေ ကျန်းမာရေး ကို အထောက်အပံ့ပြုပါသည်။ ထို့ကြောင့် ငါးစားသုံးခြင်းသည် ကျန်းမာရေးနှင့် ညီညွတ် သည့် ဇီဝကမ္မဖြစ်စဉ်များနှင့် ကိုယ်တွင်းအင်္ဂါ အစိတ်အပိုင်းများ၏ လုပ်ဆောင်ချက်များကို ကောင်းမွန်စေသောကြောင့် နေ့စဉ်ဘဝမှာ ငါးစားဖွယ်က အထူးသင့်လျော်ဆုံးဖြစ်ပါသည်။


လူတန်းစေ့စားသုံးနိုင်သော ငါး။


စား၊ ဝတ်၊ နေရေးဟူသော လောကတွင် အရေးကြီးကိစ္စ  သုံးပါးအနက် လူသားတို့အနေ ဖြင့် နေ့စဉ်ရှောင်လွှဲမရသော အရေးကိစ္စမှာ စားရေးသောက်ရေးဖြစ်ပါသည်။ စားရေးအတွက် ငွေကြေးလိုအပ်ချက်နှင့် ကျန်းမာရေးအတွက် လိုအပ်ချက်ကိုလည်း ထည့်သွင်းစဉ်းစားကြရ ပါမည်။ တစ်နည်းဆိုသော် အစားအစာများကို စားသုံးရာတွင် ကျန်းမာရေးနှင့် ညီညွတ်သော အစားအစာများကို ရွေးချယ်စားတတ်ဖို့က အရေးကြီးသကဲ့သို့ မျက်မှောက်ကာလတွင် ကုန်ပစ္စည်းဈေးနှုန်းများ ကြီးမြင့်နေမှုကြောင့် စားရေးအတွက် ချင့်ချိန်သုံးစွဲကြရသည်မှာလည်း စိန်ခေါ်မှုတစ်ရပ်ဖြစ်ပါသည်။ ထို့ကြောင့် အစစ အရာရာ ကုန်ဈေးနှုန်းများ မြင့်မားနေသော ယနေ့ချိန်ခါတွင် ပြည်သူလူထု ကျန်းမာရေးနှင့် ခြိုးခြံချွေတာရေးအတွက် အသင့်လျော်ဆုံး ဟင်းလျာ မှာ “ငါးစားသုံးခြင်း”  ဖြစ်ပါသည်။ 


ငါးစားသုံးခြင်းသည် ရှေးအစဉ်အဆက် အကျိုး များသော အစားအစာဖြစ်သည်။ ရှေးလူကြီးသူမ များက ရှေ့ရေးကို မျှော်တွေး၍ “အိမ်နောက်ဖေး ဈေးဆိုင်တည်၊ ခေါင်းတစ်ရာသား စားပါ” ဟူ သော မှာကြားချက်သည် မျက်မှောက်ကာလနှင့် အထူးသင့်လျော် ကိုက်ညီနေပါသည်။ အိမ်နောက် ဖေး ဈေးဆိုင်တည်ဆိုသည်မှာ မိမိတို့၏ မြေပို ကွက်လပ်တွင် မီးဖိုချောင်သုံး သီးနှံပင်ငယ်များ စိုက်ပျိုးရန်နှင့် ခေါင်းတစ်ရာသား စားပါဆိုသည် မှာ ဈေးနှုန်းသက်သာပြီး ကျန်းမာရေးနှင့် ညီညွတ် သော ပုစွန်ဆိတ်၊ ငါးသေးသေးလေးများ စားသုံး ပေးရန် ဆိုလိုခြင်းဖြစ်ပါသည်။ 


အရေးပါသော ငါးသယံဇာတများ မပြုန်းတီးရေး။ 


မြို့ပြနေပြည်သူများမှာ တစ်နေ့တခြား လူဦးရေ တိုးပွားလာကြပြီး နေ့စဉ်စားသုံးမှုအတွက်အသား၊ ငါး လိုအပ်ချက် မြင့်မားလာသည်။ လူသားတို့ ရိက္ခာ သား၊ ငါး ကဏ္ဍတွင် ငါးသည် ဈေးနှုန်း အသက်သာဆုံးဖြစ်ပါသည်။ ထိုအခါ ကျန်းမာရေး နှင့် မျှတညီညွတ်ပြီး ဈေးနှုန်းသက်သာသည့် ငါးစားသုံးမှု များပြားလာသဖြင့် ပင်လယ်၊ မြစ်၊ ချောင်း၊ ကန်၊ မြောင်းများမှ ငါးဖမ်းယူမှုများပြား လာပြီး ငါးသယံဇာတရှားပါးမှု မလွဲမသွေဖြစ် လာနိုင်ပါသည်။ ထို့ကြောင့် ငါးမွေးမြူဖမ်းဆီးရေး လုပ်ငန်းများကို စနစ်တကျ မှန်မှန်ကန်ကန် ဖြစ်ထွန်းအောင် ကြိုးပမ်းဆောင်ရွက်ကြရမည် ဖြစ်ပေသည်။ 


မြန်မာနိုင်ငံရာသီဥတု၏ မိုးဖြိုင်ဖြိုင်ရွာသော မေ၊ ဇွန်နှင့် ဇူလိုင်များတွင် မြစ်၊ ချောင်း၊ အင်း၊ အိုင် အနှံ့အပြား၌ ဥများ ပြည့်နေသော ငါးမကြီးများ၊ မျိုးရည်ပြည့်ဝနေသော ငါးထီးကြီးများသည် ဥချရန် နေရာရှာဖွေ၍ ငါးရစ်တက်ကြရာ အကယ် ၍ ယင်းငါးများကို ဖမ်းဆီးလိုက်ပါက ပေါက်ပွား လာမည့် သန်းပေါင်းများစွာသော ငါးသားပေါက်၊ ငါးသန်များသည် သေကြေပျက်စီးသွားမည်ဖြစ် ပါသည်။ ထိုအခါ တစ်နိုင်ငံလုံး ငါး၊ ပုစွန်ဖူလုံစွာ စားသုံးမှုနှင့် အမျိုးသားစီးပွားရေးဖွံ့ဖြိုးမှုကို အထောက်အကူမပြုတော့ဘဲ ငါးမျိုးပြုန်းတီးသွား စေနိုင်ပါသည်။ 


ထို့ကြောင့် မြန်မာနိုင်ငံ၏ ရေကြီးကွင်း၊ ရေနက်ကွင်းများတည်ရှိရာ ဒေသများရှိ ကမ်းဝေး/ကမ်းနီး ရေလုပ်ငန်းရှင်များ၊ ရေလုပ်သားများနှင့် မြို့မိမြို့ဖတို့ကို ငါးသယံဇာတများ မပြုန်းတီးရေး အတွက် ငါးသယံဇာတထိန်းသိမ်းရေး အသိပညာ ပေး ဟောပြောပွဲများကို သက်ဆိုင်ရာ ငါးလုပ်ငန်း ဦးစီးဌာနရုံးများက ကျင်းပပေးလျက်ရှိပါသည်။ အဆိုပါ ဟောပြောပွဲများ၌ မေ၊ ဇွန်၊ ဇူလိုင် များသည် ငါးရစ်၊ ငါးသန်ကာလဖြစ်ပြီး ငါးများ မိတ်လိုက်၊ ဥချ၊ သားပေါက်သည့် ရာသီချိန်ဖြစ် ကြောင်း၊ အဆိုပါ ရာသီကာလများတွင် တားမြစ် ငါးဖမ်းကိရိယာများဖြင့် ငါးဖမ်းဆီးခြင်း၊ ပိုက်စိမ်း ဘဝင်းထောင်ခြင်း၊ ဘက်ထရီရှော့ခ်တိုက်၊ မိုင်းခွဲ၊ အဆိပ်ချ၍ ငါးဖမ်းဆီးခြင်း၊ ကမ်းနီးတရွတ်ဆွဲ၍ ငါးဖမ်းဆီးခြင်း၊ ငါးမန်းဖမ်းဆီးခြင်း၊ ငါးမျှားစကြာ ဖြင့် ငါးဖမ်းဆီးခြင်း၊ သတ်မှတ်အတိုင်းအတာနှင့် မပြည့်မီသော ကဏန်းများ ဖမ်းဆီးခြင်းတို့ကိုမပြုလုပ်ကြရန်နှင့် ထိုသို့ပြုလုပ်ဖမ်းဆီးပါက ငါးသယံဇာတများ ပြုန်းတီးသွားပြီး နောင်တွင် ငါးသယံဇာတများ ရှားပါးလာမှုများနှင့် ရင်ဆိုင် ကြရမည်ဖြစ်ကြောင်း၊ ထို့ပြင် ငါးသယံဇာတများ သည်  ဂေဟစနစ်ကို ထိန်းသိမ်းရာတွင်လည်း အရေးပါသော အခန်းကဏ္ဍမှ ပါဝင်နေသည့်အတွက် ငါးသယံဇာတများ မပြုန်းတီးအောင် လိုက်နာ ဆောင်ရွက်ကြရမည်ဖြစ်ကြောင်း စသည့်သတင်း အချက်အလက်များအား ဟောပြောလျက်ရှိပါ သည်။


ထို့ပြင် ပြည်နယ်နှင့် တိုင်းအသီးသီးတို့တွင် သဘာဝငါးသယံဇာတများ ပြုန်းတီးမှုမဖြစ်ပေါ် စေရန် ပြည်သူများ လိုက်နာရမည့် ရေချို၊ ရေငန် ငါးလုပ်ငန်းဥပဒေများ၊ ပြစ်မှုပြစ်ဒဏ်များနှင့် တားမြစ်ထားသော ငါးဖမ်းကိရိယာများဖြင့် ငါး ဖမ်းဆီးခြင်းများ မပြုလုပ်ကြရန် စသည့်သတင်း အချက်အလက်များ ပါဝင်သော မြေစိုက်ပိုစတာ များ၊ ငါးရစ်ငါးသန်ကာလ ငါးဖမ်းဆီးခြင်းမပြုရန် ပညာပေးပိုစတာများ၊ “ငါးသယံဇာတထိန်းသိမ်း ရေး ဝိုင်းဝန်းပါဝင် ဆောင်ရွက်ပေး” စာသား ပါ မြေစိုက်ပိုစတာ စိုက်ထူခြင်းနှင့် ငါးလုပ်ငန်း ပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်း တို့ကိုလည်း ခရီးသွားပြည်သူများကို အခမဲ့ဖြန့်ဝေ ပေးလျက်ရှိပါသည်။


ငါးမွေးမြူရေးကန်များ ရေကြီးနစ်မြုပ်မှုမှကြိုတင် ကာကွယ်ရေး သတိပေးနှိုးဆော်ချက်။


နိုင်ငံတော် စားနပ်ရိက္ခာဖူလုံရေးနှင့် ပြည်ပ တင်ပို့ခြင်းဖြင့် နိုင်ငံခြားဝင်ငွေရရှိရေးအတွက် နိုင်ငံအနှံ့အပြားတွင် ငါးမွေးမြူရေး ကန်များဖြင့် မွေးမြူဆောင်ရွက်လျက်ရှိရာ မိုးအလွန်အကျွံ ရွာသွန်းခြင်းနှင့် မြစ်ရေကြီးခြင်းများကြောင့် ငါး မွေးမြူရေးကန်များ ရေကြီးနစ်မြုပ်ခြင်းမှ ကြိုတင် ကာကွယ်ရန်နှင့် ဆုံးရှုံးမှုလျော့နည်းစေရေး အတွက်  စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး ဌာနလက်အောက်ရှိ ငါးလုပ်ငန်းဦးစီးဌာနမှ အောက်ဖော်ပြပါအချက်များကို ငါးပုစွန်မွေးမြူ ရေး ကန်များ၌ လိုက်နာဆောင်ရွက်ကြပါရန် သတိပေးနှိုးဆော်ထားပါသည် 


- ငါးမွေးမြူရေးကန်များ၏ ကန်ပေါင်များ ခိုင်ခံ့ရန်အတွက် ကန်ပေါင်ပါးသော နိမ့်သော နေရာများတွင် သဲအိတ်များ ဖို့၍ ကန်ပေါင် ခိုင်ခံ့အောင် ပြုလုပ်ထားပါရန်၊


- အကယ်၍ ရေကြီးရေလျှံလာပါက ငါးများ လွတ် ထွက်မှု မရှိစေရေးအတွက် ဇာပြာပိုက်များဖြင့် ကာရံထားပါရန်၊


- ရေစီးကြောင်းနှင့် နီးသော ငါးကန်များတွင် ရေ တိုက်စားမှု ကာကွယ်ရန်အတွက် တုတ်ရိုက်ပြီး ဝါးထရံများဖြင့် ကာရံ၍ သဲအိတ်များ ဖို့ထားပါ ရန်၊


-လိုအပ်ပါက ငါးများရွှေ့ပြောင်းနိုင်ရန်အတွက် ငါးဖမ်းပိုက်များ၊ စက်လှေများနှင့် စက်ပစ္စည်းများ အား ကြိုတင်ပြင်ဆင်ထားပါရန်နှင့် အထူးသဖြင့် မျိုးငါးကြီးများအား ဦးစားပေးရွှေ့ပြောင်းထားပါ ရန်၊


- သိုလှောင်ထားသော ငါးအစာနှင့် လုပ်ငန်းသုံး ပစ္စည်းများကို ရေလွတ်သော နေရာသို့ရွှေ့ပြောင်း ထားပါရန်၊

- ပုံမှန် အစာကျွေးခြင်းဖြင့် ငါးများ လွတ်ထွက် မသွားစေရေး ဆောင်ရွက်ထားပါရန်၊


- မွေးမြူရေးကန်၏ ရေထွက်၊ ရေလျှံပေါက်များ၊ ရေကျော်မည့်နေရာများကို အစဉ်ဂရုတစိုက် စစ်ဆေးနေပါရန်၊


-ထူးခြားသည့် အခြေအနေများကို အချိန်နှင့် တစ်ပြေးညီ သိရှိနိုင်ရန်အတွက် ဆက်သွယ်သတင်းပို့ နိုင်မည့်နည်းလမ်းများကို ကြိုတင်ပြင်ဆင်ထား ပါရန်၊


-  နိုင်ငံပိုင် ရေဒီယို၊ အသံလွှင့်ဌာနများမှ ထုတ်လွှင့် လျက်ရှိသော အရေးပေါ်မိုးလေဝသ သတိပေး ချက်များနှင့် ပတ်သက်သည့် သတင်းများကို အမြဲဂရုတစိုက် နားထောင်ပါရန်နှင့် ပြည်တွင်း ထုတ် နေ့စဉ်သတင်းစာများတွင် ပါရှိသည့် မိုးလေဝသနှင့် ပတ်သက်သည့် သတင်းဆောင်း ပါးများကို အမြဲမပြတ် ဖတ်ရှုသတိပြုပြီး ငါး မွေးမြူသူ အချင်းချင်းသတင်းအချက်အလက် ဖလှယ်ကြပါရန်၊


- ရေကြီးနစ်မြုပ်မှုအတွက် အရေးပေါ်အခြေအနေ များ ဖြစ်ပေါ်ပါက နီးစပ်ရာ ငါးလုပ်ငန်း ဦးစီးဌာန များနှင့် ဆက်သွယ်အကူအညီ တောင်းခံကြပါ ရန်။


အချုပ်အားဖြင့်ဆိုသော် မျက်မှောက်ကာလ လူတန်းစေ့ စားသုံးနိုင်သော ငါးဟင်းလျာ၊အရွယ် အားလုံးအတွက် ကျန်းမာရေးကောင်းမွန်စေ သော ငါးအာဟာရစသည့် အခြေခံအချက်အလက် အထောက်ပံ့ကောင်းများစွာတို့ကြောင့် တိုးပွား လာသော မြန်မာနိုင်ငံ၏ လူဦးရေအတွက် နေ့စဉ်ငါးစားသုံးနိုင်ရေးနှင့် ငါးသယံဇာတများ ပေါများရေးတို့ကို အစဉ်ဂရုတစိုက်ဂရုပြုကြရ မည် ဖြစ်ပေသည်။ ထို့ကြောင့် ငါးသယံဇာတ မပြုန်းတီးရေး၊ အနာဂတ် နိုင်ငံတော်အတွက် တစ်နိုင်ငံလုံး ဖူလုံစွာ စားသုံးမှုနှင့် အမျိုးသား စီးပွားရေးဖွံ့ဖြိုးမှုတို့ကို  အထောက်အကူပြုစေ ရန်အတွက် ငါးဖမ်းလုပ်ငန်း လုပ်ဆောင်သူများ က ငါးရစ်ငါးသန် တက်ချိန်ကာလ (သတ်မှတ် ကာလ)များအတွင်း ငါးဖမ်းဆီးမှုကို မပြုကြဘဲ စည်းကမ်းလိုက်နာနိုင်ကြမည်ဆိုပါလျှင် အနာဂတ် ငါးသယံဇာတကို ထိန်းသိမ်းကာကွယ်ရာရောက် မည်ဖြစ်ပါသည်။      ။ ပေါက်ပေါက်






အခြားဆက်စပ်သတင်းများ