ဇွန် ၈
ရေနွေးထဲကို သံပရာသီးတစ်လုံးညှစ်ထည့်ပြီး သောက်သုံးခြင်းသည် ကျန်းမာရေးအကျိုးကျေးဇူးများရှိကြောင်း သိရှိထားကြပြီးဖြစ်သည်။ ထိုသို့ ကျန်းမာရေးအကျိုးကျေးဇူးရှိစေသော အကြောင်းရင်းများကို ဖော်ပြပေးလိုက်သည်။
အစာခြေဖျက်မှုကို ကူညီပေးခြင်း နံနက်စောစော အစာမစားမီ သံပရာသီးညှစ်ထည့်ထားသည့် ရေနွေးတစ်ခွက်သောက်သုံးခြင်းက အစာအိမ်အူလမ်းကြောင်းကို နှိုးဆွပေးသည်။ အစာခြေဖျက်မှုအားကောင်းလာပြီး ရင်ပူရင်ဆာဖြစ်ခြင်း လျှော့ချပေးကာ အစာအိမ်ရှင်းလင်းရေး လုပ်ငန်းစဉ်ကို ကူညီပေးသည်။
အဆိပ်ပြေစေနိုင်ခြင်း သံပရာသီးတွင် အင်ဇိုင်းများ လုပ်ဆောင်ချက်ပိုကောင်းလာအောင် ကူညီနိုင်သည့် စီးထရစ်အက်စစ်ပါဝင်သည်။ စီးထရစ်အက်စစ်က အသည်းကိုလည်း နှိုးဆွပေးပြီး အဆိပ်ဖြေရာတွင် ကူညီပေးနိုင်သည်။
ခန္ဓာကိုယ်ရေဓာတ်ကို ထိန်းပေးနိုင်ခြင်း သံပရာသီးညှစ်ထည့်ထားသောရေက အန္တရာယ်ဖြစ်စေသော ကိုယ်ခန္ဓာထဲမှ အက်စစ်ဓာတ်ကို လျှော့ချ ပေးနိုင်သည်။ သံပရာရည်တွင် စီးထရစ်အက်စစ်ပါဝင်သော်လည်း ယင်းတွင်ပါဝင်သည့် သတ္တုဓာတ်နှင့် အာဟာရဓာတ်များမှာ အယ်လ်ကာလီသဘာဝရှိသည်။
စီးထရစ်အက်စစ်မှာ မပြင်းသော အက်စစ်ဖြစ်သောကြောင့် ချွေးထွက်ခြင်းကဲ့သို့ ရှင်းထုတ်လိုက်သော လုပ်ငန်းစဉ်များကြောင့် ခန္ဓာကိုယ်မှ အလွယ်တကူဖယ်ရှားပစ်နိုင်သည်။
သံပရာရည်သည် ခန္ဓာကိုယ်ထဲရှိ အခြားပြင်းထန်သော အက်စစ်ဓာတ်များကို ပျက်ပြယ်သွားစေသည့် ကယ်လ်စီယမ်ကာဗွန်နိတ် ဖွဲ့စည်းပုံကို အားကောင်းစေသည်။ ပရိုတင်းဓာတ်များစွာပါဝင်သည့် အသားများ နှင့် ချိစ်များစားလေ့ရှိသူအတွက် အထူးကောင်းမွန်သည်။
သွေးထဲရေပါဝင်မှုကို ထိန်းညှိပေးနိုင်ပြီး ဆီးလမ်းကြောင်းဆိုင်ရာ ရောဂါကူးစက်မှုများကိုလည်း ဖြေရှင်းပေးနိုင်သည်။
ကိုယ်ခံအားစနစ်ကို အားကောင်းစေနိုင်ခြင်း စီးထရစ်အက်စစ်ပါဝင်သော အစားအစာများအားလုံးတွင် ဗီတာမင်စီပါဝင်သည်။ ဗီတာမင်စီမှာ အအေးမိခြင်းကို ကာကွယ်နိုင်ပြီး ကိုယ်ခံအားစနစ်အတွက် ကောင်းမွန်သည်။ သံပရာသီးတွင် ပိုတက်စီယမ် ပါဝင်သောကြောင့် ဦးနှောက်ကို နှိုးဆွပေးနိုင်ပြီး အာရုံကြောလုပ်ဆောင်မှု အားကောင်းစေကာ သွေးကိုထိန်းချုပ်ပေးနိုင်သည်။
အသားအရေ ကြည်လင်လန်းဆန်းစေနိုင်ခြင်း ဗီတာမင်စီသည် အရေပြားထဲရှိ ပရိုတင်းဓာတ်ထုတ်လုပ်မှုကို ကူညီပေးသောကြောင့် နုပျိုသော အသားအရေအတွက် အထူးကောင်းသည်။ ဓာတ်တိုးဆန့်ကျင်ပစ္စည်းများက ညိုညစ်ညစ် အသားအရေကို တစ်ခါပြန် တောက်ပလာစေပြီး ကျန်းမာလာစေသည်။ သံပရာသီးညှစ်ထည့်ထားသည့်ရေနွေးက သွေးကြော များထဲရှိ အဆိပ်များကို ဖယ်ရှားပေးနိုင်သည်။ အမည်းစက်များပေါ် လိမ်းပေးပါကလည်း အရောင်ဖျော့သွားစေနိုင်သည်။
(သူရိန်)