နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
အများအကျိုးဆောင်ရွက်ရာ စေတနာ့လုပ်အားရှင်များ အရေးပါ

ဤလောက၌ မိမိအကျိုးဆောင်ရွက်ခြင်းနှင့် အများအကျိုး ဆောင်ရွက်ခြင်းဟူ၍ အကျိုးနှစ်ပါးဖြစ်ပေါ်စေသည့် ဆောင်ရွက် ခြင်း နှစ်မျိုးရှိသည်။ ဤနှစ်မျိုးအနက် အများအကျိုးသယ်ပိုး ဆောင်ရွက်ခြင်းသည် ပရဟိတအလုပ်ဖြစ်သည်။ ပရဟိတ စိတ်ဓာတ်သည်  စိတ်ကောင်းစိတ်မြတ်ဖြစ်သည်။  အများ အကျိုးသယ်ပိုး ဆောင်ရွက်ခြင်းသည် မွန်မြတ်သောအလုပ် ဖြစ်သည်။ 


လူသည် တစ်ခါတစ်ရံ မထင်မှတ်ဘဲ ဒုက္ခအမျိုးမျိုးနှင့် ရင်ဆိုင် ကြုံတွေ့ရတတ်သည်။ ဘေးဒုက္ခများနှင့် ကြုံတွေ့တတ်သည်။ ထိုအခါအများ၏ အကူအညီတစ်စုံတစ်ခုလိုအပ်မည် ဖြစ်သည်။ လူတစ်ဦးတစ်ယောက်ဖြစ်စေ၊ အသင်းတစ်ဖွဲ့ဖြစ်စေ၊ ဒေသ တစ်ခုခုဖြစ်စေ ဘေးဒုက္ခကြုံတိုင်း ဝိုင်းဝန်းကူညီပေးကြရသည်။ အများအကျိုးသယ်ပိုးလိုသည့် ပရဟိတစိတ်ဓာတ်ဖြင့် ဝိုင်းဝန်း ကူညီပေးကြရသည်။


ထို့ကြောင့် ပရဟိတစိတ်ဓာတ်သည် လူတိုင်းမွေးမြူထားရှိအပ် သော စိတ်ဖြစ်သည်။ ပရဟိတလုပ်ငန်းများကို လူတစ်ဦးမှ အစပြု၍ အသင်းအဖွဲ့များဖြင့်ပါ ပြုလုပ်လာကြသည်မှာ ကမ္ဘာ အနှံ့ပင်ဖြစ်လာသည်။ ပရဟိတလုပ်ငန်းတို့ဖြင့် လူမှုဘဝဒုက္ခကို ပြေပျောက်စေနိုင်၏။


မန္တလေးတိုင်းဒေသကြီး ကြက်ခြေနီကြီးကြပ်ကော်မတီဝင် များ၊ ကြက်ခြေနီစေတနာ  လုပ်အားရှင်များနှင့်  တွေ့ဆုံပွဲကို ဇွန် ၄ ရက်က မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီ မြို့တော်ခန်းမ၌ကျင်းပရာ မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ် တက်ရောက်၍ အမှာစကားပြောကြားရာတွင် ကြက်ခြေနီ စေတနာ့လုပ်အားရှင်များအားလုံးသည် လူမှုကရုဏာလုပ်ငန်းများ ကို မည်သည့်လုပ်ခလစာ၊ ရိက္ခာမျှမရရှိဘဲ ကိုယ်စွမ်း၊ ဉာဏ်စွမ်း ရှိသမျှအားထုတ်ပြီး စေတနာ့ဝန်ထမ်းများအဖြစ် ဆောင်ရွက် နေသည်ကို ချီးကျူးဂုဏ်ပြုအပ်ကြောင်း၊ တိုင်းအတွင်းရှိ လူမှုကရုဏာလုပ်ငန်းများတွင် တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် အတူ နိုင်ငံတော်၏  အရန်အင်အားအဖြစ်   ပါဝင်ပူးပေါင်း ဆောင်ရွက် ကြရန်နှင့်      တိုင်းဒေသကြီးအစိုးရအဖွဲ့အနေဖြင့်လည်း  ကြက်ခြေနီအသင်း၏ လုပ်ငန်းဆောင်ရွက်မှုများ အတတ်နိုင်ဆုံး ကူညီပေးသွားမည် ဖြစ်ကြောင်း ထည့်သွင်းပြောကြားခဲ့သည်။ မြို့နယ်ခုနစ် မြို့နယ်ရှိ ကြက်ခြေနီစေတနာ့လုပ်အားရှင်များအတွက် တစ်မြို့နယ် ငွေကျပ် ၁၀ သိန်းဖြင့် ကျပ်သိန်း ၇၀ ကို ထောက်ပံ့ပေးအပ်ခဲ့ သည်။


လူတိုင်း အများအကျိုးဆောင် ကိုယ့်အကျိုးအောင်ဆိုသည့် စကားအတိုင်း လူမှုအသိုင်းအဝိုင်းအတွင်း သာမှု၊ နာမှုကိစ္စအဝဝ နှင့် လူမှုဖွံ့ဖြိုးရေးလုပ်ငန်းများတွင် တက်ကြွစွာ ပါဝင်လုပ်ကိုင် ပေးသော  စိတ်ဓာတ်မွေးမြူကာ  လူမှုကရုဏာလုပ်ငန်းများ ကို ဝိုင်းဝန်းကူညီ ပူးပေါင်းပါဝင် ဆောင်ရွက်စေချင်ကြောင်း တိုက်တွန်းရပေသည်။






အခြားဆက်စပ်သတင်းများ