နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ဆန္ဒပြပွဲအပြီး ကျန်ရစ်ခဲ့သည့် အမှိုက်သရိုက်များကို ရှင်းလင်းပေးခဲ့ခြင်းကြောင့် ဆယ်ကျော်သက်လူငယ် ပြိုင်ကားတစ်စီးနှင့် ပညာသင်ဆု ရရှိ

ဇွန် ၇ ဝါရှင်တန်

နယူးယော့ခ်ပြည်နယ်တွင် ဆန္ဒပြပွဲများ ဖြစ်ပွားခဲ့ပြီးနောက် ကျန်ရစ်ခဲ့သည့် အမှိုက်သရိုက်များနှင့် အပျက်အစီးများကို ရှင်းလင်းဖယ်ရှားပေးခဲ့သည့် ဆယ်ကျော်သက်လူငယ်မှာ ကားတစ်စီးနှင့် ပညာသင်ဆု ချီးမြှင့်ခြင်းခံခဲ့ရသည်။ နယူးယော့ခ်ပြည်နယ်၊ ဘက်ဖလိုးမြို့တွင် နေထိုင်သည့် အသက် ၁၈ နှစ်အရွယ်လူငယ် အန်တိုနီယိုဂွမ်းဂျူနီယာမှာ ပြီးခဲ့သည့်တနင်္လာနေ့ နံနက် ၂ နာရီအချိန်မှစတင်၍ ၁၀ နာရီတိုင်တိုင် သန့်ရှင်းရေးလုပ်ပေးခဲ့သည်။

ဘက်ဖလိုးမြို့မှ ဒေသခံများ စုဖွဲ့ထားသည့်အဖွဲ့က သန့်ရှင်းရေးလုပ်ပေးရန် ရောက်လာချိန်တွင် အန်တိုနီယိုဂွမ်းဂျူနီယာက ပြီးလုနီးပါး လုပ်ပေးထားကြောင်း တွေ့ရသည်။ အန်တိုနီယိုဂွမ်းဂျူနီယာမှာ အထက်တန်းကျောင်းသားတစ်ဦးဖြစ်သည်။ ဘက်ဖလိုမြို့ရှိ ဘိုင်လေလမ်းမကြီးတွင် မှန်ကွဲစများ၊ အမှိုက်များ ဖုံးလွှမ်းနေသည်ဟု သတင်းရပြီးနောက် နောက်တစ်နေ့နံနက်တွင် အလုပ်သွားမည့်သူများ ဘေးကင်းစွာသွားလာနိုင်ရေးအတွက် သန့်ရှင်းရေးလုပ်ရန် ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်။ အန်တိုနီယို ဂွမ်းဂျူနီယာ၏ သတင်းကို တွေ့ရပြီးနောက် မတ်ဘလော့ဟု အမည်ရသည့် ၂၇ နှစ်အရွယ် အမျိုးသားက 2004 Mustang အနီရောင်ကားကို ပေးခဲ့ခြင်းဖြစ်သည်။ ဖေ့ဘွတ်ခ်ပေါ်တွင် အန်တိုနီယိုဂွမ်းဂျူနီယာက ကားဝယ်ရန် အကြံတောင်းထားကြောင်း တွေ့ရ၍ အဆိုပါကားကို ပေးခဲ့ခြင်းဖြစ်သည်။

ထို့အပြင် ဒေသခံစီးပွားရေးသမားတစ်ဦးကလည်း အာမခံအေဂျင်စီမှတစ်ဆင့် အဆိုပါကားကို တစ်နှစ်စာအာမခံထားပေးခဲ့သည်။ အန်တိုနီယိုဂွမ်းဂျူနီယာသည် အထက်တန်းကျောင်းပြီးပါက ကောလိပ်တက်ရန် ငွေစုနေစဉ် စက်မှုသင်တန်းကျောင်းတက်ရန် စီစဉ်နေသူဖြစ်သည်။ သို့သော် ယင်း၏သတင်းကို ကြားခဲ့ပြီးနောက် ဘက်ဖလိုးမြို့ရှိ မီဒိုင်လီကောလိပ်က ပညာသင်ဆုအပြည့်ပေးမည်ဟု ကမ်းလှမ်းခဲ့သည်။ အန်တိုနီယိုဂွမ်းဂျူနီယာမှာ လာမည့်ဆောင်းဦးကာလတွင် မီဒိုင်လီကောလိပ်တွင် စီးပွားရေးပညာရပ်သင်ယူမည်ဖြစ်ပြီး အနာဂတ်ကာလတွင် သန့်ရှင်းရေးလုပ်ငန်းတစ်ခု တည်ထောင်လိုသည်ဟု ဆိုသည်။

(KNT)






အခြားဆက်စပ်သတင်းများ