နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ဂျာမနီအခြေစိုက်စခန်းများရှိ အမေရိကန်စစ်သည် ၉၅၀၀ ကို ပြန်လည်ဆုတ်ခွာရန် ဒေါ်နယ်ထရမ့် အတည်ပြု

ဇွန် ၇ ဝါရှင်တန်

လာမည့် စက်တင်ဘာလတွင် ဂျာမနီနိုင်ငံရှိ အခြေစိုက်စခန်းများမှ အမေရိကန်စစ်သည် ၉၅၀၀ ကိုပြန်လည်ဆုတ်ခွာခိုင်းမည့်အစီအစဉ်ကို အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က အတည်ပြုခဲ့ကြောင်း အမေရိကန် မီဒီယာများက ဖော်ပြသည်။ နေတိုးအဖွဲ့ဝင် ဥရောပနိုင်ငံများအနေဖြင့် ကာကွယ်ရေး အသုံးစရိတ် ပိုမိုသုံးစွဲသင့်သည်ဟု စောဒကတက်ခဲ့သည့် ဒေါ်နယ်ထရမ့်က ဂျာမနီနိုင်ငံရှိ အမေရိကန်စစ်သည်အရေအတွက်ကို ၂၅၀၀၀ ဝန်းကျင်တွင် ကန့်သတ်ထားရန် လိုလားနေသည်ဟု ဆိုသည်။

ဂျာမနီအခြေစိုက်စခန်းမှ စစ်သည်များကို အခြားနေရာသို့ မဖြန့်ကြက်ပါက မိခင်နိုင်ငံသို့ ပြန်ခေါ်မည်ဟု အစိုးရအရာရှိတစ်ဦးက ပြောသည်။ သမ္မတဒေါ်နယ်ထရမ့်လက်အောက်တွင် အမေရိကန်နှင့် နေတိုးအဖွဲ့မဟာမိတ်နိုင်ငံများကြား တင်းမာမှုများ မြင့်တက်လာခဲ့သည်။ အမေရိကန်စစ်သည်များကို ပြန်လည်ဆုတ်ခွာခိုင်းမည်ဆိုသည့်သတင်းကို ဂျာမနီနိုင်ငံခြားရေးဝန်ကြီးဌာနက မှတ်ချက်ပေးခြင်းမရှိသေးပေ။ သို့သော် အာဏာရ Christian Democratic Union(CDU)ပါတီမှ ထိပ်တန်းပါတီဝင်နှစ်ဦးက စိုးရိမ်ပူပန်မိသည်ဟု ဆိုသည်။ ဂျာမနီနိုင်ငံမှ ပြန်လည်ဆုတ်ခွာခိုင်းမည့် အမေရိကန်စစ်သည်များအနက် အချို့ကို ပိုလန်နိုင်ငံသို့ ဖြန့်ကြက်ထားမည်ဟု မျှော်လင့်မိကြောင်း ပိုလန်ဝန်ကြီးချုပ် မိုရာဝစ်ကီက ပြောသည်။

ဒုတိယကမ္ဘာစစ်တွင် ဂျာမနီနိုင်ငံကို မဟာမိတ်များ သိမ်းပိုက်အောင်နိုင်မှု လက်ကျန်အမွေအနှစ်အဖြစ် ဂျာမနီနိုင်ငံတွင် အမေရိကန်စစ်သည်များ ရှိနေခြင်းဖြစ်သည်။ ဂျာမနီနိုင်ငံမှာ ဥရောပတွင် အမေရိကန်တပ်ဖွဲ့ဝင်အများဆုံး လက်ခံထားသည့်နိုင်ငံဖြစ်သည်။   

(KNT)






အခြားဆက်စပ်သတင်းများ