ကျန်းမာခြင်းသည် လာဘ်ကြီးတစ်ပါးဖြစ်သည်။ ကျန်းမာ ခြင်းဆိုင်ရာတွင် ကိုယ်၏ကျန်းမာခြင်း၊ စိတ်၏ကျန်းမာခြင်း နှစ်မျိုးရှိ၏။ ကိုယ်ကျန်းမာမှ စိတ်ချမ်းသာမည်ဖြစ်သကဲ့သို့ စိတ်ချမ်းသာမှ ကိုယ်ကျန်းမာမည်ဖြစ်၏။
လူ၏ ကျန်းမာရေးတွင် စိတ်ချမ်းသာပါလျှင် ကိုယ်လည်း လန်းဆန်း၍ အရာရာအဆင်ပြေနိုင်၏။ လုပ်ငန်းခွင်ဝင်ချိန်မှစ၍ ပြီးဆုံးချိန်အထိ ပြည့်ပြည့်ဝဝ လုပ်ဆောင်ကြပြီး၊ စိတ်လွတ်၊ လက်လွတ် အနားယူနိုင်ကြသည်။
အနားယူသဖြင့်လည်း ကိုယ် လက်လန်းဆန်းကာ အင်အားပြည့်ဖြိုးပြီး နောက်တစ်ရက်အတွက် အင်အားသစ်ကို တိုးစေ၏။ လုပ်ငန်းများစနစ်တကျနှင့် အောင်မြင် ဖြစ်ထွန်းလာ၏။ ကျွန်ုပ်တို့မှာ အောင်မြင်လို၏။
လန်းဆန်းလို၏။ သို့သော် ထူထောင်ဆဲ၊ ရုန်းကန်နေဆဲမှာ နှစ်ရှည်ကြာမြင့်လာ၏။ ထိုအခါ တိုးတက်လာသည်မှာ အလုပ်များဖြစ်ပြီး၊ ဆုတ်ယုတ် လာသည်မှာ ကျန်းမာရေးဖြစ်၏။ လုပ်ငန်းခွင်တွင် အချိန်ကိုက် ဖြစ်ရေး အမှားအယွင်းကင်းစင်ရေး၊ သတ်မှတ်စံချိန်၊ စံညွှန်းများ နှင့်ကိုက်ညီရေး၊ ညွှန်ကြားချက်နှင့် ညီညွတ်ရေး ပေါ့လျော့မှု မဖြစ်ရေး၊ လုပ်မှား၊ ကိုင်မှားမဖြစ်ရေး၊ အလုပ်ခွင်ဆိုင်ရာ သတ်မှတ်ချက်များအား သတိကြီးစွာ ကျင့်သုံးရသည်။ ထိုအခါ လွဲချော်မှုဖြစ်ပေါ်ပါက လိုသည်ထက်ပို၍ ကြောက်ရွံ့စိတ်ဖိစီးမှု ဖြစ်ပေါ်နေသည်။
တတ်နိုင်သမျှ မိမိစိတ်နှင့် ကိုယ်ကိုထားတတ်အောင် နေထိုင် ပါက စိတ်သက်သာရာ ရစေသည်။ စိတ်ပျက်လက်လျှော့ခြင်း အစား မြင့်မြတ်သော စိတ်ထား၊ အကောင်းဆုံးသည်းခံနိုင်ရန် ကြိုးပမ်းတည်ဆောက်ရပေမည်။
စိတ်ချမ်းသာ၊ ကိုယ်ကျန်းမာမှ အလုပ်လုပ်နိုင်မည်ဖြစ်ရာ ကျန်းမာရေးကို ဦးစားပေးသင့်သည်။ အချိန်ကာလကန့်သတ်ချက် ကို အတိအကျလိုက်နာသင့်၏။ လုပ်ငန်းလည်း အောင်မြင်၏။ အနားယူမှုလည်း ရစေ၏။ မှန်မှန်အိပ်၊ မှန်မှန်စား၊ ကိုယ်လက် လှုပ်ရှားမှုကို ပုံမှန်ပြုလုပ်ခြင်းတို့ ဆောင်ရွက်သင့်ပေ၏။ ထို့ကြောင့် အလုပ်လည်း လုပ်ပါ။ အနားလည်း ယူပါဟုဆိုချင်၏။
အလုပ်သည် အရေးကြီးသကဲ့သို့ ကျန်းမာရေးအတွက်လည်း များစွာအရေးပါသဖြင့် ချင့်ချိန်ပိုင်းခြား လုပ်တတ်ကိုင်တတ်ဖို့ လိုအပ်မည်ဖြစ်သည်။ စိတ်ဖိစီးခြင်းမှ ကင်းလွတ်ကာ လူ့ဘဝတွင် အကောင်းဆုံးနေထိုင်ပြီး အောင်မြင်သောဘဝကို ပိုင်ဆိုင်စေချင် ကြောင်း။ ။