နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
အများအကျိုး ဆောင်ရွက်

ပရဟိတစိတ်ဓာတ်သည် စိတ်ကောင်းစိတ်မြတ်ဖြစ်သည်။ အများအကျိုးသယ်ပိုးဆောင်ရွက်ခြင်းသည် မွန်မြတ်သော အလုပ် ပင်ဖြစ်သည်။ ဤလောက၌ မိမိအကျိုးဆောင်ရွက်ခြင်းနှင့် အများ အကျိုးဆောင်ရွက်ခြင်းဟူ၍ အကျိုးနှစ်ပါး ဖြစ်ပေါ်စေသည့် ဆောင်ရွက်ခြင်း နှစ်မျိုးရှိသည်။ ဤနှစ်မျိုးအနက် အများအကျိုး သယ်ပိုးဆောင်ရွက်ခြင်းသည် ပရဟိတအလုပ်ဖြစ်သည်။


လူသည် တစ်ခါတစ်ရံ မထင်မှတ်ဘဲ ဒုက္ခအမျိုးမျိုးနှင့် ရင်ဆိုင် ကြုံတွေ့တတ်သည်။ ဘေးဒုက္ခများနှင့် ကြုံတွေ့တတ်သည်။ ထိုအခါအများ၏ အကူအညီတစ်စုံတစ်ခု လိုအပ်မည်ဖြစ်သည်။ လူတစ်ဦးတစ်ယောက်ဖြစ်စေ၊ အသင်းအဖွဲ့ဖြစ်စေ၊ ဒေသ တစ်ခုခုဖြစ်စေ ဘေးဒုက္ခကြုံတိုင်း ဝိုင်းဝန်းကူညီပေးကြရသည်။ အများအကျိုးသယ်ပိုးလိုသည့် စိတ်ကောင်းစိတ်မြတ်ပရဟိတ စိတ်ဓာတ်ဖြင့် ဝိုင်းဝန်းကူညီပေးကြရသည်။


ထို့ကြောင့် ပရဟိတစိတ်ဓာတ်သည် လူတိုင်းမွေးမြူထားရှိ အပ်သော စိတ်ဖြစ်သည်။ ပရဟိတလုပ်ငန်းများကို လူတစ်ဦးမှ အစပြု၍ အသင်းအဖွဲ့များဖြင့်ပါ ပြုလုပ်လာကြသည်မှာ ကမ္ဘာ အနှံ့ပင်ဖြစ်လာသည်။ ပရဟိတလုပ်ငန်းတို့ဖြင့် လူမှုဘဝဒုက္ခ တို့ကို ပြေပျောက်စေနိုင်၏။


လူ့ဘဝတွင် မြင့်တစ်ခါ၊ နိမ့်တစ်လှည့် ရှိတတ်သည်။ လူ့ဘဝသည် အမြဲတမ်းနိမ့်ကျ မနေနိုင်သလို၊ အမြဲတမ်းလည်း အထက်တန်းကျကျ မျက်နှာပန်းလှမနေနိုင်ပါ။ အဆင်းရှိသလို၊ အတက်လည်းရှိနိုင်သည်။


သို့ပါ၍ လူတိုင်းလူတိုင်းသည် အများအကျိုးဆောင် ကိုယ့် အကျိုးအောင်ဆိုသည့် စကားအတိုင်း၊ လူမှုအသိုင်းအဝိုင်းအတွင်း၊ သာမှု၊ နာမှုကိစ္စအဝဝနှင့် လူမှုဖွံ့ဖြိုးရေးလုပ်ငန်းများတွင်ပါ တက်ကြွစွာ ပါဝင်လုပ်ကိုင်ပေးသော စိတ်ဓာတ်မွေးမြူကာ အများအကျိုး ဆောင်ရွက်သင့်ပါကြောင်း။      ။






အခြားဆက်စပ်သတင်းများ