ရန်ကုန် ဧပြီ ၄ ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းမြို့နယ်ရှိ သီရိမင်္ဂလာ ကမ္ဘာအေးစေတီတော်မြတ်ကြီးအား လာမည့် မြန်မာနှစ်သစ်ကူး မဟာသင်္ကြန်ပွဲတော်ကာလ၊ ဧပြီ ၁၀ ရက်မှ ၁၉ ရက်အထိ ၂၄ နာရီလုံး ပိတ်ထားမည် ဖြစ်ကြောင်း သက်ဆိုင်ရာဘုရားဂေါပကအဖွဲ့မှ သိရသည်။ လူဦးရေသိပ်သည်းသော ရန်ကုန်မြို့ကြီးတွင် ကိုရိုနာဗိုင်းရပ်စ်ရောဂါ (COVID-19) ကူးစက်ပြန့်ပွားမှုကို တတ်နိုင်သမျှ တားဆီးကာကွယ်နိုင်စေရန် ရည်ရွယ်ချက်ဖြင့် ယခုကဲ့သို့ လာမည့်သင်္ကြန်ပွဲတော်ကာလ အတွင်း သီရိမင်္ဂလာ ကမ္ဘာအေးစေတီတော်မြတ်ကြီးအား ၂၄ နာရီလုံး ပိတ်ထားရန် စီစဉ်ရခြင်းဖြစ်ပြီး ဘုရားရင်ပြင်တော်သာမက ဘုရားဝင်းတစ်ခုလုံးအား ပိတ်ထားမည်ဖြစ်ကြောင်း သိရသည်။ လက်ရှိတွင်လည်း ကိုရိုနာဗိုင်းရပ်စ်ရောဂါကူးစက်ပြန့်ပွားမှုကို တစ်ဖက်တစ်လမ်းမှ ကြိုတင်ကာကွယ် သည့်အနေဖြင့် သီရိမင်္ဂလာ ကမ္ဘာအေးစေတီတော်မြတ်ကြီးတွင် ဘုရားဖူးချိန်အား နံနက် ၁၀ နာရီမှ ညနေ ၃ နာရီအထိ သတ်မှတ်ထားပြီး ကျန်သည့်အချိန်များတွင် ဘုရားဝင်းတံခါးများအား ပိတ်ထားသည်။ အဆိုပါ သီရိမင်္ဂလာ ကမ္ဘာအေးစေတီတော်မြတ်ကြီးသည် ရန်ကုန်မြို့လယ်ပိုင်းတွင် တည်ရှိသည့်အပြင် သွားလာရေးလွယ်ကူသောကြောင့် ပြည်တွင်းမှ ဘုရားဖူးပြည်သူများသာမက နိုင်ငံခြားသားခရီးသွားများ လည်း လာရောက်ဖူးမြော်ကြကြောင်း၊ ယခုအခါ ပြည်တွင်းသို့ နိုင်ငံခြားသားများ ဝင်ရောက်မှုကို ယာယီ တားမြစ်ထားသောကြောင့် ယင်းစေတီတော်မြတ်ကြီးသို့ ပြည်ပနိုင်ငံသားများ လာရောက်မှုမရှိသလောက် နည်းသွားကြောင်း သိရသည်။ (ဆောင်းဦး)