ရန်ကုန် ဧပြီ ၄ YBS ယာဉ်များတွင် ခရီးသည်စီးနင်းမှုနှုန်း ၉၀ ရာခိုင်နှုန်းခန့်အထိ လျော့နည်းသွားသဖြင့် ယာဉ်လိုင်းကုမ္ပဏီများ အရှုံးပေါ်နေသည့်အတွက် လက်တလောတွင် စက်သုံးဆီအခမဲ့ထည့်ပေးရန် YRTA သို့ တင်ပြတောင်းဆိုထားပြီး ရန်ကုန်မြို့ကို Lockdown ချလိုက်၍ ခရီးသည်စီးနင်းမှုမရှိတော့ပါက ယာဉ်ပြေးဆွဲမှုရပ်နားမည်ဖြစ်ကြောင်း Power Eleven ကုမ္ပဏီမှသိရသည်။ လက်တလောတွင် အစိုးရအနေဖြင့် YBS ယာဉ်လိုင်းများကို သဘာဝဓာတ်ငွေ့ CNG အား အခမဲ့ထည့်ပေး ရန် ယာဉ်လိုင်းများက YRTA သို့တင်ပြထားကြောင်း သိရသည်။ Covid 19 ကြောင့် ခရီးသွားပြည်သူများ စီးနင်းမှု ၉၀ ရာခိုင်နှုန်းခန့် ကျဆင်းလာသည့်အတွက် ယာဉ်လိုင်းများ ဝင်ငွေကျဆင်းလာပြီး နေ့စဉ် ကားထွက်သည့် ကုန်ကျစရိတ် (Operation Cost)ဖြစ်သော CNG ဖိုးနှင့် ယာဉ်မောင်းများ၏ လုပ်အားခပင် မရရှိတော့သဖြင့် ယခုရက်ပိုင်းတွင် ဘတ်စ်ကားလိုင်းအချို့ကားများရပ်နားမည်ဟူသောအခြေအနေကို ရောက်ရှိလာကြောင်း သိရသည်။ သို့ရာတွင် လက်ရှိကာလ၌ ကားများရပ်နားသွားရန်မရှိဘဲ ယာဉ်လိုင်းများရပ်နားရန်မှာ အခြေအနေ နှစ်ရပ်ပေါ်တွင် မူတည်ပြီး YRTA မှ ညွှန်ကြားစာထုတ်၍ ရပ်နားခိုင်းခြင်းနှင့် မြို့အား Lockdown ချ၍ ခရီးသည်စီးနင်းမှု လုံးဝမရှိတော့ပါက ရပ်နားသွားမည်ဖြစ်ကြောင်း သိရသည်။ YBS ကားများတွင် တစ်ဦးချင်းယာဉ်ပိုင်ရှင် ကားများနှင့်ကုမ္ပဏီပိုင်ကားဟူ၍ နှစ်အုပ်စုရှိပြီးတစ်ဦးချင်းပိုင် ယာဉ်ပိုင်ရှင်ကား အများစုမှာ ဝင်ငွေကျဆင်းမူကြောင့် အများအပြားရပ်နားလျက်ရှိပြီး ကုမ္ပဏီပိုင်ကား အများစုကပင် ခရီးသွားပြည်သူများအတွက်တောင့်ခံ ပြေးဆွဲပေးနေရသည့် အခြေအနေဖြစ်ကြောင်း သိရသည်။ ယင်းသို့ ကုမ္ပဏီများအရှုံးပေါ်နေချိန်တွင် ရန်ကုန်တိုင်းဒေသကြီးသယ်ယူပို့ဆောင်ရေး ကြီးကြပ်ကွပ်ကဲမှုအာဏာပိုင် အဖွဲ့ (YRTA)က YBS ယာဉ်လိုင်းကုမ္ပဏီများ ပေးသွင်းနေရသည့် စီမံခန့်ခွဲမှုရန်ပုံငွေအား တစ်လကျော် ကင်းလွတ်ခွင့်ပြုထားကြောင်း သိရသည်။ မေဘယ်လ်အောင်