နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
သွေးလှူခြင်းဖြင့် အသက်ကယ်စို့

ဇွန် ၆


သွေးလှူခြင်းဟာအသက်ကယ်ခြင်းတစ်မျိုးဖြစ်တာကြောင့်ကမ္ဘာတစ်ဝန်းလုံးရှိ စေတနာသွေးလှူရှင် များကို လေးစားဂုဏ်ပြုသောအားဖြင့် နှစ်စဉ် ဇွန်လ ၁၄ ရက် နေ့ကို “ World Blood Donar Day @ ကမ္ဘာ့သွေးလှူရှင်များနေ့” ဟု သတ်မှတ်ခဲ့ကြသည်။
၂၀၁၉ ခုနှစ် မေလမှ စတင်ပြီး သွေးမှတစ်ဆင့် ကူးစက်နိုင်သော ရောဂါပိုးများ၏ အန္တရာယ်က ကင်းဝေးစေဖို့အတွက် nucleic acid testing ကို အမျိုးသားသွေးဌာနက အသုံးပြုခဲ့သည်။ စေတနာရှင် တစ်ဦး၏ သွေးလှူဒါန်းမှုတစ်ခုတိုင်း စစ်ဆေးမှုများကို ဆောင်ရွက်နိုင်ရန်အတွက် နိုင်ငံတော်အစိုးရက ငွေ ကျပ် ၂၅,ဝ၀ဝ ခန့် ကျခံအသုံးပြုလျက်ရှိသည်။


သွေးသည် ခန္ဓာကိုယ်၏ အစိတ်အပိုင်းတစ်ခုဖြစ်သည်။ ဒါနပါရမီတွင် တစ်ပါးအပါအဝင်ဖြစ်သော ခန္ဓာကိုယ်အစိတ်အပိုင်း ၏ သွေးအလှူ (ခေါ်) အတွင်းအလှူဖြင့် ရက်ရောစွာလှူဒါန်းခြင်းကို “ဒါနဥပပါရမီ” ဟု မြတ်စွာဘုရားရှင်က ဟောကြားတော်မူခဲ့ သည်။ သွေးနှင့်အသက်ဆက်ရသော သက်ရှိလူသားများအတွက် လုံလောက်သောသွေးရှိမှသာ ခန္ဓာဝန်ထမ်းရွက်နိုင်ကြမည် ဖြစ်သည်။ ယုတ်ထွအဆုံး အမိဝမ်းတွင်းသန္ဓေသားလောင်းအဆင့်မှာပင် စားပွဲတင်ဇွန်းသုံးဇွန်းမျှ ပမာဏရှိသောသွေးက မရှိမဖြစ် လိုအပ်နေသည်။


သွေးလှူရှင်ရှိမှ အသက်ဆက်ခွင့်ရသော လူနာများမှာ -
(က) အရေးပေါ် ထိခိုက်ဒဏ်ရာရလူနာများ (ခ) ခွဲစိတ်ခန်းဝင်နေသော လူနာများ (ဂ) သွေးမတိတ်ရောဂါ ဝေဒနာသည်များ (ဃ) နာတာရှည် သွေးအားနည်းရောဂါရှိသူများ (င) ရိုးတွင်းချင်ဆီ အစားထိုးကုသခံ လူနာ များ (စ) မွေးကင်းစ အသားဝါရင်သွေးငယ်လေးများ စသည်တို့ဖြစ်ကြသည်။ 


သွေးတစ်ကြိမ်လှူတိုင်း သွေးလှူရှင်ထံမှ ၄၅၀ မီလီ လီတာခန့်ပမာဏရှိသော သွေးကိုဖောက်ထုတ် လေ့ရှိသည်။ သွေးတစ်ယူနစ် (သို့မဟုတ်) သွေးတစ်အိတ် (သို့မဟုတ်) အရပ်အခေါ် သွေးတစ်ပုလင်းမှာ အနီးစပ်ဆုံး သွေးပမာဏ ၄၅၀ မီလီလီတာဖြစ်ကာ ၎င်းပမာဏသည် ရေသန့်ဘူး တစ်ဝက်ခန့်ရှိသည်။ ထိုပမာဏသည် အရွယ်ရောက်သူ သွေးလှူရှင် တစ်ကိုယ်လုံးရှိ သွေးများ ၏ ၇ဒသမ၅ ရာခိုင်နှုန်းမျှသာ ရှိသော်လဲ၊ ထိုသွေးကို လက်ခံရရှိသူ လူနာအဖို့ အသက်တစ်ချောင်း ကယ်တင်ရာရောက်၍ အလွန်မွန်မြတ် လှပေသည်။ သွေးအလှူရှင် တစ်ဦး၏ တစ်ကြိမ်သွေးလှူဒါန်းမှုသည် လူနာ ၃ ဦးကို ကယ်တင်နိုင်ပါသည်။


သွေး ၄၅ဝ စီစီလှူလိုက်သောအခါ သွေးအရည်(ပလာစမာ) ထုထည် ၇ - ၁၃ ရာခိုင်နှုန်းကျသွား ပါလိမ့်မည်။ သို့သော် သွေးလှူပြီးနောက် ၂၄ - ၄၈ နာရီအတွင်းမှာ ထုထည်အရည် ပြန်လည်ပြည့်လာသည်။ သွေးနီဥများက နောက် ၅၆ ရက်အကြာမှာ ပြန်ပြည့်လာမည်ဖြစ်သည်။ ထို့ကြောင့် နောက်ထပ် တစ်ကြိမ် သွေးလှူဖို့အတွက် ပျမ်းမျှ အချိန် ၃ - ၄ လ စောင့်ပေးရပါမည်။
သွေးလှူဒါန်းရခြင်းအကျိုးကြောင့် လူ့အသက်တစ်ချောင်းကို ကယ်တင်ရုံသာမကသွေးအလှူရှင်အတွက် လည်း အောက်ပါ ကျန်းမာရေးအကျိုးကျေးဇူးများကို ရရှိစေနိုင်သည်။


-    သွေးလှူပြီးနောက်ထပ်မံဖြည့်စွက်စားသောက်ရသည့်အားဖြည့်စာများကြောင့် ပိုမိုကျန်းမာလာ စေနိုင်သည်။
-    ကိုလက်စထရော ကျစေသည်။
-    တစ်နာရီမျှ အချိန်ပေး၍သွေးလှူလိုက်ခြင်းကြောင့်၊ တစ်ပါးသူအသက်ကိုကယ်ဆယ်နိုင်သဖြင့် ပီတိဖြစ်ကာ ပရဟိတ အကျိုးသယ်ပိုးလိုစိတ်ဓာတ်၊ အသင်းအဖွဲ့စိတ်ဓာတ်၊ ပူးပေါင်းဆောင်ရွက်တတ်သောစိတ်ဓာတ်များ တိုးပွားလာစေ သည်။
-    သွေးလှူရှင်တစ်ဦးသည် သွေးတစ်ပိုင့် (၄၅၀ မီလီလီတာ) လှူပြီးတိုင်း၊ အလှူရှင်၏ခန္ဓာကိုယ်မှ ၆၅၀ကယ်လိုရီခန့်လောင်မြိုက်သွားစေတာကြောင့် ကိုယ်အလေးချိန်လျှော့ချလိုသူများအတွက် အလွန် လျင်မြန်စွာ ကျစေပါ သည်။


-    သွေးဖေါက်ထုတ် လှူဒါန်းလိုက်ခြင်းကြောင့် အသည်းကင်ဆာ၊ အဆုတ်ကင်ဆာ၊ အူမကြီးကင်ဆာ၊ အစာအိမ် ကင်ဆာ၊ လည်ချောင်းကင်ဆာ စသည့် ကင်ဆာရောဂါများ ဖြစ်နိုင်ခြေအလားအလာနည်းပါးကြောင်း “ အမေရိ ကန်ရှိ Miller-Keystone သွေးစင်တာ ” မှ အကြံပြုထားသည်။
-    အမေရိကန်ဆေးသိပ္ပံပညာရှင်များ၏ ဆန်းစစ်ချက်အရ၊ သွေးပုံမှန်လှူဒါန်းသော အမျိုးသားများတွင် နှလုံးရောဂါ ဖြစ်နိုင်မှု အလားအလာ ၈၈ ရာခိုင်နှုန်းလျော့ကျနိုင်ပြီး၊ နှလုံးကြောင့်လေဖြတ်ခြင်း အလားအလာ ၃၃ ရာခိုင်နှုန်းထိ လျှော့ချပေးနိုင်ကြောင်း လေ့လာတွေ့ရှိရသည်။ ထို့ကြောင့် သွေးလှူလေ့ရှိသူများသည် ရုတ်တရက်နှလုံးဖောက်ပြန်ခြင်းနှင့် လေဖြတ်ခြင်းတွေ ဖြစ်လေ့ မရှိပေ။


-    သွေးလှူပြီးနောက် ဆုံးရှုံးသွားသော သွေးနီဥများကို ရိုးတွင်းခြင်ဆီမှ ၄၈ နာရီအတွင်း ပြန်လည်ထုတ်လုပ် ပေးသည်။ တစ်လ (သို့မဟုတ်) နှစ်လနီးပါး အကြာတွင် ပုံမှန်သွေးနီဥ ပမာဏပြည့်ဝလာပြီး သွေးသစ်လောင်း စေကာ သွေးနီဆဲလ်အသစ်များဖြင့် ဖွဲ့စည်းတည်ဆောက်ထား၍ ခန္ဓာကိုယ်လန်းဆန်းစေကာ၊ လုံ့လတက်ကြွမှု ဖြစ်စေသည်။


-    အထူးသဖြင့် သက်ကြီးပိုင်း သွေးလှူရှင်များအဖို့ကျန်းမာရေးပိုမိုကောင်းမွန်လာပြီး၊ အင်အား တောင့်တင်းလာစေသည်။
-    ပုံမှန်သွေးလှူခြင်းကြောင့် မိမိ၏ သွေးဖိအား အနည်းအများ၊ သွေးပေါင်ချိန် အတက်အကျ နှင့် ကျန်းမာရေး အခြေအနေတို့ကို ပုံမှန်စစ်ဆေးရာရောက်သည်။ ထို့ပြင် သွေးလှူမည့်သူသည် သွေးမလှူခင် ခန္ဓာကိုယ်ကျန်းမာရေးကို အခမဲ့စစ်ဆေးရသဖြင့် ကျန်းမာရေးအတွက် အရေးကြီးသော ရောဂါနှစ်မျိုးဖြစ်သည့် သွေးတိုးရောဂါနှင့် သွေးတွင်းအဆီဓာတ် အခြေအနေတို့ကို သိရ၍ ကြိုတင်ကာကွယ်ထားနိုင်သည်။
-    သွေးအုပ်စုအမျိုးအစားကို ကြိုတင်ခွဲခြားသိရှိနိုင်ပြီး သွေးစစ်ခြင်းဖြင့်သာ သိရှိနိုင်သော HIV, ကာလသားရောဂါ၊ အသည်းရောဂါတို့ ကဲ့သို့သော ရောဂါများကိုပါ စစ်ဆေးပြီးသား ဖြစ်စေသည်။


-    လူသားတို့ကျန်းမာရေးအတွက် သံဓာတ်ကမရှိမဖြစ်ပါ။ သို့သော် သွေးထဲမှာသံဓာတ်ပမာဏ လိုအပ်သည်ထက်ပိုများနေပါက နှလုံးကိုထိခိုက်စေနိုင်သည်။ Hemochromitosis (ခေါ်) ခန္ဓာကိုယ် တစ်သျှူးအတွင်းသံဓာတ်စုပုံလာခြင်းကြောင့် ဇီဝကမ္မဖြစ်စဉ်ကို အနှောင့်အယှက်ဖြစ်စေသည့် ဝေဒနာစွဲ ကပ်နေသူများသည် သွေးလှူပေးခြင်းဖြင့် ထိုရောဂါ ဖိစီးခြင်းမှ သက်သာလာစေကြောင်း၊ ထို Hemochromitosis  ရောဂါရှိသူ၏ သွေးကို လက်ခံသော လူနာများအဖို့ မည်သည့်ဘေးဥပဒ်မျှ မဖြစ်စေ ကြောင်း “အမေရိကန်ကြက်ခြေနီ သွေးဝန်ဆောင်မှု အသင်း" မှ အတည်ပြု ထောက်ခံထားသည်။ 


-    ပုံမှန် သွေးလှူဒါန်းပေးခြင်းဖြင့် ခန္ဓာကိုယ်ထဲက မလိုလားအပ်သော သံဓာတ်လွန်ကဲမှုကိုထိန်းချုပ် နိုင်မည်ဖြစ်သလို၊ သံဓာတ်လွန်ကဲမှုကြောင့် ဖြစ်လာနိုင်သော နှလုံးရောဂါ၊ လေဖြတ်ရောဂါ စသည့် အန္တရာယ်များမှလည်း ကာကွယ်နိုင်မည်ဖြစ်သည်။
-    သွေးလှူမည့်သူအတွက် ဂုဏ်ပြုအထိမ်းအမှတ် အင်္ကျီများ၊ စားစရာ၊ သောက်စရာများ စသည့်ပျော်ရွှင်ဖွယ်ရာ လက်ဆောင်ပစ္စည်းများလည်းရရှိကာ ထိုလက်ဆောင်ပစ္စည်းအပေါ် ဂုဏ်ယူကျေနပ် ဝမ်းသာပီတိဖြစ်မိပြီး နောက်ထပ် တစ်ကြိမ် သွေးလှူဒါန်းလိုစိတ် သဒ္ဓါပွားလာစေပါသည်။


သွေးအလှူရှင် တစ်ဦးတွင် ရှိသင့်သော အရည်အချင်းများ။
(၁) သွေးလှူခြင်းဥပဒေသများသည် သွေးလှူဘဏ်တစ်ခုနှင့်တစ်ခု မတူညီကြပေ။ သွေးလှူဘဏ် စည်းကမ်းအလိုက် အလှူရှင်ထံမှ သွေး ၃၅ဝ - ၄၅ဝ စီစီထုတ်ယူပါလိမ့်မည်။ (၂) သွေးလှူရှင်သည် အသက် ၁၇ နှစ်ပြည့်ပြီးဖြစ်ရမည်၊ တချို့ အရပ်ဒေသတွင် အသက် ၁၆ နှစ်တွင် သွေးလှူခွင့်ပြုထားသည်။ (၃) သွေးဖိအား BP အထက်ဂဏန်း ၁၈ဝ အထက် မကျော် စေရ၊ အောက်ဂဏန်း ၁ဝဝ ထက်မနည်းစေရ။ (၄) သွေးလှူမည့်သူသည် အသက် ၅ဝ ထက် မကြီးစေရ။ ကိုယ်အလေးချိန် ၄၅ ကီလိုထက် မနည်းစေရ။ (၅) ကိုယ်အပူချိန် ၉၉ဒသမ၅ ဒီဂရီဖာရင်ဟိုက်ထက် မကျော်စေရ။ (၆) သွေးမလှူခင် Hemocrit စစ်သော အခါ ပုံမှန်ထက် ၃၈ ရာခိုင်နှုန်း နည်းနေပါက မလှူရပေ။ Haemoglobin 12.5 g/dl အနည်းဆုံး ရှိနေရမည်။ (၇) သွေးလှူရှင် သည် အမျိုးသမီးတစ်ဦဖြစ်ပါက “ရာသီလာနေတုန်း စောင့်ပါဦး" ဟု  တချို့ဆေးရုံတွေက ပြောလေ့ရှိသည်။ သို့သော် ရာသီလာ နေစဉ် မှာလည်း သွေးလှူဒါန်းနိုင်သည်။ (၈) ကိုယ်ဝန် တားဆေး၊ သွေးဆုံးပြီး၍ ဟော်မုန်း အစားထိုးဆေး သုံးနေသူများလည်း သွေးလှူနိုင်သည်။ (၉) ကိုယ်ဝန်ဆောင်နေစဉ် သွေးမလှူရပါ။ မွေးဖွားပြီးနောက် ၆ လ စောင့်ပါ။ (၁၀) ကလေးနို့တိုက်နေသူ၊ လတ်တလော ကိုယ်ဝန် ပျက်ထားသူ မလှူရသေးပါ။
သွေးလှူရှင်များ အတွက် နေထိုင် စားသောက်ပုံနည်းစနစ်များ။


(က) သွေးလှူဖို့ စောင့်ဆိုင်းရမည့် အချိန်များ


(၁) နေမကောင်း၍ သောက်ရသောဆေးကို ၄၈ နာရီအတွင်း သောက်မထားရ။ (၂) အရက် သောက်ပြီးနောက် ၄၈ နာရီ စောင့်ပါ။ (၃) သွေးမလှူခင်မှာ (သုံးနာရီကြိုတင်ပြီး) ထမင်းဝဝစားခဲ့ပါ။ (၄) အသည်းရောင် (အေ) ဖြစ်ဖူးပြီးနောက် သုံးနှစ်ကြာ စောင့်ပြီးမှသာ သွေးလှူရပါမည်။ (၅) ပြီးခဲ့သော ခြောက်လအတွင်း ခွဲစိတ်ကုသမှု အကြီးစားလုပ်ထားရသူ မလှူရသေးပါ။ (၆) တက်တူးထိုးစဉ်မှာ အပ်အဟောင်းသုံးထားခြင်း (သို့မဟုတ်) မသန့်ရှင်းသောအပ်က အသည်းရောင်ရောဂါရှိနိုင်သဖြင့် တက်တူး ထိုးထားသူများ၊ တက်တူးထိုးပြီး နောက် ၁၂ လ(တစ်နှစ်) စောင့်ရပါမည်။ သို့သော် အပ်စိုက်ကုသမှု ခံယူထားသူများ၊ အလှအပ ကွင်းတွေ တပ်ဆင်ထားသူများအတွက် ပြဿနာမရှိနိုင်ပါ။ (၇) လူကိုက်တာခံရ၍ အရေပြားစုတ်ပြဲသွားပါက ၁၂ လ စောင့်ရ မည်။ (၈) ကျန်းမာရေးအတွက် ဆေးတွေသောက်ထားပါက ယေဘုယျအားဖြင့် စောင့်စရာမလိုပါ။ သွေးတိုးကျဆေးသောက်ထားပါက စောင့်ရပါမည်။ ပိုးသေဆေး (ဗက်တီးယား နှင့်   ဗိုင်းရပ်စ်တွေအတွက်) ဆေးသောက်ထားသူများ နှစ်ရက် စောင့်ပါ။ ဆီးချိုထိုးဆေး(အင်စူလင်)ထိုးထားသူများ  နှစ်ပတ်စောင့်ပါ။


(ခ) သွေးမလှူခင် စားသောက်ပုံများ


(၁) ပထမဆုံးနှင့် အရေးကြီးဆုံးအချက်မှာ သွေးလှူမည့်သူသည် မည်သည့်အစာမျှ စားထားခြင်းမရှိဘဲ သွေး (လုံးဝ) မလှူသင့်ပေ။ (၂) သွေးတွင်းအာဟာရပြည့်စေရန်အတွက် အာဟာရပြည့်ဝမည့်အစာ တစ်ခုခုကို သွေးမလှူခင် နှစ်နာရီ၊ သုံးနာရီခန့် ကြိုတင်၍ စားထားပေးရမည်။ (၃) ကောင်းစွာ အစာကြေညက်နေမှသာလျှင် သွေးလှူပြီးနောက် အနည်းငယ်မအီမသာဖြစ်ခြင်း၊ ပျို့အန်ခြင်းတို့မှသက်သာ စေမှာဖြစ်သည်။ (၄) သုံးလတစ်ကြိမ် ပုံမှန်သွေးလှူနေကျဖြစ်ပါက သွေးမလှူခင် ရက်သတ္တတစ်ပတ်၊ နှစ်ပတ်ခန့်ကြိုတင်၍ သံဓာတ်ကြွယ်ဝစွာပါဝင်သော အစားများကိုစားသုံးပါ။ (၅) သံဓာတ်က သွေးထဲမှ အောက်ဆီဂျင်ကို ကိုယ်ခန္ဓာအတွင်းရှိ ဆဲလ်များဆီသို့ သယ်ဆောင်ပေးသဖြင့် လှူဒါန်းလိုက်သော သွေးထဲမှာ ယင်းသံဓာတ်များပါသွားပြီး အားနည်းခြင်း၊ မောပန်းခြင်း တွေဖြစ်တတ်ပါသည်။ ထို့ကြောင့် သံဓာတ်ဖြည့်စွက်စာအဖြစ် ဆီးသီးခြောက်၊ မက်မန်းသီး၊ မက်မွန်သီး၊ သဖန်းသီး၊ ကတွတ်သီး၊ ခရမ်းချဉ်သီး၊ ကြက်၊ ဝက်၊ ဆိတ်၊ အမဲ တို့၏ အသည်း၊ ကြက်ဥ၊ ဘဲဥ၊ ငုံးဥများစသည်တို့ကို များများစားပေးပါ။ (၆) သွေးထဲတွင် လိုအပ်နေသောသံဓာတ်ကို ဗီတာမင်စီက ကူညီ အားဖြည့်စုပ်ယူပေးနိုင်သဖြင့်၊ ၄င်း ဗီတာမင်စီကြွယ်ဝသော လိမ္မော်သီး၊ သံပရာသီး၊ ဂေါ်ဖီထုပ် တို့ကို တွဲဖက် စားသုံးပေးသင့်သည်။


(ဂ) သွေးလှူပြီးနောက် စားသောက်ပုံများ


(၁) ခါတိုင်းထက် ရေ (သို့မဟုတ်) အရည်(အရက်ကလွဲပြီး) လေးခွက်(ရှစ်အောင်စ) ပိုသောက်ပါ။ (၂) ခန္ဓာကိုယ်ထဲ တွင် ရေ နှင့် သကြားဓာတ်ခန်းခြောက်မှုမရှိစေရန် သွေးလှူပြီးပြီးချင်း အသီးဖျော်ရည်နှင့် မုန့် အချို တစ်ခုခုကို ချက်ချင်းစားပေးပါ။ (၃) သွေးပေါင်မကျစေရန် သွေးလှူပြီးနောက် ၂၄ နာရီမှ ၄၈ နာရီအတွင်း အရည်များများကို အဆက်မပြတ် သောက်သုံးပေးပါ။ (၄) ကော်ဖီ၊ ကိုလာ စသည့် ကဖိန်းဓာတ်ပါသော အရည်များသည် ဆီးကိုရွှင်စေသဖြင့် သွေးလှူပြီး ၈ နာရီမှ ၁၀ နာရီ အတွင်း ယင်းအရည်များကို (လုံးဝ) မသောက်သင့်ပေ။ (၅) ဖောလိပ်အက်ဆစ်က သွေးလှူခြင်းကြောင့် ကုန်ဆုံးသွားသော သွေးနီဥများကို အစားထိုး ပြန်လည် ဖြည့်ဆည်းပေးနိုင်သည်။ ယင်းဓာတ်ကြွယ်ဝစွာပါရှိသော တိရစ္ဆာန်များ၏ အသည်း၊ ပဲအမျိုးမျိုး၊ ကညွတ်၊ ဟင်းနုနယ်ရွက်အပါအဝင် အစိမ်းရင့်ရောင်ရှိသော ဟင်းသီးဟင်းရွက်များနှင့် အညိုရောင် ဂျုံပေါင်မုန့်တို့ကို စားပေးပါ။ (၆) ဥ၊ အာလူး၊ ငှက်ပျောသီး၊ အစေ့အဆန်များ၊ အခွံမာသီးများ၊ ငါး၊ နို့နှင့် ထောပတ်၊ ပူတင်း၊ ချိစ်တို့လို နို့ထွက်ပစ္စည်းကလည်း သွေးနီဥများကို ပြန်လည်တည်ဆောက် ပေးနိုင်သဖြင့် ယင်းတို့ကို များများစားသုံး ပေးသင့်သည်။ (၇) သွေး လှူပြီးနောက် ပုံမှန်အလုပ် (ကျောင်းတက်၊ ရုံးတက်) လုပ်နိုင်သည်။ (၈) သွေးလှူပြီးနောက် ဆေးလိပ်သောက်ခြင်း၊ အရက် သောက်ခြင်း၊ ပူအိုက်သော အခန်းတွင်းနေထိုင်ခြင်း၊  ကိုယ်လက်လှုပ်ရှား လေ့ကျင့်ခန်း ပြင်းပြင်းလုပ်ခြင်း၊ အစာမစားပဲ ဥပုသ် စောင့်ခြင်း၊ မတ်တပ်အကြာကြီးရပ်နေခြင်း စသည်တို့ ကြောင့် ခေါင်းမူးနိုင်သည်။ ထိုသို့မပြုမိရန် သတိထား ဆင်ခြင်ပါ။


(အထူးသတိ)


သွေးလှူရှင်တွင် ဘီပိုး၊ စီပိုး၊ HIV၊ ကာလသားရောဂါ၊ ငှက်ဖျားရောဂါ စသည့်တို့ကင်းစင်နေမှသာ လှူဒါန်းခွင့်ရှိပြီး၊ သွေးလှူခါနီးတွင်လည်း သွေးပေါင်ချိန် ပုံမှန် ဖြစ်နေရမည်။ ထို့ပြင် လိင်ဆက်ဆံဖေါ်များသူ၊ ဆစ်ဖလစ်ရောဂါပိုးရှိသူ၊ မူးယစ် ဆေးစွဲနေသူ၊ အသားဝါ၊ Rubella(ရူဘဲလား)ရောဂါ၊ တိုက်ဖွိုက်ရောဂါ၊ ငှက်ဖျားရောဂါ၊ နှလုံးရောဂါ၊ ကျောက်ကပ်ရောဂါ၊ အသည်းရောဂါ၊ သွေးရောဂါ နှင့် ပန်းနာရောဂါရှိသူများလည်း သွေး (လုံးဝ) မလှူသင့်ပေ။ မည်သည့်ပဋိဇီဝသောက်ဆေးကိုမျှ မမှီဝဲသူ ဖြစ်ရမည်။ တစ်ကြိမ် နှင့် တစ်ကြိမ် သွေးလှူချိန် ကြားကာလမှာ အနည်းဆုံး နှစ်လရှိမှသာ သွေးလှူရှင်၏ နောက်ဆက် တွဲ ကျန်းမာရေးအတွက် စိတ်ချရသလို၊ အလှူခံမည့် ဝေဒနာသည်အတွက်လည်း အရည်အသွေးပြည့်မီသော သွေးကို လက်ခံရရှိနိုင်ပါလိမ့်မည်။
အချုပ်အားဖြင့်ဆိုသော် သွေးလှူဒါန်းခြင်းသည် မိမိပိုင်ဆိုင်သော ပစ္စည်းဥစ္စာထက် မိမိ၏ခန္ဓာကိုယ်ရှိ သွေးကိုလှူဒါန်း ရခြင်းသာဖြစ်၍ အလွန်မွန်မြတ်သော စွန့်လွှတ်လှူဒါန်းမှုတစ်ရပ်ဖြစ်ပါသည်။ ထို့ကြောင့် ရခဲလှသောလူ့ဘဝမှာ ပုထုဇဉ် လူသားအချင်းချင်း မိမိသွေးဖြင့် အသက်ကယ်တင်ကြပါရန် တိုက်တွန်းလိုက်ရပါသည်။  

ပေါက်ပေါက်






အခြားဆက်စပ်သတင်းများ