နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
အမေရိကန်ဒေါ်လာ ၂ သန်းတန် သကြားလုံးများဝယ်ယူမည့် အစီအစဉ်ကြောင့် မာဒါဂက်စ်ကာပညာရေးဝန်ကြီး ရာထူးမှ ထုတ်ပယ်ခံရ

ဇွန် ၆ အန်တာနာနာရီဗို

ကျောင်းသား၊ ကျောင်းသူများအတွက် အမေရိကန်ဒေါ်လာ ၂ သန်းကျော် တန်ကြေးရှိသည့် သကြားလုံးများ ဝယ်ယူပေးရန် စီစဉ်ခဲ့ခြင်းကြောင့် မာဒါဂက်စ်ကာပညာရေးဝန်ကြီးမှာ ရာထူးမှ ထုတ်ပယ်ခံခဲ့ရသည်။ စမ်းသပ်ရခြင်းမရှိသေးသည့် ကိုရိုနာဗိုင်းရပ်စ် ဆေးမြီးတို သောက်ပြီးပါက ဖြစ်ပေါ်လာသည့် ခါးသက်မှုကို ဖြေဖျောက်နိုင်ရန်အတွက် ကျောင်းသား၊ ကျောင်းသူတစ်ဦးတစ်ယောက်ချင်းစီကို သကြားလုံး ၃ လုံး ပေးသွားမည်ဟု ပညာရေးဝန်ကြီး အန်ဒရီယာမာနာနာက ပြောသည်။ သို့‌သော် မာဒါဂက်စ်ကာသမ္မတ၏ ကန့်ကွက်မှုကြောင့် အဆိုပါအစီအစဉ်ကို ဖျက်သိမ်းခဲ့သည်။ မာဒါဂက်စ်ကာသမ္မတ ရာဂျိုလီနာက Covid-Organics ဆေးမြီးတိုကို ကိုရိုနာဗိုင်းရပ်စ် ကုသနိုင်သည့်ဆေးဝါးအဖြစ် တိုးမြှင့်ဆောင်ရွက်လျက်ရှိသည်။

Covid-Organics ဆေးမြီးတိုက ကိုရိုနာဗိုင်းရပ်စ် ကုသနိုင်စွမ်းရှိသည်ဆိုသော သက်သေပြချက်မရှိဟု ကမ္ဘာ့ကျန်းမာရေးအဖွဲ့ချုပ်က သတိပေးထားသော်လည်း အာဖရိကနိုင်ငံအများအပြားက ကိုရိုနာဗိုင်းရပ်စ်ကို တွန်းလှန်တိုက်ဖျက်နိုင်မည်ဟု ယုံကြည်ပြီး Covid-Organics ဆေးမြီးတိုကို တင်သွင်းနေကြဆဲဖြစ်သည်။ သစ်နံကိုင်းမှ ထုတ်လုပ်ထားသည့် ဆေးမြီးတိုမှာ လူများကို ကျန်းမာရေးထိခိုက်စေနိုင်သည်ဟု မာဒါဂက်စ်ကာနိုင်ငံ အမျိုးသားဆေးဘက်ဆိုင်ရာအကယ်ဒမီက ပြောသည်။ သို့သော် မာဒါဂက်စ်ကာသမ္မတ ရာဂျိုလီနာက ဝေဖန်မှုများကို ပယ်ချခဲ့ပြီး အာဖရိကတိုက်အပေါ် အနောက်နိုင်ငံများက အထင်အမြင် သေးကြောင်း သက်သေပြနေသည်ဟု ဆိုသည်။ ဥရောပနိုင်ငံတစ်နိုင်ငံကသာ အဆိုပါဆေးကို ထုတ်လုပ်ပါက အနောက်အုပ်စုအနေဖြင့် ယခုကဲ့သို့ တုံ့ပြန်လိမ့်မည်မဟုတ်ဟု ယင်းက ပြောသည်။ မာဒါဂက်စ်ကာနိုင်ငံတွင် ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူ ၁၀၀၀ နီးပါးရှိနေပြီး လူခုနစ်ဦး သေဆုံးခဲ့သည်။                                    

(KNT)






အခြားဆက်စပ်သတင်းများ