နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
တီဘီရောဂါစနစ်တကျ ကုသရန်လိုအပ်

တီဘီရောဂါသည် လေထဲမှတစ်ဆင့်ကူးစက်ပျံ့နှံ့နိုင်သော တီဘီပိုးကြောင့် ဖြစ်စေသော ကူးစက်ရောဂါတစ်မျိုးဖြစ်၏။ ရောဂါရှိသော လူနာမှချောင်းဆိုး၊ နှာချေ၊ စကားပြောသောအခါ လေထဲမှတစ်ဆင့်နောက်တစ်ဦးသို့ ကူးစက်နိုင်၏။
မြန်မာနိုင်ငံတွင် တီဘီလူနာရှာဖွေတွေ့ရှိနှုန်းမှာ လူတစ်သိန်း လျှင် ၂၆၇ ဦးနှင့် ဆေးကုသမှုအောင်မြင်နှုန်း ၈၇ ရာခိုင်နှုန်းရရှိ အောင် ဆောင်ရွက်နိုင်ခဲ့သော်လည်း တီဘီရောဂါသည် ဦးစားပေး ဖြေရှင်းဆောင်ရွက်ရမည့် ရောဂါတစ်ခုအဖြစ်ရှိနေဆဲ ဖြစ်သည်။
အဆုတ်တီဘီဆိုသည်မှာ တစ်ရှုးများကို တိုက်ခိုက်ဖျက်ဆီး တတ်သော ဗက်တီးရီးယား ပိုးကူးစက်မှုတစ်မျိုးဖြစ်သည်။ ထို ဗက်တီးရီးယားကို MTB ဟု ခေါ်ပြီး လေထဲမှတစ်ဆင့် ကူးစက် ပျံ့နှံ့သည်။ လူအများအပြားသည် ငုပ်နေသော အဆုတ်တီဘီ ရောဂါကို ခံစားရသည်။ လူနာ၏ ကျန်းမာရေးအပေါ်မူတည်၍ အချိန်အတိုင်းအတာတစ်ခု (သီတင်းပတ်အနည်းငယ်မှနှစ် အတန်ကြာ) ကြာပြီးနောက် တီဘီရောဂါပိုးသည်ရောဂါလက္ခဏာများကို စတင်ဖြစ်ပွားစေသည်။
တီဘီရောဂါလက္ခဏာများမှာ နှစ်ပတ်ထက်ပိုပြီး ချောင်းဆိုး ခြင်း၊ ချောင်းဆိုးသောအခါ သွေးပါခြင်း၊ သလိပ်ပါခြင်း၊ အစား အသောက်ပျက်ခြင်း၊ တဖြည်းဖြည်းပိန်လာခြင်း၊ တငွေ့ငွေ့ဖျား ခြင်း၊ ညဘက်ချွေးထွက်များခြင်း၊ ညဘက်ရင်ဘတ်အောင့်ခြင်း၊ မောပန်းလွယ်ခြင်းတို့ဖြစ်ကြောင်း သိရသည်။
အထူးသဖြင့် လူနာသည် ခုခံအားကျဆင်းမှုကူးစက်ရောဂါ၊ ကင်ဆာ(သို့မဟုတ်) ကင်ဆာဆေးကုထုံးခံယူနေခြင်းစသော ကိုယ်ခံအားနည်းစေသော အကြောင်းရင်းများရှိပါက တီဘီရောဂါ သည် ပို၍လျှင်မြန်စွာ ဖြစ်ပွားပါသည်။ ရောဂါသည် အဆုတ်ကို ထိခိုက်နေပြီး အရိုး၊ ပြန်ရည်ကျိတ်၊ ပင်မအာရုံကြောအဖွဲ့အစည်း၊ နှလုံးနှင့်အခြားအင်္ဂါများသို့ ပျံ့နှံ့နိုင်သည်။
ကမ္ဘာပေါ်တွင် တီဘီရောဂါကြောင့် တစ်မိနစ်ကို လူသုံးဦး သေဆုံးလျက်ရှိနေသည် တီဘီရောဂါသည် လူနာများသော နေရာတွင်နေထိုင်ခြင်းနှင့် အလုပ်လုပ်ခြင်း၊ ဥပမာ-ဆေးခန်းများ၊ ဒုက္ခသည်စခန်းများ၊ ကျန်းမာရေးအခြေအနေချို့တဲ့သောနေရာ များတွင် နေထိုင်သူများ၊ အရက်(သို့မဟုတ်) မူးယစ်ဆေးသုံးခြင်း တို့တွင် ကူးစက်နှုန်းမြင့်မားသည်။
အဆုတ်တီဘီရောဂါကို လွယ်ကူစွာကုသနိုင်သည်။ ဆေး ခြောက်လသို့မဟုတ် ပိုကြာစွာသောက်ခြင်းပြုလုပ်ရမည်။ ကုသ မှုတွင် ပဋိဇီဝဆေးနေ့စဉ်သုံး၊လေးကြိမ်သောက်ရန် ပါဝင်သည်။ တီဘီဆေးများကို နေ့စဉ်အချိန်မှန်မှန်နံနက်စောစောတွင်တစ်ကြိမ်အစာနှင့်ခွဲခြား၍ သောက်သုံးရမည်။ ဆရာဝန်၊ မိသားစုဝင် တစ်ဦးဦး၏ တိုက်ရိုက်စောင့်ကြပ်ကြည့်ရှုမှုအောက်တွင် သောက် ရပါမည်။
တီဘီရောဂါပိုးသည် အသက်အလွန်ပြင်းသည့်အတွက် တီဘီ  ပိုးကင်းရှင်းသည်အထိ ခြောက်လမှရှစ်လကြာမပျက်မကွက်နေ့ စဉ် အချိန်မှန်မှန်ဆေးသောက်ရန်လိုအပ်သည်။ တီဘီဆေးသောက် သုံးနေစဉ်အတွင်း သာမန်ဘေးထွက်ဆိုးကျိုးအချို့ဖြစ်ပေါ်တတ် သဖြင့် ကျန်းမာရေးဝန်ထမ်းများနှင့် ပြသ၍ စောင့်ရှောက်မှုကို ခံယူသင့်သည်။ ကျန်းမာရေးဝန်ထမ်းများ၏ ညွှန်ကြားချက် အတိုင်း လိုက်နာသောက်သုံးခြင်းဖြင့် သက်သာပျောက်ကင်း လာနိုင်ပြီ ဖြစ်ရာ ဝေဒနာရှင်များဘက်ကစနစ်တကျသောက်သုံး စေချင်ကြောင်း တိုက်တွန်းရပေသည်။






အခြားဆက်စပ်သတင်းများ