ဇွန် ၆ တီဟီရန်
ယင်းတို့အဖွဲ့ သွားရောက်ကြည့်ရှုလိုသည့် နေရာများကို အီရန်နိုင်ငံက ခွင့်ပြုပေးခြင်းမရှိ၍ အလွန်အမင်း စိုးရိမ်ပူပန်မိသည်ဟု ကုလသမဂ္ဂနျူကလီးယားစောင့်ကြည့်ရေးအဖွဲ့က ပြောသည်။ သင်္ကာမကင်း ဖြစ်ဖွယ်ရှိသည့် တည်နေရာနှစ်ခုကို အီရန်နိုင်ငံက သွားရောက်ခွင့် ပိတ်ပင်ထားခြင်းမှာ လေးလကျော် ကြာမြင့်နေပြီဟု နိုင်ငံတကာအဏုမြူ စွမ်းအင်အေဂျင်စီ(IAEA)က ပြောသည်။ ၂၀၁၅ ခုနှစ် သဘောတူစာချုပ်တွင် အီရန်နိုင်ငံက နျူကလီးယားရည်မှန်းချက်ကို ကန့်သတ်ရန် သဘောတူညီမှုမယူမီ အချိန်အတော်ကြာကတည်းက အဆိုပါနေရာများတွင် လှုပ်ရှားခဲ့ဖွယ်ရှိသည်။ သို့သော် IAEA က အဆိုပါနေရာများကို အမည်တပ်၍ ဖော်ပြခဲ့ခြင်းမရှိပေ။
လက်ရှိအချိန်တွင် အီရန်နိုင်ငံ၏ သန့်စင်ပြီး ယူရေနီယံသတ္တု သိုလှောင်ထားရှိမှုမှာ သဘောတူညီထားသည့် ပမာဏထက် ပိုများနေသည်ဟု IAEA က ပြောသည်။ မထုတ်ပြန်ရသေးသည့် အစီရင်ခံစာများတွင် ရေးသားထားသော အဆိုပါတွေ့ရှိချက်များနှင့် ပတ်သက်၍ IAEA က လာမည့်ဇွန်လတွင် ဆွေးနွေးဖွယ်ရှိသည်။ အမေရိကန်နိုင်ငံက ၂၀၁၅ ခုနှစ် နျူကလီးယားဖျက်သိမ်းရေးသဘောတူစာချုပ်မှ နုတ်ထွက်ပြီးခဲ့နောက် အီရန်နိုင်ငံနှင့် တင်းမာမှု မြင့်တက်နေချိန်တွင် ယခုကဲ့သို့ အခြေအနေ ပေါ်ပေါက်လာခဲ့သည်။ အီရန်နိုင်ငံက နျူကလီးယားလက်နက် ထုတ်လုပ်ရန် ကြိုးပမ်းနေခြင်းမဟုတ်ကြောင်း၊ ယင်းတို့၏ နျူကလီးယားစီမံကိန်းမှာ ငြိမ်းချမ်းသည့်အသွင်ဆောင်ကြောင်း အီရန်နိုင်ငံက ထပ်ဖန်တလဲလဲ ပြောခဲ့ဖူးသည်။
(KNT)