ဇွန် ၆ ဘာမာကို
မာလီနိုင်ငံ စစ်ဆင်ရေးတွင် အာဖရိကတိုက်မြောက်ပိုင်းရှိ အယ်လ်ကေးဒါးအဖွဲ့ခေါင်းဆောင် ဒရွတ်ဒဲလ်ကို အသေဖမ်းဆီးနိုင်ခဲ့ကြောင်း ပြင်သစ်နိုင်ငံက ပြောသည်။ ပြီးခဲ့သည့်ဗုဒ္ဓဟူးနေ့က မာလီနိုင်ငံမြောက်ပိုင်းတွင် ဒရွတ်ဒဲလ်နှင့် အတွင်းစည်းအဖွဲ့ဝင်များကို အသေဖမ်းမိခဲ့ခြင်းဟု ပြင်သစ်နိုင်ငံ ကာကွယ်ရေးဝန်ကြီး ပါလေက ပြောသည်။ ပြီးခဲ့သည့်မေလ စစ်ဆင်ရေးတွင် ပြင်သစ်တပ်ဖွဲ့များက မာလီနိုင်ငံရှိ IS အဖွဲ့ ထိပ်တန်းခေါင်းဆောင် တစ်ဦးကိုလည်း ဖမ်းမိခဲ့ကြောင်း ပါလေက ဆိုသည်။ '' ရဲစွမ်းသတ္တိပြောင်မြောက်တဲ့ စစ်ဆင်ရေးတွေက အကြမ်းဖက်အဖွဲ့တွေအတွက် ပြင်းထန်တဲ့ထိုးနှက်ချက်ဖြစ်စေခဲ့ပါတယ်''ဟု ပါလေက ဆိုသည်။
အသက် ၅၀ ဝန်းကျင်ရှိသည့် ဒရွတ်ဒဲလ်မှာ အာဖဂန်နစ္စတန်စစ်ပွဲတွင် ဆိုဗီယက်စစ်သည်များကို ရင်ဆိုင် တိုက်ခိုက်ခဲ့ဖူးသူဖြစ်ပြီး အီရတ်နိုင်ငံဆိုင်ရာ အယ်လ်ကေးဒါးအဖွဲ့ခေါင်းဆောင် အယ်လ်ဇာကွာရီကို လေးစားအားကျသူဖြစ်သည်။ AQIM အဖွဲ့ခေါင်းဆောင်ဖြစ်သည့် ဒရွတ်ဒဲလ်မှာ အာဖရိကတိုက်မြောက်ပိုင်းရှိ လက်အောက်ခံအဖွဲ့အားလုံးနှင့် အယ်လ်ကေးဒါးအဖွဲ့၏ ဆာဟယ်ဒေသ လက်အောက်ခံအဖွဲ့ဖြစ်သည့် JNIM အဖွဲ့တို့ကို ကြီးကြပ်ကွပ်ကဲရသူဖြစ်သည်။
(KNT)