နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
စွန့်ပစ်အမှိုက်များ အကျိုးရှိစွာ ပြန်လည်အသုံးချရေး

မြန်မာနိုင်ငံရှိ မြို့ကြီးများတွင် လူဦးရေထူထပ်များပြားလာ သည်နှင့်အမျှ စွန့်ပစ်အမှိုက်များလည်း တောင်လိုပုံကာ တစ်နေ့ တခြား ထုထည်ကြီးမားလာသည်။  ရန်ကုန်မြို့တော်စည်ပင် သာယာရေးကော်မတီ  နယ်နိမိတ်အတွင်းရှိ  မြို့နယ်များမှ တစ်ရက်လျှင် အမှိုက်တန်ချိန် ၂၇၀၀ ကျော် ထွက်ရှိကြောင်း သိရသည်။


အဆိုပါအမှိုက်များထဲတွင် အော်ဂဲနစ် ၇၉ ရာခိုင်နှုန်း၊ စက္ကူ နှင့် ချည်မျှင် ၁၃ ရာခိုင်နှုန်း၊ ပလတ်စတစ် ၁၀ ရာခိုင်နှုန်းနှင့် ကျန်ပစ္စည်း ရှစ်ရာခိုင်နှုန်းကျော်ရှိကြောင်း သိရသည်။ အဆိုပါ အမှိုက်များ ကို မြို့နေပြည်သူများက သတ်မှတ်ထားသော အမှိုက်ပုံးများ တွင်လည်းကောင်း၊ နီးစပ်ရာ သင့်ရာနေရာများတွင်လည်းကောင်း စွန့်ပစ်ကြသကဲ့သို့ ကြုံသလိုစွန့်ပစ်မှုများလည်း ရှိနေသည်။ အများစုမှာ ကြုံလျှင်ကြုံသလို လွယ်လင့်တကူ စွန့်ပစ်နေကြသည်။


သန့်ရှင်းသော မြို့တော်ကြီးဖြစ်လာစေရန် ဆောင်ရွက်ရာ၌ မြို့တော်သူမြို့တော်သားများ၏ စည်းကမ်းတကျ အမှိုက်စွန့်ပစ်မှု များသည် အဓိကကျပေရာ မြို့တော်သူမြို့တော်သားများအားလုံး ပါဝင်လက်တွဲမှသာ ယင်းကိစ္စအောင်မြင်နိုင်ပေမည်။ ယခင်ကာလ များက အမှိုက်များကိုရှင်းလင်းရာတွင် မြေကျင်းတူးမြှုပ်နှံခြင်း၊ မီးရှို့ဖျက်ဆီးခြင်းနှင့် စုပုံဆွေးမြေ့စေခြင်းဖြင့် အမှိုက်ပြဿနာကို ဖြေရှင်းခဲ့ကြသည်။


ခေတ်မီတိုးတက်ပြောင်းလဲနေသော နိုင်ငံတကာနယ်ပယ်၌ စွန့်ပစ်အမှိုက်များကို နည်းပညာများအသုံးပြု၍ ပြန်လည် အသုံးချလျက်ရှိရာ ဂျပန်နိုင်ငံ၌ စွန့်ပစ်ပလတ်စတစ်အမှိုက် တိုက်ဖျက်ရေးအတွက် တစ်ခါသုံးပလတ်စတစ်များနေရာတွင် အစားထိုးရန် ဂျပန်စက္ကူကုမ္ပဏီများသည် ထုတ်ကုန်များ ပိုမို ထုတ်လုပ်လာကြသည်ဟု အင်န်အိပ်ချ်ကေသတင်းတွင် ဖော်ပြ ထားသည်။ ဂျပန်နိုင်ငံ စီးပွားရေးလုပ်ငန်းများအနေဖြင့် တစ်ခါသုံး ပလတ်စတစ်အမြောက်အမြား အသုံးပြုနေကြောင်း၊ ပလတ်စတစ် စွန့်ပစ်အမှိုက်များလျှော့ချရန် လုပ်ဆောင်ရာတွင် နိပွန်စက္ကူ ကုမ္ပဏီသည် စာသင်ကျောင်းများတွင် တိုက်ကျွေးသည့်နွားနို့ ထည့်သော ကတ်ထူဘူးများကို ပြုလုပ်နေရာ ဧပြီလကုန်ပိုင်းတွင် ဂျပန်နိုင်ငံ မြို့နယ်ပေါင်း ၁၇၀ တွင် အသုံးပြုမည်ဟု ဖော်ပြထား သည်။ 


ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ၊ မြို့ပြ ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သန့်ရှင်းရေးဌာနသည် သစ်ရွက်၊ သစ်ကိုင်းကြီးများ၊ ခုတ်၊ ဖြတ်၊ ခွဲစက်မှထွက်ရှိသည့် အပိုင်းအစ များကို လောင်စာတောင့်ပြုလုပ်ခြင်း၊ အလားတူ စွန့်ပစ် ဟင်းသီးဟင်းရွက်များနှင့် EM ဘိုကာရှီ သဘာဝမြေဩဇာပြုလုပ် ကာ တစ်အိတ်လျှင် ကျပ် ၁၀၀၀ ဖြင့် တောင်သူများသို့ ရောင်းချ ပေးခြင်းတို့ဖြင့် အကျိုးရှိစွာ ပြန်လည်အသုံးပြုလျက်ရှိသည်။


ယင်းသို့ဆောင်ရွက်ခြင်းဖြင့် နောက်ဆုံးစွန့်ပစ်အမှိုက်ပုံများ သို့ အမှိုက်များ ဝင်ရောက်မှုလျော့နည်းသက်သာစေရေး Reduce ပြုလုပ်နိုင်ရန်နှင့် ပြန်လည်အသုံးပြုရေး Reuse ပြုလုပ်ခြင်းသည်၊ အမှိုက်စွန့်ပစ်စီမံခန့်ခွဲမှုကို အထောက်အပံ့ဖြစ်စေမည်ဖြစ်သည်။


စွန့်ပစ်အမှိုက်များကို အကျိုးရှိစွာပြန်လည်အသုံးချခြင်းဖြင့် မြို့ပြပတ်ဝန်းကျင်သန့်ရှင်းသပ်ရပ် ကြည်လင်လန်းဆန်းသော မြို့တော်ကြီးဖြစ်ပေါ်လာရေးအတွက် ကြိုးပမ်းဆောင်ရွက်လျက် ရှိရာ၊ မြို့တော်နေပြည်သူများကပါ  ပူးပေါင်းပါဝင်ကြရန် တိုက်တွန်းအပ်ပေသည်။      ။






အခြားဆက်စပ်သတင်းများ