နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ဂုဏ်ယူဝင့်ကြွား-အိပ်မက်တံတား

စော်ကဲမြစ်သည် ရေစီးသန်သည်။ လေးခွဆိုင် မြစ်ပြင်ကျယ်ဖြစ်သည်။ ဧရာဝတီမြစ်ကြီး၏ မြစ်လက်တက်ဟုဆိုလျှင် မမှားပေ။ စာရေးသူ တို့ ငယ်စဉ်က ကျွန်းကြီးကမ်းခိုသို့ စက်လှေ ဖြင့် သွားလျှင် စော်ကဲမြစ်လေးခွဆိုင်ကို ဖြတ် ကျော်ရသည်။ စော်ကဲမြစ်က လှိုင်းကြီးသည်။ မြစ်ကျယ်သည်။ စော်ကဲမြစ် ရေလယ်ခေါင် အရောက်တွင် ကြောက်စိတ်ဝင်လာသဖြင့် ရင်ထဲ တထိတ်ထိတ်။


အခုတော့။ မြို့နယ်ပြည်သူများသည် မော်တော်ယာဉ်မျိုးစုံဖြင့် စော်ကဲမြစ်ကူးတံတား ပေါ်မှ တငြိမ့်ငြိမ့်၊ တသိမ့်သိမ့်ဖြတ်သန်းကာ စော်ကဲမြစ်၏ အလှကို ကြည့်ရှုခံစားနိုင်ကြပြီ ဖြစ်သည်။ 


ယင်းစော်ကဲမြစ်ကို ဖြတ်ကျော်၍ စော်ကဲ မြစ်ကူးတံတားကို ဆောက်လုပ်ရေးဝန်ကြီးဌာန၊  တံတားဦးစီးဌာန၊ တံတားတည်ဆောက်ရေး အဖွဲ့ ၂ က ၂၀၁၇ ခုနှစ် ဇူလှိုင် ၁ ရက်မှ စတင်၍ တာဝန်ယူ တည်ဆောက်ပေးခဲ့ခြင်းဖြစ်ကြသည်။


မော်လမြိုင်ကျွန်းမြို့နှင့် တစ်ဆက်တည်း တည်ရှိနေသော စော်ကဲမြစ်မှာ ကျယ်ပြောလှ သဖြင့် "ဤနေရာတွင် မြစ်ကူးတံတားတစ်စင်း ပေါ်ပေါက်လာမည်ဟု၊ မည်သူမျှမထင်ခဲ့။ စိတ်ကူးယဉ်သဘောမျိုးဖြစ်သာ ပြောဆိုခဲ့ကြ သည်။ 


ယခုတော့။ စိတ်ကူးယဉ် "အိပ်မက်တံတား" မဟုတ်တော့။ အမှန်တကယ်ပင် ပေါ်ထွန်းလာ ခဲ့သည်။

စာရေးသူအား မတ် ၈ ရက်က Pro Box မော်တော်ကားကလေးဖြင့် ပုသိမ်မြို့ခရီးစဉ် တွင် လိုက်ပါခဲ့ရန် သူငယ်ချင်းများက ဖိတ်ခေါ် သဖြင့် လိုက်ဖြစ်ခဲ့ပါသည်။ ခရီးစဉ်တွင် မော်လမြိုင်ကျွန်း၊ ဝါးခယ်မ၊ မြောင်းမြ၊ ပုသိမ်မြို့ သို့ ဒုတိယဆက်သွယ်ရေးလမ်းကြောင်းမှ သွား ရောက်ကြမည်ဖြစ်သည်။


စာရေးသူမှာ မော်လမြိုင်ကျွန်း၊ မအူပင်၊ ပုသိမ်လမ်းမှ ပုသိမ်မြို့သို့ အကြိမ်ကြိမ်ရောက် ဖူးသော်လည်း  မော်လမြိုင်ကျွန်း၊ ဝါးခယ်မ၊ မြောင်းမြ၊ ပုသိမ် ဒုတိယဆက်သွယ်ရေးလမ်း ကြောင်းမှမူ တစ်ခါမျှ မသွားဖူးသေးချေ။ 


နံနက် ၅ နာရီခွဲတွင် မော်လမြိုင်ကျွန်းမြို့မှ Probox မော်တော်ကားလေးဖြင့် စတင်ထွက်ခွာ ခဲ့သည်။ ကတ္တရာလမ်းမများပေါ်ဝယ် နှင်းဇာလွှာ ပါးပါးလွှမ်းခြုံထားသည့်နှယ် နှင်းခိုးနှင်းငွေ့များ က ယှက်သန်းနေသည်။ 


ပတ်ဝန်းကျင်တစ်ခုလုံး နှင်းငွေ့များဖြင့် နေရာယူထားကြသည်။ မကြာပါ နံနက် ၆ နာရီခန့်တွင် မော်လမြိုင်ကျွန်းမြို့နယ် စော်ကဲမြစ်ကူးတံတားပေါ်သို့ ရောက်ရှိလာတော့ သည်။ စော်ကဲမြစ်ပြင်ကျယ်မှ ဖြတ်သန်း တိုက်ခတ်လာသော လေနုအေးကလေးများကြောင့် ချမ်းတစိမ့်စိမ့်ဖြစ်လာသည်။ အအေးဓာတ်က မင်းမူကြီးစိုးနေဆဲပင်။ 


ယင်းစော်ကဲမြစ်ကူး တံတားပေါ်ဝယ်.... မော်လမြိုင်ကျွန်း-ပုသိမ် ဒုတိယဆက်သွယ်ရေး လမ်းကြောင်း၏ အရေးပါပုံနှင့် ခရီးအကွာအဝေး အကြောင်း သူငယ်ချင်းနှင့် စကားလက်ဆုံကျမိ ကြသည်။ ခရီးအကွာအဝေးကို တွက်ကြည့်လျှင် ပုသိမ်-မော်လမြိုင်ကျွန်း ဒုတိယဆက်သွယ်ရေး လမ်းကြောင်းခရီးစဉ်သည် ၇၃ မိုင်သာ ကွာဝေးသည်။ နာရီအားဖြင့် သုံးနာရီသွားလျှင် မော်လမြိုင်ကျွန်းမှ ပုသိမ်မြို့သို့ ရောက်သည်။


စာရေးသူတို့ ယခင်အသုံးပြုနေသော ပထမ ဆက်သွယ်ရေးလမ်းကြောင်း မော်လမြိုင်ကျွန်း၊ မအူပင်၊ ပုသိမ်ခရီးလမ်းကြောင်းထက် အချိန်အား ဖြင့် လေးနာရီ ပိုမိုသက်သာပြီး ခရီးမိုင်အားဖြင့်  ၇၇ မိုင် သက်သာသွားမည်ဖြစ်သည်။


ယင်းစော်ကဲမြစ်ကူးတံတားမှာ ဒေသဖွံ့ဖြိုးအလှ တိုးစေသည့် ဂုဏ်ယူဖွယ် မြစ်ကူးတံတားတစ်စင်း ဖြစ်သည်။ စော်ကဲမြစ်ကူးတံတားတည်ဆောက် ပြီးစီးသွား၍ လမ်းပန်းဆက်သွယ်ရေး ပိုမိုချောမွေ့ မြန်ဆန်လာသည်။


မော်လမြိုင်ကျွန်းမြို့နယ် ဂုဏ်ဆောင် စော်ကဲ မြစ်ကူးတံတားသည် အရှည်ပေ ၂၄၆၀ ယာဉ်သွား လမ်းအကျယ် ၂၄ ပေနှင့် လူသွားလမ်းအကျယ် တစ်ဖက် သုံးပေစီရှိသည်။ 


ရေလမ်းကင်းလွတ် အမြင့်ပေ ၄၀ နှင့် ရေလမ်းကင်းလွတ်အကျယ်ပေ ၂၄၀ ရှိသည်။ ပင်မတံတားမှာ သံမဏိသံပေါင်တံတား အမျိုး အစား ဖြစ်သည်။


ဧရာဝတီတိုင်းဒေသကြီး၏ လမ်းပန်းဆက် သွယ်ရေးနှင့် ဖွံ့ဖြိုးတိုးတက်မှုလုပ်ငန်းအဖြာဖြာ တို့တွင် စော်ကဲမြစ်ကူးတံတားသည် အတိုင်းအတာ တစ်ခုအထိ အထောက်အကူပြုလျက်ရှိနေပြီဖြစ် သည်။


ယခင်က ပုသိမ်မြို့သို့ ဆက်သွယ်ရေးလမ်း ကြောင်းတစ်ကြောင်းတည်းကိုသာ အားကိုးအား ထားပြုသွားလာနေကြရသော ဧရာဝတီတိုင်းဒေသ ကြီး၏ အရှေ့ခြမ်းမြို့နယ်များ ဖြစ်ကြသည့် မော်လမြိုင်ကျွန်း၊ ဘိုကလေး၊ ဖျာပုံ၊ ဒေးဒရဲနှင့် ကျိုက်လတ်မြို့နယ်များသည် ယခုအခါ ဆက်သွယ်ရေးလမ်းကြောင်း တစ်ကြောင်းတည်း သာမဟုတ်တော့ဘဲ ဒုတိယဆက်သွယ်ရေးလမ်း ကြောင်းဖြစ်သည့် မော်လမြိုင်ကျွန်း၊ ဝါးခယ်မ၊ မြောင်းမြ၊ ပုသိမ်၊ ဒုတိယဆက်သွယ်ရေး လမ်းကြောင်းကိုပါ အသုံးများလာကြ သည်။


ဧရာဝတီတိုင်းဒေသကြီ အရှေ့ဘက်ခြမ်း မှ ကုန်စည်များကို အနောက်တောင်ဘက် ခြမ်းဆီသို့ နေ့ချင်းပြန် ပို့ဆောင်ရောင်းဝယ် နိုင်ကြသည်။ ကုန်စည်ဈေးကွက်အရောက် အတားအဆီးမရှိ ပို့ဆောင်ရောင်းဝယ်နိုင်ကြ သည်။ အချင်းချင်းလည်း ဈေးနှုန်းသတင်း၊ ဈေးကွက်သတင်း၊ ဖလှယ်နိုင်ကြ သည်။


ဤသို့ဤနှယ် လမ်းပန်းဆက်သွယ်ရေး၏ ဖွံ့ဖြိုးတိုးတက်မှု ရလဒ်ကောင်းများကို မော်လမြိုင်ကျွန်း၊ ဘိုကလေး၊ ဖျာပုံ၊ ဒေးဒရဲ၊ ကျိုက်လတ်၊ ဝါးခယ်မ၊ မြောင်းမြနှင့်ပုသိမ် မြို့နယ်တို့ ထူးခြားသည့် လမ်းပန်းဆက်သွယ် ရေးကွန်ရက် ပေါ်ထွန်းလာသည်။


ယခင်က ဧရာမြေသည် တစ်မြို့နယ်နှင့် တစ်မြို့နယ် ကုန်းလမ်းခရီး မော်တော်ကား ဖြင့် ဆက်သွယ်သွားလာမှု နည်းပါးခဲ့ကြသည်။ ယခုတော့ ဧရာမြေတစ်ခွင်မြစ်ကူးတံတားကြီး များဖြင့် ပေါင်းကူးဆက်သွယ်ဆက်ဆံကြသော အခါ ဧရာမြေ၏အလှသည်ပိုမိုတင့်တယ်လှပ လာသည်။ အလှပေါ် အယဉ်ဆင့်အသွင်တင့် လာသည်။


ယခုမော်လမြိုင်ကျွန်းမှ ပုသိမ်မြို့သို့ ဒုတိယ ဆက်သွယ်ရေးလမ်းကြောင်းဖြင့် ဆက်သွယ် ခရီးလမ်းဖောက်လိုက်သောအခါ အချိန်တိုတို ဖြင့် လိုရာခရီးသို့ ရောက်ရှိနိုင်ကြပြီဖြစ်သည်။ ပုသိမ်ခရီးအနီးကလေးပါ ခရီးမဝေးပါဟုသာ စာရေးသူဆို လိုက်ချင်ပါတော့သည်။


ယင်းဒုတိယဆက်သွယ်ရေးလမ်းကြောင်း တွင် အရေးပါသော မြစ်ကူးတံတားကြီးများမှာ စော်ကဲမြစ်ကူးတံတား တံတားအရှည် ၂၄၆၀ ပေ၊ ကျွန်းပြဿဒ်မြစ်ကူးတံတား၊ တံတား အရှည် ၂၃၆၀ ပေ နှင့် ကျွန်းကုန်းမြစ်ကူးတံတား၊ ၇၈၇ ပေ ၅ လက်မတို့ ဖြစ်ကြသည်။ ဤအထဲ တွင် စော်ကဲမြစ်ကူးတံတားကြီးက ပေအရှည် ဆုံး တံတားကြီးဖြစ်သည်။


လမ်းပန်းဆက်သွယ်ရေး ဖွံ့ဖြိုးတိုးတက်မှု ကြောင့် ဧရာဝတီတိုင်းဒေသကြီတစ်ခုလုံး လိုက်ဖက်ညီစွာ ဖွံ့ဖြိုးတိုးတက်လာသည့် နည်းတူ ရေပတ်လည်ဝိုင်းရံလျက်ရှိသော ကျွန်းစု မြို့ဟု တင်စားခေါ်ဝေါ်ခံရသော မော်လမြိုင် ကျွန်းမြို့သည်လည်း လမ်းပန်းဆက်သွယ်ရေး ၏ အကျိုးကျေးဇူးကြောင့် တစ်မူထူးခြား ဖွံ့ဖြိုးတိုးတက်လာနေပြီ ဖြစ်သည်။        ။

မော်ကျွန်း-မြင့်အောင်






အခြားဆက်စပ်သတင်းများ