နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
အနာဂတ်ဘဝ အာမခံချက်အတွက် နည်းလမ်းမှန်ကန်စွာ ကြိုးပမ်း

မကြာမီ တက္ကသိုလ်ဝင်တန်းစာမေးပွဲ ကျင်းပတော့မည်။ ကျောင်းသား၊ ကျောင်းသူများ စာမေးပွဲဖြေဆိုရန် ပြင်ဆင်နေကြပြီ။ အချို့က ဘာသာရပ်အလိုက် အချိန်ဇယားများရေးဆွဲလျက် ကျက်မှတ်နေကြသည်။ အချို့က ဘာသာရပ်အလိုက် အရေးကြီး သော အခန်းများကိုသတ်မှတ်၍ ကျက်မှတ်နေကြသည်။ အချို့က ဘာသာရပ်အလိုက် အခန်းတိုင်းကိုကြေညက်အောင် ကျက်မှတ် ကြသည်။


မည်သို့ပင်ဆိုစေ၊ စာမေးပွဲခန်းထဲရောက်လျှင် မေးခွန်းပေါ် မူတည်၍ မိမိကျက်မှတ်ထားသော ကျောင်းစာများကို ပြန်လည် အမှတ်ရကာ ဖြေကြားနိုင်ကြဖို့ပင် ဖြစ်သည်။ ဖြေကြားကြသူများ အားလုံးထဲမှ သင်ခန်းစာများ ကျေကျေညက်ညက် တတ်မြောက် ထားကြသော ကျောင်းသား၊ ကျောင်းသူများသည် အောင်မြင်ခြင်း ပန်းတိုင်ကို ဂုဏ်ထူးများအပါအဝင် ဆွတ်ခူးနိုင်ကြမည်ဖြစ်သည်။ 


တက္ကသိုလ်ဝင်ကျောင်းသား၊ ကျောင်းသူများသည် တက်သစ်စ လူငယ်ဆယ်ကျော်သက်များဖြစ်၍ မှတ်ဉာဏ်အား၊ စာကျက်အား ကောင်းသည့် အရွယ်များဖြစ်ကြသည်။ အလားတူစိတ်အာရုံများ တတ်သော အရွယ်လည်းဖြစ်သည်။ ယခုကာလတွင် ကျောင်းစာ ကျက်မှတ်ခြင်းနှင့်အတူ သတိပြုရမည့်အချက်မှာ ကျန်းမာရေးပင် ဖြစ်သည်။ စာမေးပွဲချိန်ရောက်မှ ကျန်းမာရေးမကောင်းလျှင် ကျက်မှတ်ထားသော သင်ခန်းစာများ အလဟဿဖြစ်ပေမည်။ 


စာမေးပွဲနီးလာချိန်တွင် အချို့မှာ အိပ်ချိန်၊ စားချိန်၊ အနားယူချိန်လျှော့ကာ ကျောင်းစာများအပေါ်၌သာ အဓိက ထားတတ်ကြသည်။ အချို့မှာ ကြုံတွေ့လာနိုင်သည့်မေးခွန်းများ ကို တွေးတောကာ အာရုံများကြရသည်။ ထိုကာလမျိုးတွင် အာဟာရပြည့်ဝကျန်းမာစေရန် အစားအစာကို အချိန်မှန်စားခြင်း၊ သင့်တင့်မျှတသည့် အနားယူခြင်းနှင့် အချိန်မှန်အိပ်စက်ခြင်းတို့ အထူးလိုအပ်ချိန်ဖြစ်သည်။


ကျောင်းသား၊ ကျောင်းသူတိုင်းသည် ရည်မှန်းချက်ပန်းတိုင်ကို ပန်းဝင်နိုင်အောင် ကြိုးစားကြရမည်ဖြစ်သည်။ မိဘတိုင်းကလည်း မိမိတို့သားသမီးများအား ပညာတတ်၊ အကျော်အမော်များ ဖြစ်စေလိုကြသည်။ အချို့မှာ စီးပွားရေးအဆင်ပြေသကဲ့သို့ အချို့မှာ အဆင်မပြေကြ။ သို့သော် မိမိသားသမီးများအား ထူးချွန်အောင်မြင်လိုသော ဆန္ဒမှာ အတူတူပင်ဖြစ်၏။


စာမေးပွဲနီးလာသည်နှင့်အမျှ စာမေးပွဲများ ဖြေဆိုကြမည့် သူများသည် မိမိကျက်မှတ်ထားသော ကျောင်းစာများအပေါ် တွင် အလေးထားကာ စိတ်တည်တည်ငြိမ်ငြိမ်ဖြင့် ပြန်လှန် လေ့ကျင့်ခန်းများ ကျေညက်အောင်ပြုလုပ်ခြင်းဖြင့် အသင့် ပြင်ဆင်ထားကြရမည်ဖြစ်သည်။ 


တစ်နည်းအားဖြင့် ကျောင်းသား၊ ကျောင်းသူများအနေဖြင့် စာမေးပွဲနီးလာသည်နှင့်အမျှ ကျောင်းစာမှအပ ပွဲလမ်းသဘင်၊ အပျော်အပါးများ လျှော့ချ၍ ကျန်းမာရေးကိုလည်း ဂရုပြု စောင့်ရှောက်ကာ အနာဂတ်ဘဝ လှပသာယာရေးအတွက် အာမခံချက်ဖြစ်လာနိုင်သည့် တက္ကသိုလ်ဝင်တန်းစာမေးပွဲတွင် ထူးချွန်စွာအောင်မြင်အောင် ကြိုးပမ်းအားထုတ်ကြရန် တိုက်တွန်း အပ်ပေသည်။      ။






အခြားဆက်စပ်သတင်းများ